နို့ယို

by Sofia for Food Magazine

           နို့ယိုဆိုရင်တော့ ဆိုဖီယာတို့ ငယ်ဘဝလေး အမှတ်ရမိပါတယ်။ ငယ်ငယ်က အိမ်မှာ နွားနို့အသုံးများတော့ အဘွားအမြဲလုပ်ထားတတ်တဲ့ နို့ယိုလေးပေါ့။ မြေးတွေအိမ်လာရင် အရင်ဦးဆုံး စားစရာရှာကြတာ၊ ကိုယ့်ဇွန်းလေးတွေကိုယ်စီကိုင်ပြီး အဘွားဆီက နို့ယိုတောင်းကြတာ အမှတ်ရမိပါတယ်။ ကြီးလာတော့ တစ်ခါမှ ကိုယ်တိုင်မလုပ်စားဖြစ်ခဲ့ဘူး။တစ်နေ့ကမှ ငယ်ငယ်ကအကြောင်းတွေ ပြောမိကြရင်း အမှတ်ရလို့ လုပ်စားဖြစ်တဲ့ နို့ယိုလေးဖြစ်ပါတယ်။ အဘွားကတော့ တစ်ခါတစ်ရံ ဆိုင်က ချက်နို့ဆီနဲ့ လုပ်တတ်ပြီး တစ်ခါ တစ်ရံမှာတော့ နို့ပျက်ကွဲသွားတဲ့နို့နဲ့လုပ်ပါတယ်။ အလေအလွင့်မဖြစ်ရအောင် ပြန်ပြီး ပြုလုပ်တဲ့ နည်းများဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ နွားနို့က နွားလေးနို့ဖြစ်နေတာမျိုးဆိုရင် ကျိုပြီး နို့ခဲလုပ် ဟင်းချက်စားဖို့ အမြဲမဖြစ်နိုင်တော့ အဘွားက နို့ယိုကျိုထားတတ်ပါတယ်။ မန­္တလေးမြို့နဲ့ ပတ်ဝန်းကျင်ရွာတွေကနေ လုပ်ရောင်းတတ်တဲ့ နို့ယိုများကတော့ တကူးတက မှာယူမှသာ စားရပါတယ်။ အခုလုပ်ထားတဲ့ နို့ယိုကိုတော့ နွားနို့နဲ့ပြုလုပ်ထားပါတယ်။ အိမ်မှာ မိမိ သားငယ်၊ သမီးငယ်များအတွက် လုပ်ကျွေးနိုင်ဖို့ လုပ်နည်းလေး မျှဝေပေးလိုက် ပါတယ်။

ပါဝင်ပစ္စည်းများ

နွားနို့   –  ၁ လီတာ

သကြား  –  ၅၀ ဂရမ်

ထောပတ်  –  ၁ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

၁။  နွားနို့ကို သန့်ရှင်းသော အောက်ခြေထူ အိုးတစ်အိုးထဲထည့်ပြီး မီးအေးအေးဖြင့် ခန်းလာအောင် တည်ထားပါ။

၂။  ဝေမကျအောင်၊ အိုးမကပ်အောင် အဆက်မပြတ် မွှေပေးပါ။

၃။  သုံးပုံတစ်ပုံခန့် ခန်းလာပါက သကြားထည့်ပြီး မွှေပါ။

၎။  စေးပျစ်ပြီး အရောင်အနည်းငယ်ညိုလာပါက ထောပတ်ထည့်၍ သမအောင်မွှေပါ။ မီးပိတ်ပြီး အအေးခံထား သုံးဆောင်နိုင်ပါပြီ။

၅။  အလွန်ခြောက်အောင် မတည်ရပါ။ အေးသွားလျှင် ပိုပြီးပျစ်ခဲသွားပါတယ်။

၆။  နို့ကွဲသွားသောနို့ကိုလည်း ထိုနည်းအတိုင်းပင် ခန်းအောင်တည်ပြီး ပြုလုပ်နိုင်ပါတယ်။

Facebook Comments