ပန်းတွေကြားက အတွေးတွေများတဲ့ဟင်း

ADPD_4

ADPD_3

ADPD_2

    ဇူလိုင်လမှာတော့  ဆရာမဒေါ်နန်းစန်းစန်းအေးက ‘ ငါးပုဏ္ဏားဟင်း’ အပါအဝင် ဟင်းလျာအတွဲအစပ် (၇) မျိုးကို စီစဉ်ထားပါတယ်။ အဆိုပါ ဟင်းလျာအတွဲအစပ်များကတော့ –
♣ ၁ ♣    ကကတစ်မရမ်းပြားချက်၊ ကောက်ကောက်ညွန့်ကြော်၊ အာလူးသုပ်၊ ငရုတ်သီးငါးပိကြိတ်
♣ ၂ ♣    ခုံးချဉ်စပ်၊ ပုစွန်ကျော့ငရုတ်သီးကြော်၊ သီးစုံသနပ်၊ ငါးပိရည်ဖျော်
♣ ၃ ♣    ကြက်သားကြံမဆိုင်၊ ပဲကြီးဆီပြန်၊ ငါးဖယ်သုပ်၊ ဖရုံညွန့်ကြော်၊ ပုစွန်ငါးပိထောင်း
♣ ၄ ♣    ဝက်သားပြားငရုတ်သီးကြော်၊ ငါးပုဏ္ဏား မန်ကျည်းရွက်အချဉ်ချက်၊ မျှစ်ကြော်၊ အညာငရုတ်သီးထောင်း
♣ ၅ ♣    ပုစွန်ငါးဆုပ်ဟင်း၊ ဆလတ်ရွက်သုပ်၊ အာလူးကြာဆံဟင်းရည်၊ ခရမ်းချဉ်သီးထောင်း
♣ ၆ ♣    အမဲခြောက်ကြပ်တိုက် မန်ကျည်းမှည့်ချက်၊ ပဲလိပ်ပြာနှပ်၊ ကညွတ်ပြောင်းဖူးအသေးကြော်၊ ဂွေးသီးထောင်း
♣ ၇ ♣    ဘဲဥငါးခြောက်ချက်၊ ရေဘဝဲသုပ်၊ မုန်လာပင်ပေါက်ကြော်၊ ပဲဟင်းရည်၊ ငရုတ်သီးထောင်း
အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ  ဝက်သားပြားငရုတ်သီးကြော်၊ ငါးပုဏ္ဏား မန်ကျည်းရွက်အချဉ်ချက်၊ မျှစ်ကြော်၊ အညာငရုတ်သီးထောင်းတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

►   ငါးပုဏ္ဏား
♦    ငါး ပုဏ္ဏား    –    ၁ဝ ကောင်
♦    ဆီ    –    ၁ဝ သား
♦    ကြက်သွန်နီ    –    ၂ ဥ
♦    ကြက်သွန်ဖြူ    –    ၁ ဥ
♦    ငရုတ်သီးပွ    –    ၅ တောင့်
♦    ခရမ်းချဉ်သီး    –    ၃ လုံး
♦    မန်ကျည်းရွက်    –    လက်တစ်ဆုပ်စာ
♦    ငံပြာရည်    –    စတီးဇွန်း ၁ ဇွန်း

►    မျှစ်ကြော်
♦    မျှစ်အဖူး    –    ၁ဝ သား
♦    ဆီ    –    ၅ ကျပ်သား
♦    ကြက်သွန်ဖြူ    –    ၅ တက်
♦    ကြက်သွန်နီ    –    ၁ ခြမ်း
♦    နနွင်း    –    အနည်းငယ်
♦    ရှမ်းနံနံ    –    ၂ ပင်

►     ဝက်သားပြားငရုတ်သီးကြော်
♦    ဝက်သားမိုးခိုသား    –    ၂၅ ကျပ်သား
♦    ဆီ    –    ၂ ကျပ်ခွဲသား
♦    ကြက်သွန်နီ    –    ၂ ဥ
♦    ကြက်သွန်ဖြူ    –    ၁ ဥ
♦    ငရုတ်သီးခွဲခြမ်း    –    စတီးဇွန်းကြီး ၁ ဇွန်း

ပန်းတွေကြားက အတွေးတွေများတဲ့ဟင်း

     ဧပြီလအကုန်မှာ သမီးငယ်ဘွဲ့ယူရင်း ဘန်ကောက် ခရီးစဉ်ရောက်ခဲ့ပါတယ်။ မြန်မာပြည်မှာ မိုးမရွာသေးပေမဲ့ ဘန်ကောက်ကတော့ မိုးနဲ့အတူ ကြိုနေပါတယ်။ မိုးရွာအပြီး နောက်တစ်ရက်မှာတော့ ဘန်ကောက်တစ်မြို့လုံး ပိတောက်တွေ ဝါဝင်းထိန်နေအောင်ကို အပြိုင်အဆိုင် ပွင့်ကြပါတော့တယ်။

     ထိုင်းလူမျိုးတွေက ပိတောက်ပန်းတွေကို ဘာခံစားချက်မှ ရှိပုံမပေါ်ပါဘူး။ ဘယ်သူမှလည်း မခူးကြသလို၊ ဘယ်ထိုင်းမလေးရဲ့ ခေါင်းမှာမှ ပိတောက်ပန်း ပန်ရက် မတွေ့ခဲ့ပါဘူး။ လက်လှမ်းမှီလောက်အောင်ကို ပွင့်နေတဲ့ ပိတောက်ကို တစ်ခက်မှတောင် ခူးဖော်မရကြတဲ့ ထိုင်းတွေပါ။ ရှိသမျှ ဘုရားကျောင်းဆောင်၊ နတ်ကွန်း၊ ပိတောက်တစ်ခက်မှ ထိုးမထားပါဘူး။ ငှားလာတဲ့ တက်စီ ဒရိုင်ဘာကို ဒီအဝါရောင်ပန်းမျိုးထိုင်းလို ဘယ်လိုအပင်လို့ ခေါ်ပါ သလဲလို့ မေးကြည့်ပြန်တော့လည်း မဖြေနိုင်ပြန်ပါဘူး။ ဘယ်သူမှ အရေးတယူမလုပ်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာပိတောက်ပန်းတွေလို့ ခံစားရပါတယ်။

      ပန်းတွေပေါ်မှာ ဘာခံစားချက်မှမရှိဘူးလို့ ထင်ခဲ့မိတာ။ သမီးဘွဲ့ယူတဲ့နေ့ကြတော့ တစ်မျိုးတစ်ဘာသာ ဖြစ်နေပြန်ပါတယ်။ ဘွဲယူတဲ့ အဆောက်အအုံကြီးနားမှာ ပန်းစို၊ ပန်းခြောက်၊ ပန်းစီး၊ ပန်းသရဖူ၊ ရောင်းတဲ့ ဈေးတန်းအကြီးကြီး ရှိနေတာပါပဲ။ ဘွဲ့ယူမဲ့သူတွေအတွက် ဂုဏ်ပြုပန်းစည်းတွေကိုယ်စီပေးကြတဲ့ ဓလေ့ကို လှလှပပ မြင်လိုက်ရပါတယ်။ အဆောက်အဦးထဲဝင်တဲ့ မုဒ်ဦးကိုလည်း သစ်ခွပန်းအစိုတွေနဲ့ ပန်းမုဒ်ဦးလုပ်ထားပါသေးတယ်။ ပန်းရောင်စုံတွေ ထုံမွှန်းတဲ့ ဘွဲ့နှင်းသဘင်ခန်းမကို မြင်ရသူတိုင်း ကြည်နူးစေပါတယ်။

      ဘွဲ့ယူတဲ့အခါလည်း စင်မြင့်ထက်မှာ ပညာသင်ပေးခဲ့တဲ့ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမအားလုံးကို လက်စုံမိုးပြီး ဂါရဝပြု ကန်တော့ကြတဲ့ အစီအစဉ်လည်း ပါပါတယ်။ ထိုင်းဘုန်းတော်ကြီး ခုနစ်ပါးကလည်း ဘွဲ့ပေးနေတဲ့ တစ်လျှောက်လုံး ပရိတ်လိုမျိုး အသံမစဲ ရွတ်ဆိုပေးနေပါတယ်။ နားမလည်လို့ မေးကြည့်တော့ ယူနေကြတဲ့ဘွဲ့ကို သိန္ဒိတင်ပေးတဲ့ သဘောမျိုးရှင်းပြပါတယ်။

      ဘွဲ့ပေးပြီး ဆရာ၊ ဆရာမ ပါမောက္ခတွေ အရင်ပြန်ထွက်ပါတယ်။ နောက်ပြီး ဘွဲ့ရ ကျောင်းသားကျောင်းသူတွေ ထွက်ပါတယ်။ မိဘတွေ၊ ဆွေမျိုးတွေက နောက်ဆုံးမှထွက် ပြီး ပြန်ဖို့ ပြင်တဲ့အခါ၊ လက်ခုပ်သံအများကြီးကို ခန်းမအဝင် မှာကြားလိုက်ရလို့ ကြည့်တဲ့အခါ မှာ ပြန်ပြီထင်တဲ့ ပါမောက္ခ ကြီးကြီးငယ်ငယ်အားလုံး အပေါက်ဝမှာ တန်းစီစောင့်ပြီး ဘွဲ့ယူထွက်လာတဲ့ကျောင်းသားတွေကို လက်ခုပ်သြဘာ ပေးပြီး Congratulation လုပ်နေကြတာပါ။ အတော်ကို လှပတဲ့မြင်ကွင်းပါ။ ကျောင်းသူကျောင်းသားတွေအတွက် ဘက်စုံ ၊ ထောင့်စုံတွေးပြီး လုပ်တတ်ကြတဲ့ စီစဉ်သူတွေကို အံ့သြမိပါတယ်။ ထိုင်းလိုပြောတဲ့ထဲမှာလည်း ဘွဲ့ရပြီး ကျောင်းသူကျောင်းသားတွေရဲ့  အလုပ်အကိုင်အခွင့်အလမ်း၊ ဆက်ပြီး ပညာသင်ချင်တယ်ဆို နိုင်ငံတကာနဲ့ ဘယ်လိုချိတ်ဆက်ရမယ်ဆိုတာတွေလည်း အားလုံးပါပါတယ်။

      သမီးနဲ့ သူငယ်ချင်းတွေ ဘွဲ့ယူပြီးရင် ဗမာထမင်း တစ်နပ်ချက်ကျွေးပါလို့ တောင်းဆိုထားတာရှိပါတယ်။ ညဈေးတန်းတွေလျှောက်တော့ ငါးပုဏ္ဏား၊ မန်ကျည်းရွက်၊ မျှစ်တွေ တွေ့လို့ ဝယ်ပြီး သူတို့ပြောတဲ့ ဟင်းတွေချက်ရမှာပါ။ သမီးနေတဲ့ တိုက်ခန်းမှာ မီးဖိုချက်စရာ အစုံစုံရှိနေလို့ လွယ်လွယ်ချက်ပါမယ်။

      ငါးပုဏ္ဏားဆယ်ကောင်၊ ပါးဟက်ထုတ်အူနှပ်၊ အမွေးအမျှင်အားလုံးဖယ်ပြီး ဆား၊ နနွင်းနယ်ပြီး ရေစင်စင် ဆေးပါမယ်။ တစ်ဖက်ကို ဓားရာနှစ်ချက်စီလောက်ပေးပြီး ဆား၊ အရသာ၊ မန်ကျည်းစေ့နှစ်စေ့ခန့်လောက် ထည့်ပြီး ထပ်နယ်ပါမယ်။

     ချက်မယ်ဆို ဆီတစ်ဆယ်သား ထည့်ပါ။ ငါးပုဏ္ဏား ငါးကောင်စီ နှစ်ခါခွဲပြီး ကြော်ပါမယ်။ အပြင်တင်းပြီး ရွှေဝါရောင်ဖြစ်ရင် ဆယ်ထားမယ်။ (ကြွပ်အောင် မကြော်ပါနဲ့) ကျန်တဲ့ဆီကို ကြက်သွန်နီနှစ်ဥ၊ ကြက်သွန်ဖြူတစ်ဥ၊ ငရုတ်ပွငါးတောင့် အစေ့ထုတ်၊ ရေစိမ်ပြီး ညက်အောင် ထောင်းထားတဲ့ အဆာထည့်ကြော်ပါမယ်။ အဆာဖတ်တွေ အနံ့မွှေးပြီး ဆီပေါ်တက်လာရင် ကြိတ်ထားတဲ့ ခရမ်းချဉ် သီး သုံးလုံးထပ်ထည့်မယ်။ ခရမ်းချဉ်သီးထည့်ပါတဲ့။ အရည်ခန်းပြီး ဆီပြန်လာရင် မန်ကျည်းရွက်လက်တစ်ဆုပ်စာ ထည့်ပါမယ်။ မန်ကျည်းရွက်အချဉ်ပါတဲ့အတွက် ငါးငံပြာရည် စတီးဇွန်းတစ်ဇွန်းနဲ့ အရသာနည်းနည်း ထပ်ဖြည့်မယ်။ အားလုံးဆီပြန်သွားရင် ကြော်ထားတဲ့ ငါးထည့်လုံး မယ်။ ပွက်စာအတွက် ရေစတီးဇွန်းနှစ်ဇွန်း ထပ်ထည့်ပြီး အရသာအနော်တော် ဖြစ်မဖြစ် မြည်းပြီးရင် အိုးခါလို့ရပါပြီ။ မန်ကျည်းရွက်နဲ့ချက်တဲ့ ငါးပုဏ္ဏားဟင်းပါ။

      ဝက်သားပြား၊ ငရုတ်သီးကြော်အတွက် မိုးခိုသားနှစ်မြှောင်းအစိတ်သားကို ဆား၊ အရသာ၊ ကြက်သွန်ဖြူ၊ ချင်း၊ ရှောက်သီးတစ်စိတ်နဲ့နယ်ပြီးအသားနူးအောင် ပြုပ်မယ်။ စားမယ်ဆို အသားတွေကို ပြားပြားနဲ့ပါးပါးလှီးပြီး ဆီနှစ်ကျပ်ခွဲသားပဲ ထည့်ကြော်မယ်။ ဝက်သားပြားတွေ ရွှေညိုရောင်သမ်းလာရင် ကြက်သွန်နီနှစ်ဥပါးပါးလှီး၊ ကြက်သွန်ဖြူတစ်ဥ ထောင်းထားတာ ထည့်မယ်။ အနံ့မွှေး လာရင် ငရုတ်သီးခွဲခြမ်းထောင်းထားတာ စတီးဇွန်းကြီး တစ်ဇွန်းထပ်ထည့်ပြီး မီးအရှိန်လျှော့ပါ။ အရသာအနေတော်ဆို အိုးချလို့ရပါပြီ။ ဝက်သားပြားငရုတ်သီးအစပ် ကြော်ပါ။

      မျှစ်ကြော်အတွက် ဒီနှစ်မှပေါ်တဲ့ မျှစ်အဖူး နှစ်ဆယ်သား (ဆားရည်စိမ်ထားတဲ့ နှစ်ချို့မျှစ်ဆို အရသာ ငန်ပါတယ်) ပါးပါးလှီးပြီး အခါးရည်စင်သွားအောင် ရေများများနဲ့ ပြုတ်ပါ။ ကျက်ရင် ဆယ်ပြီး ရေညှစ်ထားပါမယ်။

     ကြော်မဲ့အိုးထဲ ဆီငါးကျပ်သားထည့်ပြီး ကြက်သွန်ဖြူငါးတက်၊ ကြက်သွန်နီ တစ်ခြမ်း ဆီသတ်ပါ။ ကြက်သွန်ဖတ်တွေ အရောင်ကြည်လာရင် မျှစ်ထည့်ပါ။ ဆား၊ အရသာ၊ သကြား၊ အနေတော်ဖြစ်အောင်ထည့်ပါ။ မျှစ်ဖတ်လေးတွေ လိပ်သွားအောင် ဆယ့်ငါ့းမိနစ် ကြော်ပါမယ်။ အရောင်လှအောင် နနွင်းအနည်းငယ်ထည့်ပါ။ ချခါနီးရင် ရှမ်းနံနံနှစ်ပင် ပါးပါးလှီးအုပ်လိုက်ပါမယ်။

     ငရုတ်သီးစိမ်းဆယ်တောင့်နဲ့ ဆား၊ ကြက်သွန်ဖြူ  ရောထောင်းထားတာလေးကို ဆီအနည်းငယ် ဆမ်းလိုက်ပါဦးမယ်။

      ဒါဆို စားလို့ အဆင်ပြေမဲ့ ဗမာဟင်းဖြစ်လောက်ပါပြီ။ သမီးနဲ့ သူငယ်ချင်းတွေ အားလုံး ကျောင်းပြီးပြီဆိုကတည်းက အလုပ်ခွင်ကို ဝင်နေကြပါပြီ။ လူတန်းစေ့စေတဲ့ ဝင်ငွေတွေ အသီးသီးရကြပါတယ်။ မိမိကိုယ်ကို ယုံကြည်ချက်ရှိကြတဲ့ မျက်နှာနဲ့ ဘွဲ့ရ ကျောင်းသားတွေကို ကြည့်ရတာ စိတ်ချမ်းသာလှပါတယ်။

ဒေါ်နန်းစန်းစန်းအေး
အဓိပတိ (ဖြူး)

Facebook Comments