ကစီကြွယ်ဝသည့် သစ်ဥသစ်ဖုများ၏ အာဟာရနှင့် ကျန်းမာရေး

Dr_2

Dr_3

Dr_4

ကစီကြွယ်ဝသည့် သစ်ဥသစ်ဖုများ၏ အာဟာရနှင့် ကျန်းမာရေး

            အချို့သောအပင်တွေဟာ အာဟာရတွေကို မြေအောက်မှာရှိတဲ့ အစိတ်အပိုင်းတွေမှာ စုဆောင်းထားတတ်ကြပါတယ်။ အပင်ရဲ့ အာဟာရတွေ စုဆောင်းထားရာ မြေအောက်အစိတ်အပိုင်းတွေဟာ တကယ်တော့ ပင်စည် (Stem) လျှင်လည်း ဖြစ်နိုင်ပါတယ်။ အမြစ် (Root) လျှင်လည်း သစ်ဥလျှင်လည်း ဖြစ်နိုင်ပါတယ်။ ရုက္ခဗေဒပညာရှင်တွေကတော့ ပင်စည်လား၊ အမြစ်လား၊ ဥလားဆိုတာ ခွဲခွဲခြားခြား သိကြပါတယ်။ အရပ်သားတွေကတော့ ပင်စည်ရည်၊ အမြစ်ရယ်၊ ဘာရယ် ခွဲမနေတော့ဘဲ အဲဒီအစိတ်အပိုင်းတွေကို သစ်ဥသစ်ဖုတွေလို့ပဲ သိမ်းကျုံးပြီး ခေါ်ကြပါတယ်။ မြန်မာတွေ သစ်ဥသစ်ဖုလို့ခေါ်တဲ့ စားစရာတွေကို ကစီကြွယ်ဝတဲ့ (Starchy) သစ်ဥသစ်ဖုတွေနှင့် ကစီမကြွယ်ဝတဲ့ (Non Starchy) သစ်ဥသစ်ဖုတွေဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။ ဥပမာ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပီလောပီနံဥ၊ အာတာလွတ်ဥ စတာတွေဟာ ကစီကြွယ်ဝတဲ့ သစ်ဥသစ်ဖုတွေဖြစ်ပြီး၊ မုန်လာဥ၊ ကြက်သွန်ဥ စတာတွေဟာ ကစီမကြွယ်ဝတဲ့ သစ်ဥတွေဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ မြန်မာတွေ စားနေကျ ကစီကြွယ်ဝတဲ့ သစ်ဥသစ်ဖုတွေအကြောင်း ပြောချင်တာပါ။

ကစီဆိုသည်မှာ

            ‘ဝါးဖပ်တော် ကစီနှစ်နဲ့ လူဖြစ်အောင် ကျွေးမွေးပြုစုရတယ်’ ဆိုတဲ့ စကားရှိပါတယ်။ ရှေးယခင်က မြန်မာမိခင်တွေဟာ ထမင်းကို မိမိပါးစပ်နှင့် ကြေညက်အောင်ဝါးပြီး လသားအရွယ်ကလေးငယ်တွေကို ခွံ့ကျွေးတဲ့ ဓလေ့ရှိခဲ့ပါတယ်။ ထမင်းမှာ ကစီဓာတ်ကြွယ်ဝတဲ့အတွက် မိခင်ဝါးထားတဲ့ ထမင်းကို ‘ဝါးဖပ်တော် ကစီနှစ်’လို့ ပြောတာပါ။ ခုခါမှာတော့ မိခင်ရဲ့ပါးစပ်ထဲက ရောဂါတွေ၊ မိခင်ရဲ့တံတွေးမှာ ခိုအောင်းနေနိုင်တဲ့ ရောဂါပိုးတွေရဲ့ အန္တရာယ်က ကင်းဝေးအောင် ကလေးတွေကို ထမင်းဝါးပြီး မခွံ့ဖို့ ပညာပေးကြပါတယ်။

            အနောက်တိုင်းအာဟာရပညာအလိုအရ ကစီဟာ ကာဗိုဟိုက်ဒရိတ် (Carbohydrate) ဆိုတဲ့ အာဟာရအုပ်စုမှာ ပါပါတယ်။ ကာဗိုဟိုက်ဒရိတ်ဆိုတဲ့ အာဟာရအုပ်စုမှာ (၁) ကစီ (Starch) ၊  (၂) သကြား (Sugar) နှင့် (၃) အစာမျှင် (Dietary Fibre) ဆိုပြီး အာဟာရအမျိုးအစား သုံမျိုးပါဝင်ပါတယ်။ ကစီ (Starch) ဆိုတာ ကာဗိုဟိုက်ဒရိတ် သုံးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ အစားအစာတွေမှာပါတဲ့ ကစီတွေဟာ အူထဲမှာ အစာကြေသွားတဲ့အခါ နောက်ဆုံးမှာ ဂလူးကို့စ်သကြားတွေဖြစ်ပြီး၊ သွေးထဲကို ဝင်သွားပါတယ်။ သွေးထဲက ဂလူးကို့စ်ကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ရယူပြီး အင်အားထုတ်လုပ်ကြပါတယ်။ အဲဒီအင်အားနှင့် ကြွက်သားတွေက လှုပ်ရှားကြပါတယ်။ နှလုံးက ခုန်ပါတယ်။ ဦးနှောက်က စဉ်းစားပါတယ်။ အခြားအင်္ဂါ အစိတ်အပိုင်းတွေကလည်း သက်ဆိုင်ရာ အလုပ်တွေကို လုပ်ကြပါတယ်။

ကစီကြွယ်ဝတဲ့ သစ်ဥသစ်ဖုများ

            လူတွေဟာ အိပ်နေတဲ့ အချိန်မှာပင် အသက်ရှူတာ နှလုံးခုန်တာတွေ လုပ်နေရတာဆိုတော့ အင်အားကို အမြဲလိုအပ်နေပါတယ်။ လတ်တလော လိုအပ်နေတဲ့ အင်အားကို ဖြည့်ဆည်းပေးနေတဲ့ အာဟာရက ကာဗိုဟိုက်ဒရိတ်ဆိုတော့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်တဲ့ ကစီကြွယ်ဝတဲ့ ဆန်ဂျုံစတဲ့ ကောက်နှံတွေဟာ လူတွေနေ့စဉ် အများဆုံးစားသုံးရတဲ့ အစားအစာတွေ ဖြစ်နေပါတယ်။ ဆန်နှင့်ဂျုံကို နေ့စဉ်မစားနိုင်တဲ့ နိုင်ငံတွေ၊ ဒေသတွေမှာ လူတွေဟာ ကစီကြွယ်ဝတဲ့ သစ်ဥသစ်ဖုတွေကို ပင်တိုင်စားကြရပါတယ်။ ဥပမာ အာဖရိက နိုင်ငံအချို့မှာ ပီလောပီနံဥကို ပင်တိုင်စားကြရပါတယ်။ အာလူးကို ပင်တိုင်စားတဲ့ ဒေသတွေလည်းရှိပါတယ်။

            ကစီကြွယ်ဝတဲ့ သစ်ဥသစ်ဖုတွေစားတဲ့အခါ သတိထားရမည့် အချက်နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်က ကလေးကို ကျွေးမယ်ဆိုရင် ပရိုတင်းများတဲ့ ဥတွေက ကြီးထွားမှုအတွက် ပိုကောင်းပါတယ်။ နံပါတ်နှစ်က ဆီးချိုဝေဒနာရှင်တွေ သွေးချိုထိန်းဖို့အတွက်ဆို ရင် ကစီကြွယ်ဝတဲ့ သစ်ဥ သစ်ဖုတွေကို အတိုင်းအဆနှင့် စားသင့်ပါတယ်။ ဆီချိုဝေဒနာရှင် တစ်ယောက်ဟာ ထမင်းကို အာလူးပါတဲ့ ဟင်းတစ်မျိုးနှင့် စားတယ်ဆိုရင် အဲဒီနေ့မှာ စားသုံးတဲ့ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီကို တွက်တဲ့အခါ ထမင်းက ရတာအပြင် အာလူးကရတဲ့ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီကိုပါ ထည့်တွက်ရပါမယ်။ သရေစာအနေနဲ့ အာလူးကြော်ဖြစ်စေ၊ ကန်စွန်းဥပြုတ်ဖြစ်စေ၊ ပီလောပီနံပြုတ်ဖြစ်စေ၊ အာတာလွတ်ဥ ပြုတ်ဖြစ်စေ စားတယ်ဆိုရင်လည်း အဲဒီနေ့အတွက် ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီ စားသုံးမှုကို တွက်တဲ့အခါ အာလူးကြော်/ ကန်စွန်းဥ/ ပီလောပီနံဥ/ အာတာလွတ်ဥကရတဲ့ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီကိုပါ ထည့်တွက်ရပါမယ်။ ဆီးချိုဝေဒနာရှင်အချို့ဟာ သစ်ဥသစ်ဖုတွေစားရင် သွေးချိုတက်တယ်ဆိုတာ မသိကြပါဘူး။ ‘အရသာမှ မချိုပဲ၊ သွေးချိုမတက်ပါဘူး’လို့ ပြောပြီး အားရပါးရ စားနေတာတွေ့ဖူးလို့ သတိပေးတာပါ။

အာလူး

            အာလူးဟာ မြန်မာဓလေ့ဟင်းတွေမှာ အများဆုံးပါလေ့ရှိတဲ့ ဟင်းချက်စရာ ဥတစ်မျိုးဖြစ်ပါတယ်။ ကြက်သား နှင့် အာလူး၊ ဆိတ်သားနှင့် အာလူး၊ ပုစွန်နှင့် အာလူးဟင်းတွေကို ပင်မဟင်းတစ်ခွက်အနေနဲ့ စားကြပါတယ်။ ခရမ်းသီး၊ ရုံးပတီသီးစတဲ့ ဟင်းသီးတွေ နှင့် ကုလားဟင်းချက်တဲ့အခါမှာလည်း အာလူးကို ထည့်ချက်တာရှိပါတယ်။ အာလူးကို ပြုတ်ပြီး ကြာဆံ၊ ဆီချက်၊ ကြက်သွန်ကြော်၊ ပုစွန်ခြောက် စတာတွေနှင့် သုတ်ထားတာလည်း စားဖူးပါတယ်။ စားသောက်ဆိုင်တွေမှာတော့ အာလူးနှင့်ချက်တဲ့ ဟင်းလျာတွေ ပြောမကုန်အောင် များပါတယ်။ မြန်မာ့ရိုးရာ အစားအစာ မဟုတ်ပေမဲ့ အာလူးပူရီ၊ အာကူးကတ်တလိတ် စတဲ့ အစားအစာတွေကိုလည်း မြန်မာတွေ နှစ်နှစ်ခြိုက်ခြိုက် စားကြပါတယ်။ အာလူးကြော်ကိုတော့ နိုင်ငံအများအပြားမှာ သွားရည်စာအနေနဲ့ စားတဲ့သူ အလွန်များပါတယ်။

အာလူး၏ အာဟာရ (ဇယား – ၁)

            အာလူးမှာပါတဲ့ ပင်မအာဟာရတွေကို ထမင်းနှင့်ယှဉ်ပြီး ဇယားမှာ ပြထားပါတယ်။ ပရိုတင်းပါဝင်မှုမှာ ထမင်းနှင့် အာလူးမကွာပါဘူး။ အဆီကလည်း အစာနှစ်မျိုးလုံးမှာ ပြောပလောက်အောင် မများတာမို့ ယှဉ်စရာမလိုပါဘူး။ ဒါပေမဲ့ အာလူးမှာ ထမင်းလောက် ကာဗိုဟိုက်ဒရိတ်မများပါဘူး။ ဒါကြောင့် အလေးချိန်ချင်း တူရင် အာလူးကရတဲ့ အင်အား ပမာဏဟာ ထမင်းက ရတာထက် နည်းပါတယ်။ ဗီတာမင်နှင့် သတ္ထုအာဟာရတွေ ကြွယ်ဝမှုမှာလည်း ထမင်းက အာလူးထက်သာပါတယ်။

အာလူးနှင့် ဆီချို

            အာလူးဟာ ကစီများတဲ့အပြင် သွေးချိုတက်တာလည်း မြန်မာပါတယ်။ အာလူးကြော် ၁၅ ချပ် (၂၅-ဂရမ်) စားရင် ဗိုက်မပြည့်ပေမဲ့ ကာဗိုဟိုက်ဒရိတ် ၁၁.၅ ဂရမ်၊ အဆီ ၁၁ ဂရမ်နှင့် ပရိုတင်း ဝ.၉ ဂရမ်လောက် ပါတာမို့၊ ကယ်လိုရီ ၁၄ဝ လောက် ရနိုင်ပါတယ်။ ထမင်းတစ်ပန်းကန်စားသလောက် ကယ်လိုရီများပါတယ်။ ဒါကြောင့် အာလူးကြော်ဟာ ကိုယ်အလေးချိန် ထိန်းနေသူတွေ ရှောင်သင့်တဲ့ အစားအစာမျိုးဖြစ်ပါတယ်။ သွေးချိုတက်တာလည်း မြန်တဲ့အတွက် ဆီးချိုဝေဒနာရှင်တွေ အထူးသတိထားသင့်တဲ့ အစာမျိုးဖြစ်ပါတယ်။ အာလူးကြော်ရမှာ အသုံးပြုတဲ့ ‘ပြန်ကြော်ဆီ’တွေကလည်း ဒုက္ခပေးနိုင်ပါတယ်။ ဘဲဥ ခပ်ကြီးကြီး အရွယ်လောက်ရှိတဲ့ အာလူးတစ်လုံးဟာ အလေးချိန် ၅-ကျပ်သားလောက်ရှိပြီး၊ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ် လောက် ပါပါတယ်။ ကာဗိုဟိုက်ဒရိတ် တစ်ခါစား (One Serving) လို့ သတ်မှတ်ပါတယ်။ ဒီအရွယ် အာလူးသုံးလုံးစားလျှင် ရနိုင်တဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏဟာ ထမင်းတစ်ပန်းကန် (၉-ဇွန်း) စားလျှင် ရနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏနဲ့ ညီပါတယ်။

 ပိန်းဥ (ဇယား – ၂)

            ပိန်းဥ ၁ဝဝ ဂရမ်မှာ ပါဝင်နေတဲ့ ပင်မအာဟာရတွေရဲ့  ပမာဏကို ထမင်းမှာပါတဲ့ အာဟာရတွေနဲ့ နှိုင်းယှဉ်ပြီး အထက်ပါဇယားမှာ ဖော်ပြထားပါတယ်။ ပိန်းဥဟာ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီပါဝင်မှုမှာ ထမင်းနှင့် အနီးစပ်ဆုံး တူညီပါတယ်။ ပိန်းဥမှာ ကျန်းမာရေးကို အကျိုးပြုတဲ့ အစာမျှင် (Fibre) လည်း ကြွယ်ဝပါတယ်။ အစာမျှင်တွေက အူလမ်းကြောင်းရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ သွေးချိုအတက်နှေးစေပါတယ်။ သွေးထဲမှာ ကို လက်စထရောမတက်အောင် ထိန်းပေးပါတယ်။ ပရိုတင်း ပါဝင်မှုမှာတော့ ပိန်းဥဟာ ထမင်းကိုမမှီပါဘူး။ ပိန်းဥမှာ သတ္ထုအာဟာရတွေဖြစ်တဲ့ ဇင့် (Zinc)၊ ကြေနီး (Copper) ၊ သံဓာတ်နှင့် မက်ဂနီစီယမ် (Magnesium) တို့ အနည်းငယ် စီ ပါဝင်နေပါတယ်။ ပိုတက်စီယမ်လည်း အတော်လေး ကြွယ်ဝပါတယ်။ ပိုတက်စီယမ်ဟာ သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်းတို့ကို ထိန်းရာမှာ အသုံးကျသလို အရိုးတွေရဲ့  ကြံ့ခိုင်မှုကိုလည်း အားပေးပါတယ်။ ပိန်းဥမှာ ဗီတာမင်ဘီဆစ် (Vitamin B6)၊ ဖောလစ်အက်ဆစ် (Folic acid) ၊ ဗီတာမင် ဘီတူး (ribo-flavin) ၊ ဆီတာမင် ဘီဝမ်း (Thiamin) နှင့် ပင်တိုသင်းနစ်အက်ဆစ် (Pantothenic) တို့ ပါဝင်ပါတယ်။

 ပိန်းဥနှင့် ဆီးချို

            ပိန်းဥဟာ ကစီကြွယ်ဝတဲ့ သစ်ဥတစ်မျိုးဖြစ်တာကြောင့် ဆီချိုသမားတွေအနေနဲ့ တစ်နေ့တာစားသုံးတဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏကို တွက်တဲ့အခါ ထမင်းကရတဲ့ ကာဗိုဟိုက်ဒရိတ်ကို ထည့်တွက်ရသလို ပိန်းဥကရတဲ့ ကာ ဗိုဟိုက်ဒရိတ်ကိုလည်း ထည့်တွက်ရပါတယ်။ ပိန်းဥ ငါးကျပ်သား (၈ဝ-ဂရမ်) မှာ ကာဗိုဟိုက်ဒရိတ် ၁၆-ဂရမ် လောက် ပါဝင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်တစ်ပွဲ (One Serving) ဖြစ်ပါတယ်။ ပိန်းဥ ၁၅ ကျပ်သားမှာပါတဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏဟာ ထမင်းတစ်ပန်းကန် (၉-ဇွန်း) မှာပါတဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏနှင့် တူပါတယ်။ ပိန်းဥမှာ အာလူးထက် အစာမျှင် သုံးဆလောက် ပိုများပါတယ်။ ဒါကြောင့် သွေးချိုတက်နှုန်း အာလူးထက် နှေးပါတယ်။

ကန်စွန်းဥ (ဇယား – ၃)

            ကန်စွန်းဥ ၁ဝဝ-ဂရမ်မှာ ပါဝင်နေတဲ့ ပင်မအာဟာရတွေရဲ့  ပမာဏကို ထမင်းမှာပါတဲ့ အာဟာရတွေနဲ့ နှိုင်းယှဉ်ပြီး အထက်ပါဇယားမှာ ဖော်ပြထားပါတယ်။ အဆီက အစာနှစ်မျိုးလုံးမှာ ပြောပလောက်အောင် မများတာမို့ ယှဉ်စရာမလိုပါဘူး။ ဒါပေမဲ့ ကန်စွန်းဥမှာ ကာဗိုဟိုက်ဒရိတ်ရော ပရိုတင်းပါ ထမင်းလောက် မများပါဘူး။ ဒါကြောင့် အလေးချိန် ချင်းတူရင် ကန်စွန်းဥကရတဲ့ အင်းအာပမာဏမှာ ထမင်းက ရတာထက် သိသိသာသာ နည်းပါတယ်။ ကန်စွန်းဥ အရွယ်လတ် တစ်လုံးမှာ ကာဗိုဟိုက်ဒရိတ် ၂၆-ဂရမ်လောက် ပါတဲ့အနက် ၃.၈ ဂရမ်ဟာ အစာမျှင်လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ် အမျိုးအစားဖြစ်ပါတယ်။ အစာမျှင်ဟာ သွေးချိုအတက် နှေးစေနိုင်ပါတယ်။ သွေးချိုတက်နိုင်တဲ့ ကာဗိုဟိုက်ဒရိတ် က  ၂၂.၂ ဂရမ်သာဖြစ်ပါတယ်။ ကန်စွန်းဥဟာ အာလူးထက် သွေးတက်နှုန်းနှေးပါတယ်။ ဆီးချိုဝေဒနာရှင်တွေ စားနိုင်တဲ့ သစ်ဥမျိုးဖြစ်ပါတယ်။

            ကြက်ဥသေးသေးအရွယ်လောက်ရှိတဲ့ ကန်စွန်းဥ တစ်ဥဟာ အလေးချိန် ၅၅ ဂရမ်လောက်ရှိပြီး၊ ကာဗိုဟိုက် ဒရိတ် ၁၅ ဂရမ် ပါဝင်ပါတယ်။ ကာဗိုဟိုက်ဒရိတ် တစ်ခါစား (One Serving) ဖြစ်ပါတယ်။ ကန်စွန်းဥ တစ်ဆယ်သား (၁၆ဝ-ဂရမ်) မှာပါတဲ့ ကာဗိုဟိုက် ဒရိတ်ပမာဏဟာ ထမင်းတစ်ပန်းကန်ပြားမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏ နှင့် တူညီပါ တယ်။ ရွှေဝါကန်စွန်းဥမှာ ဘေတာကယ်ရိုတင်း (Beta Carotene) ဆိုတဲ့ အာဟာရဓာတ် ကြွယ်ဝပါတယ်။ ဘေတာကယ်ရိုတင်းဟာ ကျန်းမာရေးကို အကျိုးပြုတဲ့ အင်တီအောက်စိဒင့် (Anti-Oxidant) အာနိသင်ရှိတဲ့အပြင်၊ လူ့ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

ပီလောပီနံဥ

            ပီလောပီနံဥအမှုန့်ကို အာဖရိကနိုင်ငံအချို့မှာ ပင် တိုင်အစာအနေနဲ့ နေ့စဉ်စားကြပါတယ်။ မြန်မာနိုင်ငံမှာ တော့ ပီလောပီနံဥပြုတ်၊ ပီလောပီနံဥပေါင်း၊ ပီလောပီနံဥ ဆနွင်းမကင်း စသဖြင့် သွားရည်စာအဖြစ် စားကြတာများပါတယ်။ ပီလောပီနံဥ ၁ဝဝ-ဂရမ် (၆ ကျပ် တစ်မတ်သား) မှာ ကာဗိုဟိုက်ဒရိတ် ၃၂ ဂရမ်လောက် ပါတာမို့ ကာဗိုဟိုက်ဒရိတ် ၂ ခါပြင် (Two Serving) ဖြစ်ပါတယ်။ ပီလောပီနံဥဟာ သွေးချိုတက်နှုန်းနှေးပါတယ် (GI=46) ။ ဒါပေမဲ့ ပရိုတင်း ၁ ဂရမ်သာ ပါပါတယ်။ ကာဗိုဟိုက်ဒရိတ်သာများပြီး ပရိုတင်းအလွန်နည်းတာကြောင့် ပီလောပီနံကို ပင်တိုင်စားရတဲ့ ဒေသတွေက ကလေးတွေမှာ ပရိုတင်းအင်အားချို့တဲ့မှုပိုပြီး အဖြစ်များပါတယ်။ ပီလောပီနံဥ အဆိပ်သင့်ခြင်း (ကလောဥ တောက်ခြင်း) ဟာ ကလေးတွေမှာ အသက်ဆုံးရှုံးတဲ့ထိ အန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ပီလောပီနံဥ မကျွေးသင့်ပါဘူး။ ပီလောပီနံဥကို ပင်တိုင်စားတဲ့ ဒေသတွေက လူတွေမှာ လည်ပင်းကြီး ရောဂါလည်း အဖြစ်များပါတယ်။

အာတာလွတ်ဥ

            အရှည် ၄ လက်မလောက်ရှိတဲ့ အာတာလွတ်ဥသေးသေး တစ်ဥဟာ အလေးချိန် ၅ဝ ဂရမ် (၃ ကျပ်သား) လောက်ရှိပြီး ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်လောက် ပါဝင်ပါတယ်။ ကာဗိုဟိုက်ဒရိတ် တစ်ခါပြင် (One Serving) ဖြစ်ပါတယ်။ အာတာလွတ်ဥဟာ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများပြီး သွေးချိုတက်နှုန်းလည်း အလွန်မြန်ပါတယ် (GI=95)။ ပရိုတင်း ခေါင်းပါးပါတယ်။ အာတာလွတ်လို့ သစ်ဥသစ်ဖုတွေဟာ သကြားလို မချိုပေမဲ့၊ သွေးချိုတက်တယ်။ သွေးချိုအတက်မြန်တယ်ဆိုတာ အချို့က မသိကြပါဘူး။

ပဲမြစ်

            ပဲမြစ်ပြုတ် ၂ ကျပ်ခွဲသား (၄ဝ ဂရမ်) မှာ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်လောက် ပါဝင်ပါတယ်။ သစ်ဥသစ်ဖု သစ်မြစ်တွေထဲမှာ ပဲမြစ်ဟာ ပရိုတင်းအလွန်ကြွယ်ဝပါတယ်။ ပဲမြစ် ပြုတ် ၇ ကျပ်ခွဲသားမှာ ပရိုတင်း ၆ ဂရမ်လောက် ပါဝင်ပါတယ်။

ထန်းမြစ်

            ၆ လက်မလောက်ရှည်တဲ့ ထန်းမြစ်ပြုတ် တစ်ချောင်းဟာ ၂ ကျပ်ခွဲသားလောက် အလေးချိန်ရှိပြီး ကာဗိုဟိုကဒရိတ် ၁၅ ဂရမ်လောက် ပါဝင်ပါတယ်။ ထန်းမြစ်မှာ ပရိုတင်း ပါဝင်မှု သင့်တင့်ပါတယ်။ ထန်းမြစ်တစ်ဆယ်သားမှာ ပရိုတင်း ၄ ဂရမ်လောက်ပါဝင်ပါတယ်။

   ဒေါက်တာလှကြည် 

Facebook Comments