ကြံမဆိုင်ဟင်းချို (Sour Mustard with Vegetable Soup)

by Sofia for Food Magazine

          သီးနှံအစုံနဲ့ အသား၊ ငုံးဥအစုံပါတဲ့ ချဉ်ချဉ်မွှေးမွှေး ဟင်းချိုလေးကိုတော့ မြန်မာပြည်မှာ ကြံမဆိုင်ဟင်းချိုရယ်လို့ လူသိများတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ကာ အဆီနည်းပြီး အားလည်းဖြစ်စေမယ့် ဟင်း တစ်ခွက်ကို စားတော်ဆက် အတော်များများမှာလည်း မှာယူသုံးဆောင်နိုင်ပါတယ်။ ဒီလှပတဲ့ ဟင်းလေးတစ်ပွဲ ဖြစ်မြောက်အောင် လိုအပ်တာတွေ အစစအရာရာကူညီပေးခဲ့တဲ့ ဆိုဖီယာရဲ့ အန်တီကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။ လွယ်ကူမြန်ဆန် အရသာရှိတဲ့ ဟင်းချိုလေးကို ချက်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကြက်ပြုတ်ရည်  –  ပန်းကန်လုံး ၁ လုံး

ကြက်သား  –  အနည်းငယ်

ငုံးဥ  –  ၅ လုံး

ပဲပြား  –  တစ်ဝက်

မုန်ညင်းဖြူ  –  ၁ ခက်

ပန်းမုန်လာ  –  အနည်းငယ်

ပန်းစိမ်း  –  အနည်းငယ်

မုန်လာဥနီ  –  အနည်းငယ်

ဗိုလ်စားပဲ  –  အနည်းငယ်

ဆန်ပြားခေါက်ဆွဲ  –  ၁ ချပ်

ကြံမဆိုင်  –  ၁၀ဝ ဂရမ်

ခရမ်းချဉ်သီး  –  ၁ လုံး

ရွှေပဲသီး  –  ၅ တောင့်

ချဉ်စပ်ငရုတ်  –  ၁ ဇွန်း

ဆား  –  အနည်းငယ်

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

ကြက်သွန်မြိတ်  –  အနည်းငယ်

ကြက်သွန်ဖြူဆီချက်  –  အနည်းငယ်

ချက်ပြုတ်နည်း

၁။       ဦးစွာ ကြက်ပြုတ်ရည် ပန်းကန်လုံး ၁ လုံးစာကို အိုးထဲထည့်ပါ။ (ကြက်ပြုတ်ရည်အစား Ready-made Chicken Stock ကို သုံးနိုင်ပါတယ်။)

၂။       ပါဝင်သောသီးနှံအားလုံးကို ရေဆေးသန့်စင်ပြီး လိုသလို လှီးဖြတ်ထားပါ။

၃။       ကြက်သားကို သေးသေးစိတ်ထားပြီး ငုံးဥကို သီးသန့်ပြုတ်ကာ အခွံနွှာထားပါ။

၎။       ရေဆေးသန့်စင်ထားတဲ့ သီးနှံ၊ ကြက်သား၊ ငုံးဥ၊ ပဲပြားနှင့် ကြံမဆိုင်တို့ကို ကြက်ပြုတ်ရည်ထဲ ထည့်တည်ပါ။

၅။       ဆန်ပြားကို အနေတော်အပြားလှီးပြီး ဆူပွက်နေသော ဟင်းချိုအိုးထဲ ထည့်ပါ။

၆။       ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး အရသာအပေါ့အငန်မြည်းပါ။

၇။       သီးနှံကျက်ပါက မီးပိတ်ပြီး ပန်းကန်ထဲ ထည့်ပါ။ အပေါ်မှ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူဆီချက် အနည်းငယ်ထည့်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

**      သီးနှံများ ဝါပြီး ပျော့မသွားစေရန်အတွက် ဟင်းချိုအိုးဆူပွက်ကာ သီးနှံကျက်ပါက မီးပိတ်ပြီး မီးဖိုမှ ချပါ။

**      ကြံမဆိုင်ဖတ်မှာ အငန်ပါပြီးသားဖြစ်၍ ဆားကို လိုအပ်မှသာ ဖြည့်စွက်ပေးပါ။

Facebook Comments