ကြက်ပြုတ်ပန်းပွင့်စိမ်းသုပ်

by ကိုသစ်ထူး for Food Magazine

           ဒီနည်းလေးကတော့ ထမင်းမစားတော့ဘူး။ ဝိတ်ချမယ်လို့ လူကြားသူကြား ပြောချင်သူတွေအတွက်ပါ။ ကြက်သားရဲ့ ပရိုတင်း၊ ပန်းပွင့်စိမ်းမှာ ပါဝင်တဲ့ ဗိုက်တာမင်တွေနဲ့ ကာဗိုဟိုက်ဒြိတ်တို့က အာဟာရမျှတစေပါတယ်။ ညစာတွေအတွက် ပြင် ဆင်ရလွယ်ကူပြီး စားရတာ အဆင်ပြေတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ရင်ပုံသား  –  ၁ ခု (ပြုတ်ပြီး)

ပန်းပွင့်စိမ်း  –  ၁ ပွင့်

ကြက်သွန်ဖြူ  –  ၂ မြွှာ (စဉ်းပြီး)

သံလွင်ဆီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ဆား  –  သင့်တော်ရုံပမာဏ

ငရုတ်ကောင်း  –  လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

လီမွန်ရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပျားရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။      ကြက်ရင်ပုံ ပြုတ်ပြီးသားများကို အတုံးသေးသေးလေးတွေ လှီးပါ။ ပန်းပွင့်စိမ်းများကို ကြက်ရင်ပုံနဲ့ အရွယ်တူလှီးပြီး ရေနွေးဆူဆူမှာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်၍ ၃ မိနစ် ပြုတ်ပါ။ ပြီးလျှင်ရေအေးနဲ့ ပြန်စိမ်ထားပါ။

၂။      ကြက်သွန်ဖြူစဉ်းပြီးသားများနှင့် ကျန်ပါဝင်ပစ္စည်းများအားလုံး ဇလုံတစ်လုံးမှာရောပြီး သမအောင်မွှေပါ။

၃။     ရေအေးစိမ်ထားသော ပန်းပွင့်စိမ်းများကို ကြက်ရင်ပုံသားများနဲ့ရော၍ အပေါ်မှာ ရောစပ်ထားသော အသုပ်ရည်လောင်းပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments