ရိုးသားကြိုးစား ချက်စို့လား

 

by နန်းစန်းစန်းအေး (အဓိပတိ) for Food Magazine

          မတ်လမှာတော့  ဆရာမနန်းစန်းစန်းအေးက “ချောင်းငါးကြင်းရေချို” အပါအဝင် ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –

၁။       ချောင်းငါးကြင်းရေချို၊ မြေပဲပြုတ်သုပ်၊ ဆီးဖြူသီး ထောင်း၊ ရေကျိုငါးပိကြော်၊ အတို့စုံ။

၂။       ဝက်သာြးွကက်နားရွက်မှိုပေါင်း၊ မုန်ညင်းဖူးကြော်၊ မရမ်းသီးထောင်း၊ ကြက်ရိုးဟင်းချို။

၃။       အမဲဝမ်းတွင်းသား စပါးလင်ချက်၊ နှမ်းဖက်ချဉ်သုပ်၊ ပဲသီးကြက်ဥဟင်းချို၊ ငံပြာရည်ကြော်။

၎။       ငါးသလောက်ပေါင်း၊ ရှောက်သီးသုပ်၊ ပဲကြာဆံဟင်းချို၊ ပုစွန်ခြောက်ငါးပိကြော်။

၅။       ကြက်အသည်းအမြစ် မဆလာချက်၊ ပဲပြားခရုဆီကြော်၊ ကိုက်လန်ရွက်ဟင်းရည်၊ မန်ကျည်းသီး ငါးပိချက်။

၆။       ငါးရံ့လုံးဘဲဥချက်၊ ခရမ်းသီးမီးဖုတ်သုပ်၊ မှိုကန်စွန်းရွက်ဟင်းရည်၊ ငါးပိထောင်း။

၇။       ပုစွန်ကျားချဉ်စပ်၊ ပဲလိပ်ပြာ ဆူးပုပ်ရွက်ဟင်းရည်၊ သရက်သီးသုပ်၊ ငရုတ်သီးအညာထောင်း။

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ချောင်း ငါးကြင်းရေချို၊ မြေပဲပြုတ်သုပ်၊ ဆီးဖြူသီးထောင်း၊ ရေကျို ငါးပိကြော်၊ အတို့စုံတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

 

           “သမီး ကြီးလာရင် ဘာလုပ်မလဲ”

          “စဉ်းစားလိုက်ဦးမယ်”

          “ဖြစ်ချင်တာတွေ များနေပုံပဲ”

          “အဆိုတော်လုပ်မယ်”

          “အသံလည်း မကောင်းဘူး။ သီချင်းဆိုတာလည်း တစ်ခါမှ မကြားဘူး။ ဘယ်လိုလုပ်ပြီး အဆိုတော်လုပ်မလဲ”

          “အခုအချိန်ကစပြီး ကြိုးစားမယ်လေ”

          “ဖြစ်မယ့်ပုံမပေါ်ပါဘူး။ တော်တော်ကောင်းတဲ့ သီချင်းဆိုသံတောင်မှ နားညည်းတယ်လို့ ပြောတဲ့သူက အဆိုတော်ဆိုတာကိုတော့ စိတ်လျှော့လိုက်ပါ”

          “ဒါဆို မင်းသမီးလုပ်မယ်”

          “လုပ်ပြန်ပြီ။ ကျောင်းကပွဲတွေမှာတောင် တစ်ခါမှ မကဘူးဘဲ ဘယ်လို မင်းသမီးလုပ်မှာလဲ”

          “အမေမေးလို့ သမီးဖြေရတာ။ အားလုံးမဖြစ်ဘူးဆိုတော့ ဘာဆက်လုပ်ရမလဲ။ တယောဆရာအကျော်အမော် ကြီးရဲ့ အင်တာဗျူးကို သမီးဖတ်ဖူးထားတယ်။ အဲဒီဆရာကြီးက ပန်တျာကျောင်းကို ဘာဝါသနာ၊ ဘာတက်ချင်မှုမှ မရှိဘဲ စတိုင်ပင် ၅၀ ရလိုမှုနဲ့ တက်ခဲ့တယ်။ မတက်ရမှာ ကြောက်လို့  ရွေးချယ်မှုနည်းတဲ့ တယောပညာရပ်ကို ရွေးခဲ့တယ်။ တက်ရကြိုးနပ်အောင်ဆိုပြီး အားကုန်ကြိုးစားခဲ့လို့ အခု မြန်မာပြည်မှာ တယောပညာရှင်ဆို မသိသူမရှိအောင်ကို ဖြစ်နေပြီလေ။ အဲဒါကိုရော အမေ ဘာပြောမလဲ”

          “သမီးလည်း အဲဒီလိုကြိုးစားမလား”

          “ဒါပေါ့ အမေရ။ အမေပဲ ကြိုးစားရင်ဖြစ်တယ်လို့ ပြောနေပြီး သမီးကျမှ ဘာလို့မဖြစ်ရမှာလဲ။ နောက်  လေး၊ ငါးနှစ်ဆိုရင် နေရာတစ်နေရာရနေတဲ့ သမီးကို အမေ စင်မြင့်ထက်မှာ တွေ့ရစေ့မယ်”

          “အေးပါ၊ ကြိုးစားတဲ့ သမီးကို အမေစောင့်ကြည့်နေပါ့မယ်”

          “ဒီအတိုင်းတော့ စောင့်လို့မဖြစ်ဘူး။ ထမင်းစားရင်း စောင့်မှဖြစ်မှာမို့ ထမင်းစားဖို့ ဟင်းချက်စို့ပေါ့”

          “အကောင်းတကာ့ အကောင်းဆုံးပေါ့”

          “ချောင်းငါးကြင်းရေချိုချက်နဲ့ မြေပဲပြုတ်သုပ်၊ ဆီးဖြူသီးထောင်း၊ ရေကျို ငါးပိကြော်ချက်မယ်”

          ချောင်းငါးကြင်းအလယ်ပိုင်း ၃၀ ကျပ်သား သန့်စင်ပြီး အနေတော်တုံးမယ်။ ဆား၊ အရသာ လက်ဖက်ရည်ဇွန်း တစ်ဝက်စီ၊ ငါးငံပြာရည် စတီးဇွန်း တစ်ဇွန်း၊ နနွင်းမှုန့် အနည်းငယ်ကို  ငါးတုံးတွေနဲ့ ရောနယ်ထားမယ်။ ချက်မယ့် အိုးထဲ ဆီနှစ်ကျပ်ခွဲသားထည့်ပြီး ကြက်သွန်နီတစ်ဥ၊ ကြက်သွန်ဖြူတစ်ဥ၊ ငရုတ်ပွသုံးတောင့်၊ စပါးလင်အရင်း ပိုင်းတစ်ထွာ ပေါင်းထားတာနဲ့ ဆီသတ်မယ်။ ကြက်သွန် စိမ်းနံ့ပျောက်ပြီး အရောင်ကြည်လာရင် ခရမ်းချဉ်သီးနှစ်လုံး ကြိတ်ထားတာ ထည့်မယ်။ ခရမ်းချဉ်သီးထဲပါတဲ့ အရည် ခန်းရင် နယ်နှပ်ထားတဲ့ ငါးထည့်လုံးမယ်။ ငါးထဲပါတဲ့ အရည်ထပ်ခန်းရင် အသားတုံးမြုပ်အောင် ရေထည့်ပြီး အဖုံးအုပ်တည်မယ်။ ၃ မိနစ် ပွက်ဆူလာရင် နံနံပင်၊ ငရုတ်သီးစိမ်း ထပ်ဖြည့်မယ်။ ဆား၊ အရသာအနေတော် ဖြစ်အောင် မြည်းပြီးရင်တော့ ဟင်းအိုးချလို့ ရပါပြီ။ လတ်ဆတ်တဲ့ ချောင်းငါးကြင်းရေချိုချက်ပါ။

          မြေပဲပြုတ်သုပ်အတွက် မြေပဲတောင့်ပြုတ် အခွံ ချွတ်ပြီး တစ်ပန်းကန်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး တစ်လုံးစီ ပါးပါးလှီး၊ ငရုတ်သီးစိမ်း၊ သံပရာရည်၊ ဆား၊ အရသာ၊ ဆီစိမ်းပေါင်းနယ်ပြီး သုပ်ထားတဲ့ ဟင်းအရန် အသုပ်လေး ပါ။

          ဆီးဖြူသီးထောင်းအတွက် ဆီးဖြူသီးငါးလုံးကို အစိမ်းအတိုင်း ဓားပြားရိုက်ပြီး အစေ့ထုတ်မယ်။ ဆား၊ နှမ်းစေ့၊ အစပ်ကြိုက်ရင် ငရုတ်သီးမှည့် ငါးတောင့် ပေါင်း ထောင်းရင် ဆီးဖြူသီးထောင်း ဖြစ်ပါပြီ။ ကြိုက်တတ်ရင် ဆီစိမ်းဆမ်းပေးပါ။

          အငန်အတွက် ရေကျိုငါးပိကြော်ကိုတော့ အသား များတဲ့ ငါးရံ့လုံးငါးပိကောင်ကို အသားနွှင်၊ နုပ်နုပ်စဉ်း၊ ကြက်သွန်ဖြူဆီသတ်ပြီး အနံ့မွှေးလာရင် ရေကျိုငါးပိ ထည့်မွှေပေးပါ။ မီးအေးအေးမှာ ကြော်ဖို့လိုပါတယ်။ ရေကျိုငါးပိအသားတွေကျက်ရင် ငရုတ်သီး အမှည့်ထောင်း ထားတာ ထပ်ဖြည့်ပါ။ အရသာအနည်းငယ်ထည့်ပြီးရင် ရေကျိုငါးပိကြော် ရပါပြီ။ သခွားသီးကင်၊ သရက်သီးကင်နဲ့ တွဲဖက်စားလို့ရပါတယ်။

          ကြိုးစားတာကို ဘယ်တော့မှ လက်မလျှော့ဘူးဆိုတဲ့သူတွေတိုင်းကို အောင်မြင်မှုတွေက အနှေးနဲ့အမြန် ကြိုဆိုနေမှာပါ။

ချောင်းငါးကြင်းရေချိုချက်

ပါဝင်ပစ္စည်းများ

ချောင်းငါးကြင်း  –  ၃၀ ကျပ်သား

ဆီ  –  ၂ ကျပ်ခွဲသား

ကြက်သွန်နီ  –  ၁ ဥ

ကြက်သွန်ဖြူ  –  ၁ ဥ

ငရုတ်ပွ  –  ၃ တောင့်

စပါးလင်အရင်းပိုင်း  –  ၁ ထွာ

ခရမ်းချဉ်သီး  –  ၂ လုံး

ငါးငံပြာရည်  –  စတီးဇွန်း ၁ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ဆား  –  အနည်းငယ်

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်းတစ်ဝက်

ဆီးဖြူသီးထောင်း

ပါဝင်ပစ္စည်းများ

ဆီဖြူသီး  –  ၅ လုံး

ငရုတ်သီးမှည့်  –  ၅ တောင့်

ဆား  –  အနည်းငယ်

နှမ်းစေ့  –  အနည်းငယ်

မြေပဲပြုတ်သုပ်

ပါဝင်ပစ္စည်းများ

မြေပဲတောင့်ပြုတ်  –  ၁ ပန်းကန်

ကြက်သွန်နီ  –  ၁ ဥ

ခရမ်းချဉ်သီး  –  ၁ လုံး

ငရုတ်သီးစိမ်း  –  အနည်းငယ်

သံပရာရည်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ဆီ  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

Facebook Comments