နို့မလိုင်ပေါက်စီ

by Sofia for Food Magazine

          နို့မလိုင်ပေါက်စီကိုတော့ မန္တလေးရောက်ရင် တကူးတက စားဖြစ်တဲ့ အစားအစာတွေထဲက တစ်ခုအဖြစ် သိကြမှာပါ။ အချိုအဆိမ့်ကြိုက်နှစ်သက်သူများအတွက် တစ်ခါစားဖူးရုံနဲ့ စွဲမက်စေမယ့် နို့မလိုင်ပေါက်စီလေးပဲ ဖြစ်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ပေါက်စီအလွတ်  –  ၃ လုံး

နွားနို့ (အပျစ်)  –  ၃ ခွက်

နို့ယို  –  စားပွဲဇွန်း ၃ ဇွန်း

မလိုင်  –  ၃ ဇွန်း

နို့ဆီ  –  ၃ ဇွန်း

နို့စိမ်း  –  ၃ ဇွန်း

ထောပတ်  –  အနည်းငယ်

သီဟိုဠ်စေ့လှော်  –  ၃ ဇွန်း

စပျစ်ခြောက်  –  ၃ ဇွန်း

အုန်းသီးခြစ်  –  ၃ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

၁။       ပေါက်စီအလွတ် ၁ လုံးကို ၄ စိတ်စိတ်ပြီး ပန်းကန်မှာ ထည့်ပါ။

၂။       နို့ယို ၁ ဇွန်း၊ မလိုင် ၁ ဇွန်း၊ နို့စိမ်း၊ နို့ဆီ၊ ထောပတ်နှင့် အုန်းသီးတို့ကို ထည့်ပါ။

၃။       ပြီးလျှင် ကျိုထားသော နွားနို့ထည့်ပါ။ အပေါ်မှ သီဟိုဠ်စေ့၊ စပျစ်ခြောက်ထည့်ပြီး ချိုစိမ့်မွှေး နို့မလိုင်ပေါက်စီကို သုံးဆောင်နိုင်ပါပြီ။

*        အချိုအတွက် နို့ယိုကိုအသုံးပြုထားသဖြင့် နို့ဆီကို မိမိလိုချင်သော အချိုအနေအထား ချင့်ချိန်ထည့်ပါ။

Facebook Comments