ကြက်သောက်ဆမ်း

by Htet Family’s Creation for Food Magazine

             ကြက်သောက်ဆမ်းလေးက ချဉ်ချဉ်ငန်ငန်စပ်စပ် ကြိုက်သူတွေအတွက် အတော်အဆင်ပြေတဲ့နည်းလေးပါ။ ကျွန်မတို့လိုပေါ့။ ကျွန်မက ချဉ်ငန်စပ် ကြိုက်တက်သူလေ။ နောက် အာပူရွက်မွှေးလည်း မွှေးတယ်။ ပူပူလေးနဲ့ အရည်ကျဲချက်ရင် ဆမ်းစားလို့ရတာပေါ့။

ပါဝင်ပစ္စည်းများ

ဗမာကြက်   –  ၁ ကောင် (၆၀ ကျပ်သား)

ဆင်ခရမ်းချဉ်သီး  –  ၅ လုံး

မရမ်းပြားခြောက်  –  ၁၀ ပြားခန့်

ငရုတ်သီးစိမ်း  –  ၇ တောင့်

အာပူရွက်  –  ၆ ရွက်ခန့်

မျှင်ငါးပိ  –  ထမင်းစားဇွန်း ၁ ဇွန်း

စပါးလင်  –  ၂ ချောင်း

ဆား  –  အချိုဇွန်း ၁ ဇွန်း

အသားမှုန့်  –  ထမင်းစားဇွန်း ၁ ဇွန်း

နနွင်း  –  အချိုဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အချိုဇွန်း တစ်ဝက်

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၂ မြွှာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ငရုတ်သီးနဲ့ ကြက်သွန်နီ/ဖြူကို ရောထောင်းထားပါ။ ကြက်သားကို အနေတော်တုံးပြီး ဆား၊ နနွင်း နယ်ကာ ထားပါ။ စပါးလင်ကို ထုပြီး ထုံးထားပါ။

၂။       ကြက်သား၊ စပါးလင်၊ ကြက်သွန်ထောင်းထားတာတွေကို ဆီပါလေကာထည့်ပြီး လုံးပါ။ ကြက် အရောင်ပြောင်းကာမှ မျှင်ငါးပိလေးကို ရေဖျော်ထည့်ပါ။ အနည်းငယ်ထပ်ပြီး လုံးပေးနေပါ။ ပွက်လာပါစေ။ ပွက်ပွက်မြည်လာမှ အသားမှုန့်၊ ရေအနည်းငယ်ထည့်ပြီး ရေဆူသည်အထိ တည်ပါ။

၃။       ကြက်သားနူးခါနီးမှ ဆင်ခရမ်းသီး အစိတ်လေးတွေထည့်ပါ။ မရမ်းပြားလေးများ ထည့်ပါ။ ကြက်သားရော၊ ဆင်ခရမ်းသီးရော နူးလာပြီဆိုရင် ငရုတ်ကောင်းမှုန့်၊ အာပူရွက်ခတ်ကာ သုံးဆောင်နိုင်ပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments