ကြာရိုးဟင်းချိုနှင့် ခုံး (Mussel)

by Htet Famialy’s Creation

          ကြာရိုးလေးတွေ လက်ဆောင်ရလာပါတယ်။ လက်ဆောင်ဆိုတာ တကယ်တော့ ကြားကောင်းအောင်ပြောတာပါ။ တကယ်က အိမ်မဲမှာ လှေစီးရင်း သူများဟင်းစားချိုးလာတဲ့ ကြာရိုးတွေ၊ ကြာပွင့်တွေမြင်တော့ အငမ်းမရမေးမိရာက နယ်ကလူတွေက သနားပြီး စွန့်ကြဲသွားတာကို ဝမ်းသာအားရယူထားလိုက်တာပါ။ ကြာရိုးလေးတွေ မြင်တဲ့အခါ ကျွန်မက ရိုးရိုးဟင်းချိုပုံစံနဲ့ ကွဲထွက်တာလေးကို ချက်ကြည့်မိတယ်။ တော်တော်လေး သောက်လို့ကောင်းပါတယ်။ ကြာရိုးကလည်း အခုချိုး အခုချက်ပုံစံဖြစ်လို့ အလွန် အဆင်ပြေပြေ လတ်လတ်လေး ချက်ရတာပါ။ ချိုနေရောပဲ၊ ကြည့်ရအောင်ရှင်။

ပါဝင်ပစ္စည်းများ

ကြာရိုး  –  ၂ ရိုးခန့်

ခုံး  –  ၁၀ ကောင်

ငရုတ်နီအရှည်တောင့်  –  ၁ တောင့်

ကြက်သွန်ဖြူ  –  ၂ မြွှာ

ချင်း  –  လက်တစ်ဆစ်

ရှမ်းနံနံ  –  အနည်းငယ်

ငါးအသားမှုန့်  –  အချိုဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆား  –  သင့်ရုံ

ပြုလုပ်ပုံ

၁။       ကြက်သွန်ဖြူနှင့် ချင်းကို ညက်နေအောင် ထောင်းလိုက်ပါတယ်။

၂။       ကြာရိုးလေးတွေကို အခွံနွှာ  အဆစ်လေးတွေ တစ်လက်မစီ ချိုးပြီးထားပါ။ ငရုတ်သီးနီလေးတွေ ပါးပါးလှီးထားပါ။ သူက သိပ်မစပ်တဲ့အတွက် အနံ့မွှေးရုံ၊ ဟင်း အရောင်လှရုံလေး ထည့်တာပါ။ ခုံးလေးတွေလည်း သန့်စင်ထား ပါတယ်။

၃။       ပထမဆုံး ဆီအနည်းငယ်နှင့် ကြက်သွန်၊ ချင်းကို ထည့်မွှေလိုက်ပါ။ တစ်မိနစ်လောက် အကြာမှာ ကြာရိုးရော၊ ခုံးရော ရောမွှေပါတယ်။ မွှေးလာပါတယ်။ ရေမြုပ်ရုံထည့်ပြီး ပွက်ပါစေ။ ပွက်လာရင် ငါးအသားမှုန့်ခတ်၊ ဆားခတ်ပါတယ်။ တော်တော်ပွက်လို့ အရသာကောင်းလေး ရပြီဆိုရင်  ငရုတ်သီးနီထည့်၊ ငရုတ်ကောင်းဖြူး၊ ရှမ်းနံနံလေး ထည့်လိုက်ရင် အနံ့အရသာကောင်းတဲ့ ဟင်းချိုလေးတစ်ခွက် အဆင်သင့် ဖြစ်ပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments