ကြာရိုးနှင့် ငါးပင်စိမ်း

by Htet Famialy’s Creation

          ဒီတစ်ခါ ကြာရိုးလေးတွေကို ခပ်စပ်စပ်လေး ချက်ကြည့်ရအောင်။ ငါးတန် အသားလွှာတွေနဲ့ ချက်ပါတယ်။ ဒါလေးကတော့ ကျွန်မအလွန်ကြိုက်တဲ့ဟင်းပါ။ ကြာရိုးရဲ့  ခပ်ကြွပ်ကြွပ်ချိုချိုလေးရယ်၊ ငရုတ်သီးစိမ်း စပ်စပ်လေးရယ်၊ ပင်စိမ်းနံ့မွှေးမွှေးရယ် အလွန်အရသာရှိသော ဟင်းတစ်ခွက်လို့ ထင်ပါတယ်။ ချက်ရတာလည်း လွယ်ကူ မြန်ဆန်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးအသားလွှာ  –  ၅၀ဝ ဂရမ်

ကြာရိုး  –  ၂ ရိုး

ငရုတ်သီး (မိုးမျှော်)  –  ၁၀ တောင့်

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၃ မြွှာ

ဆား  –  နည်းနည်း (သင့်ရုံ)

ငါးအသားမှုန့်  –  အချိုဇွန်း ၁ ဇွန်း

ငရုတ်ကောင်း  –  အနည်းငယ်

ခရုဆီ  –  ထမင်းစားဇွန်း ၂ ဇွန်း

ပင်စိမ်း  –  လက်တစ်ဆုပ်

ပြုလုပ်ပုံ

၁။       ငါးအသားလေးတွေကို တစ်လက်မဆိုဒ်လေးတွေ လှီးဖြတ်ထားပါတယ်။ ဆားနှင့် ငရုတ်ကောင်း နယ်ထားလိုက်တယ်။

၂။       ကြာရိုးလေးတွေကို အခွံနွှာ၊ အတုံးသေးလေးတွေ တုံးပြီး ထားပါတယ်။ (အတုံးဆိုဒ်က ကိုယ်ကြိုက်သလို ချက်ပါ။)

၃။       ကြက်သွန်နီအတုံးသေးတွေ လှီးဖြတ်ထားပါ။ အဖြူကို ဓားပြားရိုက်ထားပါ။ ငရုတ်သီးစိမ်းတွေကို ထက်ခြမ်းခွဲထားပါ။

၎။       ဆီအနည်းငယ်ထည့်ထားသော ဆီပူမှာ ငါးကို ထည့်လှိမ့်ပေးနေပါ။ မကပ်တဲ့အိုးကို သုံးတာ ပိုကောင်းပါတယ်။ ကြက်သွန် နီ/ ဖြူကို ရောမွှေပေးပါတယ်။

၅။       ငါးကထွက်လာတဲ့အရည် ခြောက်စပြုရင် ငရုတ်သီးစိမ်း ထည့်မွှေပါ။ ရေအနည်းငယ် ရောပါတယ်။ ငါးအသားမှုန့်ထည့်၊ ကြာရိုးလေးတွေရောပြီးရင် ခဏလေး အဖုံးအုပ်ထားပါ။ ငါးအသားကျက်ပြီဆိုတာနဲ့ ခရုဆီထည့်၊ ပင်စိမ်းထည့်ရောမွှေပြီး ငရုတ်ကောင်းအုပ်လိုက်ပါ။

၆။       ဒီဟင်းလေးက အရသာမျိုးစုံပေးသော စွဲမက်ဖွယ်အနံ့မွှေး ငါးဟင်းလေးတစ်မျိုး ဖြစ်ပါတယ်။ ငရုတ်နီကွင်းလေးတွေက သက်သက်ဟင်းလှစေလိုလို့ ထည့်တာပါ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments