နွားနို့သောက်မလား၊ ပဲနို့သောက်မလား

by ဒေါက်တာလှကြည် for Food Magazine

          ပဲနို့ဆိုတာ ပဲပုပ်က ထုတ်လုပ်တဲ့ ပဲပုပ်နို့ ဖြစ်ပါတယ်။ ပဲပိစပ်က ထုတ်လုပ်တာ မဟုတ်ပါဘူး။ ပဲပိစပ်ကို ပုန်းရည် ကြီးလုပ်ရာမှာသာ သုံးပါတယ်။ ပဲနို့ထုတ်လုပ်ရာမှာ မသုံး ပါဘူး။ ပဲပုပ်ဟာ အင်္ဂလိပ်လို Soya Bean ဖြစ်ပြီး ရုက္ခဗေဒ အမည် Glycine hispida ဖြစ်ပါတယ်။ ပဲပိစပ်က အင်္ဂလိပ်လို Horse Gram ဖြစ်ပြီး ရုက္ခဗေဒအမည် Dolichos ဖြစ်ပါတယ်။ အခုလိုရှင်းပြရတာက အကြောင်းရှိပါတယ်။

          ပဲပုပ်က ထုတ်လုပ်တဲ့ဆီ (Soya Bean Oil) ကို ပဲပိစပ်ဆီလို့ ကြော်ငြာနေတာ၊ ပြောနေတာ၊ ရေးနေတာတွေကို မြင်နေရ၊ ကြားနေရဆဲ ဖြစ်ပါတယ်။ မကြာခင်က ထွက်လာတဲ့ ဆရာဝန်ကြီးတစ်ယောက်ရဲ့ ဆောင်းပါး ပေါင်းချုပ်စာအုပ်မှာ ပဲနို့ကို ပဲပိစပ်နို့လို့ ရေးထားတာ တွေ့ရပါတယ်။ ဆရာဝန်ကြီးဟာ အထူးပြုရာ ဘာသာရပ်မှာ ကျွမ်းကျင်ပြီး၊ စာအရေးအသားလည်းကောင်းသူတစ်ဦး ဖြစ်ပါတယ်။ ပဲအမျိုးအစားကို အမည်တပ်ရာမှာတော့ စူးစမ်းမှု အနည်းငယ်လိုသွားပုံ ရပါတယ်။ အပြစ်ပြောတာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင်လည်း အပြောမှား၊ အရေးမှား ရှိခဲ့ဖူးပါတယ်။ အဲဒီတော့ ပဲနို့အကြောင်းကို ဆရာဝန်မဟုတ်တဲ့၊ အာဟာရပညာရှင်မဟုတ်တဲ့ အရပ်သားတွေအနေနဲ့ သေသေချာချာ မသိသေးတာ မဆန်းပါဘူး။

ပဲနို့နှင့် နွားနို့

          နွားနို့ဟာ သက်ရှိသတ္တဝါ နွားရဲ့ နို့ရည်အစစ်ဖြစ်ပြီး ပဲနို့ဟာ သက်မဲ့ ပဲပုပ်စေ့ကရတဲ့ နို့ရည်အတုသာ ဖြစ်ပါ တယ်။ လူ၊ ကျွဲ၊ နွား၊ ဆိတ်၊ မြင်း၊ ကြောင် စတဲ့ နို့တိုက် သတ္တဝါ၊ မွေးကင်းစ ကလေးတွေအတွက် မိခင်ဖြစ်သူတွေရဲ့ ရင်အုံထဲမှာရှိတဲ့ Mammary Gland ဆိုတဲ့ ရုပ်ကလာပ် စည်း အစုအဝေးတွေကနေ သဘာဝအလျောက် ထွက် လာတဲ့ အရည်ကိုသာ နို့ရည်အစစ်လို့ ပြောနိုင်ပါတယ်။ အုန်းသီးအဆန်ကိုခြစ်ပြီး ညှစ်လိုက်တဲ့ အရည်ဟာ နို့ရည် နှင့်တူနေတဲ့အတွက် အုန်းနို့လို့ခေါ်သလို ပဲပုပ်စေ့ကနေ ညှစ်ထုတ်ထားတဲ့ အရည် ဟာလည်း နို့နှင့်တူနေတဲ့အတွက် ပဲနို့လို့ခေါ်ခြင်းသာ ဖြစ်ပါတယ်။ အုန်းနို့နှင့် ပဲနို့ဟာ သက်ရှိ နို့တိုက်သတ္တဝါရဲ့ ရင်အုံကနေ သဘာဝအတိုင်းထွက်လာတဲ့ နို့ရည်အစစ်မဟုတ်ပါဘူး။ တိရစ္ဆာန်နို့ရည်နှင့် အရောင် အဆင်း၊ အသွင်သဏ္ဌာန်တူတဲ့အတွက် နို့ဆိုတဲ့ အမည် ကိုရထားတဲ့ အပင်ထွက်အဆန်အစေ့ အရည်သာဖြစ်ပါတယ်။ ပဲနို့ရဲ့ အာဟာရကြွယ်ဝပုံကို ပြောတဲ့အခါ လူတွေ အများဆုံးသောက်သုံးနေတဲ့ နွားနို့နှင့် နှိုင်းယှဉ်ပြီး ပြောမယ်ဆိုလျှင် ပိုပြီး ပေါ်လွင်ပါတယ်။ ဒါကြောင့် နွားနို့ရဲ့ အာဟာရြွကယ်ဝပုံကို ဦးစွာပြောပါမယ်။

နွားနို့စစ်စစ်၌ ပါဝင်သည့် ပင်မအာဟာရ (Macronutrient) များ

          နွားမတစ်ကောင်ရဲ့ နို့ရည်မှာ ပါဝင်တဲ့ အာဟာရ ဓာတ်များဟာ  အခြားနွားမတစ်ကောင်ရဲ့ နို့ရည်မှာ ပါဝင်တဲ့ အာဟာရဓာတ်များနှင့် ပမာဏအားဖြင့် အတူတူဖြစ်ပါ တယ်။ သဘာဝတရားက ဖန်တီးထားတာ ဖြစ်ပါတယ်။ နွားနို့ ၈ အောင်စ (၂၄၄ ဂရမ်) တစ်ပန်းကန် (တစ်လီတာ ရေသန့်ပုလင်း ၄ ပုံ ၁ ပုံခန့်) မှာ အများဆုံး ပါဝင်နေတာက ရေ (၂၁၅ ဂရမ်ခန့်) ဖြစ်ပါတယ်။ ဆိုင်တွေမှာရောင်းနေတဲ့ နွားနို့တွေမှာတော့ ရေရောတာများလျှင် များသလို ရေ ပါဝင်မှုပမာဏ တက်လာမှာဖြစ်ပါတယ်။ နွားနို့တစ်ပန်းကန် မှာပါနေတဲ့ ပင်မအာဟာရ (Macronutrient) သုံးမျိုးက ကာဗိုဟိုက်ဒရိတ် (Carbohydrate) ၁၂.၈ ဂရမ်၊ ပရိုတင်း (Protein) ၈ ဂရမ်နှင့် အဆီ (Lipid) ၈ ဂရမ်ခန့် ဖြစ်ပါတယ်။

          ကာဗိုဟိုက်ဒရိတ်။ ကာဗိုဟိုက်ဒရိတ်အနေနဲ့ နွားနို့မှာ လက်တို့စ် (Lactose) ဆိုတဲ့ သကြားတစ်မျိုးတည်းသာ ပါပါတယ်။ အခြား ကာဗိုဟိုက်ဒရိတ်တွေဖြစ်တဲ့ ကစီ (Starch) တို့၊  အစာမျှင် (Fibre) တို့ မပါပါဘူး။

          ပရိုတင်း။ နွားနို့မှာပါတဲ့ ပရိုတင်းများဟာ ပထမတန်းစား ပရိုတင်းများ ဖြစ်ပါတယ်။ ကလေးတွေ ကြီးထွားဖို့၊ လူကြီးတွေ ခန္ဓာကိုယ် ပြုပြင်တည်ဆောက်ဖို့ မစားမဖြစ် စားရမယ့် အမိုင်နိုအက်ဆစ် (Essential Amino Acid) တွေ အစုံပါပါတယ်။

          အဆီ။ နွားနို့စစ်စစ်တစ်ပန်းကန်မှာ စုစုပေါင်း အဆီ ၈ ဂရမ်ခန့်ပါတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၃.၂၅% ခန့် ရှိပါတယ်။ အဆီ ၈ ဂရမ်အနက် ပြည့်ဝတဲ့ ဖက်တီးအက်ဆစ် (Saturated Fatty Acid) က ၄.၆ ဂရမ်၊ မိုနိုမပြည့်ဝ (Mono-unsaturated) ဖက်တီးအက်ဆစ် ၂.ဝ ဂရမ်၊ ပေါ်လီမပြည့်ဝ (Poly-unsaturated) ဖက်တီးအက်ဆစ် ဝ.၅ ဂရမ် ပါဝင်လို့ နွားနို့မှာ အများဆုံးပါနေတဲ့ အဆီဟာ ပြည့်ဝဆီ အမျိုးအစားဖြစ်ပါတယ်။ ပေါ်လီ မပြည့်ဝ ဖက်တီးအက်ဆစ် ဝ.၅ ဂရမ် (၅၀ဝ မီလီဂရမ်) အနက် အိုမီဂါ-၃ (Omega-3) ဖက်တီးအက်ဆစ်က ၁၈၃ မီလီဂရမ်၊ အိုမီဂါ-၆ (Omega-6) ဖက်တီးအက်ဆစ်က ၂၉၃ ဂရမ် ဖြစ်ပါတယ်။ နွားနို့တစ်ခွက်မှာ (လူတွေ စားရမှာ ကြောက်ကြတဲ့) ကိုလက်စထရော (Cholesterol) ၂၄.၄ မီလီဂရမ်ခန့် ပါဝင်ပါတယ်။ စမြုံ့ ပြန်တတ်တဲ့ တိရစ္ဆာန်တစ်မျိုးဖြစ်တဲ့ နွားရဲ့နို့မှာ ထရန်စ် ဖက်တီးအက်ဆစ် (Trans Fatty Acid) လို့ခေါ်တဲ့ အသွင်ပြောင်း ဖက်တီးအက်ဆစ် အနည်းငယ် ပါပါတယ်။ ဘီစကွတ်၊ ကွတ်ကီး စတဲ့ မုန့်တွေ မှာပါတဲ့ အသွင်ပြောင်း ဖက်တီးအက်ဆစ်တွေဟာ သွေးထဲမှာ ကျန်းမာရေးအတွက် မကောင်းတဲ့ LDL ကိုလက် စထရောပမာဏကို များစေပြီး ကျန်းမာရေးအတွက် ကောင်းတဲ့ HDL ကိုလက်စထရောပမာဏကို လျော့စေ နိုင်တဲ့ သတ္တိ ရှိပါတယ်။

နွားနို့၌ ပါဝင်သည့် အဏုအာဟာရ (Micronutrient) များ

          ဗီတာမင်များ။ ဗီတာမင်တွေအနေနဲ့ မလိုင်အပြည့် နွားနို့တစ်ပန်းကန်မှာ ဗီတာမင်အေ (Vitamin A) ၂၅၀ ယူနစ်၊ ဗီတာမင် ဘီဝမ်း (B1) ၁ မီလီဂရမ်၊ ဗီတာမင် ဘီတူး (B2) ၄ မီလီဂရမ်၊ ဗီတာမင်ဘီတွဲ (B12) ၁.၁ မိုက်ခရိုဂရမ်ခန့် ပါဝင်ပါတယ်။ အားကိုးရလောက်အောင် များများစားစားပါတဲ့ ဗီတာမင်တွေကို ပြောခြင်းဖြစ်ပါတယ်။ အခြားဗီတာမင်တွေလည်း ပါဝင်ပါသေးတယ်။

          သတ္တုအာဟာရများ ။ နွားနို့တစ်ပန်းကန်မှာ ကယ်လ်စီယမ် ၂၇၆ မီလီဂရမ်၊ မီးစုန်း ၂၂၂ မီလီဂရမ် ပါဝင်ပါတယ်။ နွားနို့ဟာ အရိုးတွေ ကြံ့ခိုင်ရေးအတွက် အရေးပါတဲ့ ကယ်လ်စီယမ် အကြွယ်ဝဆုံး အစားအစာ ဖြစ်တဲ့အပြင် လူဟာ ကယ်လ်စီယမ်ကို အူထဲကနေ သွေးထဲရောက်အောင် စုပ်ယူရာမှာ အခြားအစားအစာတွေမှာပါတဲ့ ကယ်လ်စီယမ်ထက် နွားနို့မှာပါတဲ့ ကယ်လ်စီယမ်ကို ပိုပြီးလွယ်လွယ်ကူကူ စုပ်ယူနိုင်လို့ အရိုးများကြံ့ခိုင်မှုအတွက် ကလေးတွေရော လူကြီးတွေပါ နေ့စဉ်နွားနို့ သောက်တဲ့ အလေ့အကျင့် ပြုလုပ်သင့်ပါတယ်။

          အင်အား (ကယ်လိုရီ) ။ အဆီ ၃% ကျော်ပါတဲ့ မလိုင်အပြည့် နွားနို့စစ်စစ် တစ်ပန်းကန် မှာ စုစုပေါင်း ကယ်လိုရီ ၁၅၀ ခန့် ရနိုင်ပါတယ်။ ကယ်လိုရီအများစုကို အဆီက ရရှိတာဖြစ်ပြီး၊ ဒုတိယအများဆုံးအနေနဲ့ ကာဗိုဟိုက်ဒရိတ်က ရရှိပါတယ်။ ကျန်တဲ့ကယ်လိုရီတွေကိုတော့ ပရိုတင်းက ရရှိတာဖြစ်ပါတယ်။

ဈေးဆိုင်များတွင် ရောင်းချနေသည့် နွားနို့အမျိုးမျိုး

          နွားနို့ထဲက အဆီအများစုဟာ ပြည့်ဝဆီများ ဖြစ်နေခြင်း၊ ပြည့်ဝဆီ စားသုံးမှုက သွေးအတွင်း ကိုလက်စထရော ပမာဏကို မြင့်တက်စေနိုင်ခြင်း၊ နှလုံးသွေးကြောရောဂါ များဖြစ်နိုင်သော အလားအလာကို များစေနိုင်ခြင်း စသည်တို့ကြောင့် ဈေးကွက်ထဲမှာရှိတဲ့ နွားနို့တွေမှာ အဆီတွေ လျှော့ထားတာရှိသလို အကုန်လုံးနီးပါး ထုတ်ပစ်ထားတာလည်း ရှိပါတယ်။ နွားနို့ကရနိုင်တဲ့ ကယ်လိုရီအများစုဟာ အဆီတွေကရလို့ အဆီလျှော့ထား၊ ထုတ်ထားတဲ့ နွားနို့တွေမှာ ကယ်လိုရီ သိသိသာသာ နည်းသွားပါတယ်။

          အဆီ ၃% ကျော်ပါတဲ့ နို့ကို မလိုင်အပြည့်နို့ (Full Cream Milk) လို့ခေါ်ပြီး အဆီ ၂% ခန့်သာပါအောင် လုပ်ထားတဲ့ နွားနို့မျိုးကို အဆီလျှော့ နွားနို့ (Recuced Fat Milk) လို့ ခေါ်ပါတယ်။ အဆီလျှော့ နွားနို့တစ်ပန်းကန်မှာ အဆီ ၄.၈ ဂရမ် ပါပါတယ်။ အဆီလျှော့ နွားနို့ တစ်ပန်းကန်သောက်လျှင် ကယ်လိုရီ ၁၂၀ ခန့်သာ ရနိုင်ပါတယ်။ မလိုင်အပြည့် နွားနို့တစ်ခွက်ထက် ကယ်လိုရီ ၃၀ ခန့် နည်းပါတယ်။

          အဆီ ၁% သာပါတဲ့ နွားနို့မျိုးကို အဆီနည်း နွားနို့ (Low Fat Milk) လို့ ခေါ်ပါတယ်။ အဆီနည်း နွားနို့ တစ်ပန်းကန်မှာ အဆီ ၂.၄ ဂရမ်ပါပြီး အင်အား ၁၀ဝ ကယ်လိုရီခန့် ရနိုင်ပါတယ်။ မလိုင်အပြည့် နွားနို့တစ်ခွက်ထက် ကယ်လိုရီ ၅၀ ခန့် လျော့နည်းပါတယ်။

          အကုန်လုံးနီးပါး အဆီထုတ်ပယ်ထားတဲ့ နွားနို့မျိုးကို အဆီလွတ်နွားနို့ (Skim Milk) လို့ ခေါ်ပါတယ်။ အဆီလွတ်နွားနို့တစ်ခွက်မှာ အဆီ ဝ.၂ ဂရမ်ပါပြီး ၈၀ ကယ်လိုရီခန့်သာ ရနိုင်ပါတယ်။ မလိုင်အပြည့် နွားနို့တစ်ခွက်မှာပါတဲ့ ကယ်လိုရီရဲ့ တစ်ဝက်ကျော်ကျော်သာ ရှိပါတယ်။

          ပရိုတင်းအင်အားချို့တဲ့မှု ပြဿနာရှိတဲ့ မြန်မာနိုင်ငံလို ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ မိခင်နို့ ပြတ်ပြီးတဲ့ မူကြိုအရွယ်နှင့် မူလတန်းကျောင်းသားအရွယ် ကလေးတွေကို နွားနို့တိုက်မယ်ဆိုရင် ကယ်လိုရီများတဲ့ မလိုင်အပြည့်နို့ကိုသာ တိုက်ကျွေးသင့်ပါတယ်။ လူကြီးများ၊ အထူးသဖြင့် ကိုယ်အလေးချိန် ထိန်းနေသူများ၊ နှလုံးသွေးကြောရောဂါ ကာကွယ်ဖို့ အစားအသောက် ဆင်ခြင်နေရသူများအတွက်တော့ အဆီလျှော့ထား၊ ထုတ်ထားတဲ့ နို့တွေဟာ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်အေ (A)၊ ဗီတာမင်ဘီတွဲ (B12) စတဲ့ အာဟာရတွေ ကြွယ်ဝတဲ့အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး နေ့စဉ်သောက်သုံးသင့်တဲ့ အစားအသောက်မျိုး ဖြစ်ပါတယ်။

နွားနို့တွင် ဗီတာမင်ဒီ (Vitamin D) ဖြည့်စွက်ခြင်း

          ဗီတာမင်ဒီကို အစားအသောက်တွေကရတာထက် နေရောင်ခြည်စွမ်းအင်နှင့် လူ့အရေပြားမှာ ထုတ်လုပ် တာက ပိုများပါတယ်။ ကနေဒါ၊ နော်ဝေ စတဲ့ အအေးပိုင်း နိုင်ငံတွေမှာ နေရောင်ခြည်ကို လုံလုံလောက်လောက် မထိ တွေ့ရတဲ့အတွက် ဗီတာမင်ဒီချို့တဲ့ပြီး ကလေးအများအပြားဟာ အရိုးပျော့ရောဂါ (Rickets) ခံစားရတဲ့ ပြဿနာ ရှိခဲ့ဖူးပါတယ်။ ဗီတာမင်ဒီက အစားအစာတွေထဲက ကယ်လ်စီယမ် (Calcium) ကို အူထဲကနေ သွေးထဲရောက်အောင် စုပ်ယူရာမှာ ကူညီပါတယ်။

          ကယ်လ်စီယမ်က အရိုးတွေကို ကြံ့ခိုင်စေပါတယ်။ ဗီတာမင်ဒီ ကြွယ်ဝတဲ့ သဘာဝ အစားအသောက်တွေက ရှားပါးလေတော့ အဲဒီနိုင်ငံတွေမှာ နွားနို့ထဲမှာ ဗီတာမင်ဒီ အပိုဆောင်း ဖြည့်စွက် (Fortify လုပ်) ပေးထားပြီး လူတွေ ကို နေ့စဉ် နွားနို့သောက်တဲ့အကျင့် ထူထောင်ပေးခဲ့ကြပါတယ်။ နွားနို့ထဲမှာ ဗီတာမင်ဒီ ထည့်ဖို့ ဥပဒေစည်းမျဉ်း ထုတ်ပြန်ပြီး စနစ်တကျ ဆောင်ရွက်ခဲ့တဲ့အတွက် အခုအခါမှာ အဲဒီနိုင်ငံတွေမှာ ဗီတာမင်ဒီချို့တဲ့မှု ကလေး အရိုးပျော့ရောဂါပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ နို့မှန်သမျှ ဗီတာမင်ဒီဖြည့်ထားတဲ့ နိုင်ငံတွေကထုတ်တဲ့ အာဟာရစာအုပ်၊ စာစောင်တွေ ဖတ်လိုက်လျှင် နွားနို့ကို ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာအနေနဲ့ ဖော်ပြထားတတ်ပါတယ်။ တကယ်တော့ သဘာဝနွားနို့ဟာ ဗီတာမင်ဒီ မကြွယ်ဝပါဘူး။

          အခုအခါမှာ အေးတဲ့နိုင်ငံတွေမှာရော ပူတဲ့နိုင်ငံတွေမှာပါ အရိုးပါး အရိုးပွရောဂါ ဖြစ်ပွားနှုန်းနှင့် သက်ကြီးရွယ်အိုတွေ၊ အထူးသဖြင့် အမျိုးသမီးကြီးတွေမှာ အရိုးကျိုးတာဟာ အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် အရိုးတွေကြံ့ခိုင်ဖို့ လိုအပ်တဲ့ ကယ်လ်စီယမ်စုပ်ယူမှုကို ကောင်းစေတဲ့ ဗီတာမင်ဒီကို နွားနို့မှာ ဖြည့်စွက်တဲ့ လုပ်ငန်းကို အအေးပိုင်းနိုင်ငံ တွေမှာသာမက အပူပိုင်းနိုင်ငံတွေမှာလည်း ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဗီတာမင်ဒီ ဖြည့်စွက်ထားတဲ့ နွားနို့တွေကို ဝယ်ယူရရှိနိုင်ပါပြီ။

ပဲနို့၏ အာဟာရ

          ပဲနို့မှာ နွားနို့လိုပဲ ရေ ၉၀% ကျော် ပါဝင်နေပါတယ်။ ပဲနို့ဟာ နွားနို့ထက် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့် အဆီ ဆိုတဲ့ ပင်မ အာဟာရသုံးမျိုးစလုံး နည်းပါတယ်။

          ကာဗိုဟိုက်ဒရိတ်။ ပဲနို့မှာ ကာဗိုဟိုက်ဒရိတ် အာဟာရအနေနဲ့ ဆူးခရို့စ် (Sucrose) ဆိုတဲ့ သကြား အများဆုံး ပါဝင်နေပါတယ်။ နွားနို့မှာပါတဲ့ သကြားဟာ လက်တို့စ် (Lactose) အမျိုးအစားဖြစ်ပြီး ပဲနို့မှာပါတဲ့ သကြားက ဆူးခရို့စ်ဆိုတဲ့ အိမ်သုံးသကြားအမျိုးအစား ဖြစ်တယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နွားနို့သောက်ပြီး လူအချို့မှာ လေပွ၊ ဗိုက်နာ၊ ဝမ်းပျက်တတ်တာဟာ လက်တို့စ်သကြားကို အစာမခြေနိုင်လို့ ဖြစ်ပါတယ်။ ဝမ်းလျှော၊ ဝမ်းပျက်တဲ့ နို့စို့ကလေး အချို့မှာ ရက်အတန်ကြာတဲ့အထိ ဝမ်းမရပ်နိုင်ဖြစ်နေတာဟာလည်း လက်တို့စ်သကြားကြောင့် ဖြစ်တတ်ပါတယ်။ ဆူးခရို့စ် သကြားသာပါတဲ့ ပဲနို့ကို သောက်လျှင်တော့ အဲဒီပြဿနာမျိုး မကြုံတွေ့နိုင်ပါဘူး။

          ပဲနို့မှာ ကျန်းမာရေးကို အကျိုးပြုတဲ့ အစာမျှင် (Fibre) ပါပါတယ်။ နွားနို့မှာ အစာမျှင် မပါပါဘူး။

          ပရိုတင်း။ ပဲနို့မှာပါတဲ့ ပရိုတင်းကလည်း ကလေးတွေ ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးရေး၊ လူကြီးတွေမှာ ခန္ဓာကိုယ် တည်ဆောက်ပြုပြင်ရေးအတွက် မဖြစ်မနေစားသုံးဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (Essential Amino Acids) အားလုံး ပါဝင်နေပါတယ်။ ဒါပေမဲ့ အရည်အသွေးမှာတော့ နွားနို့က အနည်းငယ်သာပါတယ်။

          အဆီ။ ပဲနို့မှာပါတဲ့ အဆီပမာဏဟာ မလိုင်အပြည့် နွားနို့မှာ ပါသလောက် မများပါဘူး။ လူကြီးတွေရဲ့ ကျန်းမာရေးအတွက်ဆိုလျှင် မပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေ ပိုများတဲ့ ပဲနို့က ပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေ ပိုများတဲ့ မလိုင်အပြည့်နွားနို့ထက် ပိုပြီးသင့်လျော်ပါတယ်။ အဆီလျှော့ထား၊ ထုတ်ထားလျှင်တော့ နွားနို့ဟာလည်း လူကြီးတွေအတွက် ကောင်းပါတယ်။

          အင်အား (ကယ်လိုရီ) ပင်မ အာဟာရ သုံးမျိုးစလုံး ပိုများတဲ့အတွက် နွားနို့သောက်တာဟာ ပဲနို့သောက်တာထက် ကယ်လိုရီ ပိုပြီးများများရပါတယ်။ ဒါကြောင့် ကလေးတွေ ကြီးထွားမှုအတွက် နွားနို့က ပဲနို့ထက် ပိုကောင်းပါတယ်။ ပရိုတင်းအင်အား ချို့တဲ့မှု ပြဿနာရှိတဲ့ မြန်မာနိုင်ငံလို ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေကို မလိုင်အပြည့်ပါတဲ့ နွားနို့သာ တိုက်သင့်ပါတယ်။

(ပုံပါဇယား)

          ပဲနို့ဟာ နွားနို့စစ်စစ်ထက် ကယ်လိုရီနည်းတဲ့အတွက် အဝလွန်ပြီး ကိုယ်အလေးချိန် ထိန်းနေရသူတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။ ပဲနို့မှာပါနေတဲ့ ဖက်တီးအက်ဆစ်တွေကလည်း ကျန်းမာရေးအတွက် ပိုကောင်းတဲ့ မပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေသာ များပါတယ်။ သွေးထဲမှာ မကောင်းတဲ့ LDL ကိုလက်စထရောတွေ မြင့်တက်လာစေနိုင်တဲ့ ပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေက ပဲနို့မှာ အလွန်နည်းပါတယ်။ ပဲနို့ ၈ အောင်စ တစ်ခွက်မှာ အဆီ ၅ ဂရမ်လောက်ပါတဲ့အနက် ၁၀ ပုံ ၁ ပုံခန့်ဖြစ်တဲ့ ဝ.၅ ဂရမ် လောက်သာ ပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေ ဖြစ်ပါတယ်။

          သွေးထဲမှာ ကျန်းမာရေးအတွက် မကောင်းတဲ့ LDL ကိုလက်စထရောတွေ မြင့်တက်စေပြီး ကျန်းမာရေး အတွက်ကောင်းတဲ့ HDL ကိုလက်စထရောတွေ လျော့ကျ လာစေနိုင်တဲ့ ထရန်းစ်ဖက်တီးအက်ဆစ်ဆိုတဲ့ အသွင် ပြောင်း ဖက်တီးအက်ဆစ်တွေလည်း ပဲနို့မှာ လုံးဝမပါပါဘူး။ အပင်ထွက်အစားအစာဖြစ်တဲ့အတွက် ပဲနို့မှာ ကိုလက်စထရောလည်း လုံးဝ မပါပါဘူး။ ဒါတွေက ပဲနို့ရဲ့ အားသာချက်တွေ ဖြစ်ပါတယ်။ အဆီတွေ အားလုံးနီးပါး ထုတ်ထားတဲ့ အဆီလွတ် နွားနို့နှင့် ပဲနို့ဟာ ကယ်လိုရီ အတူတူလောက်ပါပဲ။ ၈ အောင်စ တစ်ခွက်သောက်လျှင် ကယ်လိုရီ ၈၀ စီ လောက်သာ ရနိုင်ပါတယ်။

          သတ္တုအာဟာရများ ။ ပဲနို့ဟာ နွားနို့လောက် ကယ်လ်စီယမ် မကြွယ်ဝပါဘူး။ ပဲနို့ တစ်ခွက်မှာ ကယ်လ်စီ ယမ် ၅၅ မီလီဂရမ်ခန့်သာ ပါပါတယ်။ ကယ်လ်စီယမ် အပိုဆောင်းဖြည့် (Fortify လုပ်) ထားတဲ့ ပဲနို့မှာသာ ကယ်လ်စီယမ် များပါတယ်။  သက်ကြီးရွယ်အိုတွေ နွားနို့သောက်လျှင် ဗီတာမင်ဒီ ဖြည့်ထားတဲ့ အဆီလျှော့ နွားနို့မျိုးကို ရွေးချယ်သင့်သလို ပဲနို့ဝယ်လျှင်လည်း ကယ်လ်စီယမ်ဖြည့်ထားတဲ့ ပဲနို့ကိုသာ ဝယ်သင့်ပါတယ်။ နွားနို့ထက် ပဲနို့မှာ  မဂ္ဂနီစီယမ် ပိုများပါတယ်။ မဂ္ဂနီစီယမ်ဟာလည်း အရိုးတွေကြံ့ခိုင် ရေးအတွက် အရေးကြီးတဲ့ သတ္တုအာဟာရတစ်မျိုးဖြစ်ပါတယ်။ ပဲနို့တစ်ခွက်မှာပါတဲ့ သံဓာတ် ၁.၄ မီလီဂရမ်ဟာ ပဲနို့မှာပါတဲ့ ဝ.၁ မီလီဂရမ်ထက် သိသိသာသာ ပိုများပါတယ်။

          ဗီတာမင်များ။ ပဲနို့မှာ နွားနို့ထက် ဗီတာမင်ဘီတူး ပိုများပါတယ်။ နွားနို့က ဗီတာမင် အေ၊ ဗီတာမင်ဘီဝမ်းနှင့် ဖောလစ်အက်ဆစ် ပိုများပါတယ်။ နွားနို့မှာ ဘီတွဲပါပါတယ်။ ပဲနို့မှာ လုံးဝ ဘီတွဲမပါပါဘူး။

အိုင်ဆို ဖလေဗုန်း (Isoflavone) များ

          ပဲပုပ်မှာ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါ၊ အရိုးပါး အရိုးပွရောဂါနှင့် အမျိုးသမီးများ သွေးဆုံးချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေကို လျော့နည်းသက်သာစေနိုင်တဲ့ ဓာတ်ပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ ပဲပုပ်ထဲမှာ လောလောဆယ် ပညာရှင်တွေ အာရုံစိုက်ခြင်း အခံရ ဆုံးက အိုင်ဆိုဖလေဗုန်းလို့ ခေါ်တဲ့ ဓာတ်ပေါင်းတွေ ဖြစ်ပါတယ်။ ပဲပုပ်ထဲက အိုင်ဆိုဖလေဗုန်း ဓာတ်ပေါင်းတွေဟာ အီစထရိုဂျင် (Oestrogen) ဆိုတဲ့ အမျိုးသမီးဟော်မုန်းနှင့် မော်လီကျူး ဖွဲ့စည်းတည်ဆောက်ပုံ ဆင်တူပါတယ်။ ဒါကြောင့် အိုင်ဆို ဖလေဗုန်းဓာတ်ပေါင်းတွေက အီစထရိုဂျင်တွေ အလုပ်လုပ်တဲ့နေရာမှာဝင်ပြီး နှောင့်ယှက်တတ် ပါတယ်။ ဒီအာနိသင်ဟာ အချို့သော ကင်ဆာရောဂါတွေ ကာကွယ်ရေးမှာ အသုံးကျနိုင်ပါတယ်။ ဥပမာ-အချို့သော ရင်သားကင်ဆာအမျိုးအစားဟာ အီစထရိုဂျင်ကြောင့် ပိုပြီးဆိုးတတ်ပါတယ်။ ပဲပုပ်စားသုံးမှုများတဲ့ လူတွေမှာ ရင်သားကင်ဆာ အဖြစ်နည်းပါတယ်။ ဒါဟာ ပဲပုပ်မှာပါတဲ့ အိုင်ဆိုဖလေဗုန်းတွေရဲ့ အီစထရိုဂျင်ကို ဆန့်ကျင်နှောင့်ယှက်တဲ့ သတ္တိကြောင့် ဖြစ်နိုင်ပါတယ်။

          အီစထရိုဂျင် ချို့တဲ့နေတဲ့ အခြေအနေမျိုးကျပြန်တော့ ပဲပုပ်ထဲက အိုင်ဆိုဖလေဗုန်းတွေဟာ အီစထရိုဂျင် ကိုယ်စားဝင်ပြီး အလုပ်လုပ်ပေးနိုင်တာလေးတွေ ရှိပြန်ပါ တယ်။ ဥပမာ- သွေးဆုံးပြီးခါစ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင်ထုတ်လုပ်တဲ့ ပမာဏ သိသိသာသာ လျော့နည်းသွားပါတယ်။ ဒါဟာ သွေးဆုံးဝေဒနာ အမျိုးမျိုး ခံစားရခြင်း၊ အရိုးပွ အရိုးပါးရောဂါ ဖြစ်ရခြင်းတို့ရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ပဲပုပ်ကို နေ့စဉ်စားသုံးခြင်းအားဖြင့် အမျိုးသမီးတွေရဲ့အရိုးမှာ သတ္တုဓာတ် သိပ်သည်းမှု များလာတာကို တွေ့ရပါတယ်။ ပဲပုပ်စားသုံးမှုများတဲ့ အာရှနွယ်ဝင် အမျိုးသမီးတွေဟာ မီးယပ်သွေးဆုံးချိန်မှာ ကြုံတွေ့ရတတ်တဲ့ ဝေဒနာတွေကို ဥရောပနွယ်ဝင် အမျိုးသမီးတွေလောက် မခံစားရတာဟာလည်း ပဲပုပ် စားသုံးမှု ဓလေ့ကြောင့် ဖြစ်နိုင်ပါတယ်။ ပဲပုပ်မှာပါတဲ့ ဟော်မုန်းအာနိသင်ရှိတဲ့ ဓာတုပစ္စည်းတွေဟာ လူကြီးတွေအတွက် အကျိုးရှိပေမယ့် ကလေးတွေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် ကလေးတွေကို စွဲစွဲမြဲမြဲ ပဲနို့မတိုက် သင့်ဘူးလို့ ဆိုသူတွေလည်း ရှိပါတယ်။

Facebook Comments