ကြက်ဥ လက်ဖက်အကြွပ်ကြော် (Crispy Pickle Tea Leave and Egg Fried)

by Syi Lwin Foods Garden for Food Magazine

          ကြက်ဥ လက်ဖက်ချဉ်စပ် အကြွပ်ကြော်။ ဆန်းတယ်နော်။ ထူးခြားတဲ့ အရသာ အသစ်တစ်ခုဖြစ်သလို မနက်ပိုင်း လက်ဖက်ထမင်းနှင့် ကြက်ဥကြော်စားတတ်သူတွေအတွက် အသစ်တစ်ဖန် ပြန်လည်တီထွင်ထားတဲ့ ကြက်ဥလက်ဖက်ကြော်လေးပါ။

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၄ လုံး (နာနာခလောက်ထားပါ)

လက်ဖက်သားအနှစ်  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း (အသင့်ထောင်းထားသော အနှစ်)

ငရုတ်သီးစိမ်း  –  ၂ တောင့် (ပါးပါးလှီးထားပါ)

ဆား  –  အနည်းငယ်

ဟင်းသီးဟင်းရွက်ဆီ  –  လိုသလောက်

ခရမ်းချဉ်သီး  –  ၂ လုံး (အစေ့ထုတ်ပြီး ပါးပါးအတုံးများ လှီးထားပါ)

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       ဖန်ဇလုံထဲ ကြက်ဥဖောက်ထည့်ပြီး ခလောက်ပါ။ ပြီးလျှင် ဆီမှလွဲ၍ လက်ဖက်အနှစ်နှင့် ပါဝင်ပစ္စည်းများထည့်ပြီး နာနာခလောက်ပါ။ ဆားမြည်းပြီး ကိုယ့်စိတ်တိုင်းကျ လိုတာ ထပ်ဖြည့်ပါ။

၂။       သံဒယ်အိုးအပြန့်ကြီးထဲ ဆီထည့်ပြီး ကြက်ဥအနှစ်များကို ဇွန်းခွက်ဖြင့် တစ်ဇွန်းခပ်ကာ ဒယ်အိုးထဲ ခပ်ပါးပါး ဖြန့်တင်ပါ။ အနားကြွပ်ရွလာလျှင် တစ်ဖက်လှန်ပါ။ ထမင်းပူပူ၊ ရေနွေးကြမ်းတို့ဖြင့် သုံးဆောင်လျှင် လိုက်ဖက်ပါတယ်။

Facebook Comments