ရိုးရာ မုန့်လုံးရေပေါ် (Traditional Mont Lone Yaw Paw)

by Syi Lwin Foods Garden for Food Magazine

          သင်္ကြန်မှာ မုန့်လုံးရေပေါ်က မပါမဖြစ် ပါစမြဲပါ။ မုန့်လုံးရေပေါ်က သင်္ကြန်မှာ သူငယ်ချင်း အပေါင်းအသင်း၊ မိတ်ဆွေ၊ မိသားစုများနှင့်အတူ တပျော်တပါး လုံးရတာ ပျော်စရာဓလေ့ပါ။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့်  –  ၁ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)

ဆန်ကြမ်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

အုန်းစိမ်းရည်  –  ၁ ခွက် (အတိုးအလျှော့လုပ်ပေးပါ)

ထန်းလျက်  –  ၁၀ ခဲ ( ၆ ခြမ်း ခြမ်းထားပါ)

အုန်းသီးဖတ်  –  အုန်းသီး ၁ ခြမ်း (ခြစ်ယူထားပါ)

ပြုလုပ်နည်း

၁။       ခြောက်သွေ့သော ဖန်ပန်းကန်လုံးကြီးထဲ ကောက်ညှင်းမှုန့်၊ ဆန်ကြမ်းမှုန့်၊ အုန်းစိမ်းရည်တို့ကို ထည့်ပြီး နယ်ပါ။ စေးပြီး မုန့်အနှစ်များ လက်မှာ မကပ်လျှင် ရပါပြီ။

၂။       မုန့်နှစ်များကို လိုသလို အနေတော် အလုံးလေးများ လုံးပါ။ မုန့်နှစ်အလုံးကို လက်ထဲ ထည့်ပြီး ပြန်ပြားပါ။ မုန့်အနှစ်အလယ်ထဲ ထန်းလျက်ခဲအတုံးလေး တစ်တုံးထည့်၍ အဆာသွတ်ပြီး လုံးနေအောင် လုံးပါ။ ကျန်မုန့်နှစ်များလည်း အဲဒီအတိုင်း ဆက်လုပ်ပါ။ မုန့်လုံးများကို မကပ်အောင် ပလတ်စတစ်ဗန်းပေါ်  သေချာစီတင်ပါ။

၃။       ဇောက်နက်အိုးကြီးထဲ ရေဆူအောင်တည်ပါ။ ရေဆူလာလျှင် မုန့်လုံးလေးများ ထည့်ပါ။ အိုးထဲ အများကြီး မထည့်ပါနဲ့။ အိုးကျပ်သွားလျှင် မကျက်တာမျိုးဖြစ်သလို ဆယ်ရတာလည်း ခက်ပါတယ်။

၎။       ဇလုံအကြီးထဲမှာ ရေခဲရေထည့်ထားပါ။ ကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးရေပေါ်များကို ရေခဲရေထဲ ဆယ်ယူထည့်ပါ။

၅။       မုန့်လုံးများကို ရေစစ်ပြီး အအေးခံထားပါ။ ပြီးလျှင် အုန်းသီးဖတ်များဖြူးပြီး အသင့်သုံးဆောင်နိုင်ပါတယ်။

Facebook Comments