ကြက်သားနှင့် ကန်စွန်းဥ ရွှေဖရုံသီးချက် (Chicken with Sweet Potato and Pumpkin Curry)

by Syi Lwin (Foods Garden) for Food Magazine

               ကြက်သားဆိုရင် အာလူးနဲ့ ရောနှောပြီး ချက်စားကြတာများပါတယ်။ ဒီဟင်းပွဲလေးကတော့ အချို၊ အဆိမ့် အရသာနှစ်မျိုးနှင့် ပေါင်းစပ်ပြီး ဗီတာမင်ဓာတ်တွေကိုလည်း ရရှိစေနိုင်တာကြောင့် ချက်ပြီး ထမင်းချိုင့်ထည့်ပေးလိုက်ရင် ကြိုက်ကြမယ့်ဟင်း ဖြစ်ပါတယ်။ ချက်ကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ကာနိုလာဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးအနှစ်  –  စားပွဲဇွန်း ၃ ဇွန်း

ကြက်သွန်နီ  –  ၅ လုံး (ပါးပါးလှီးထားပါ)

ကြက်ပေါင်သား  –  ၇၅၀ ဂရမ် (အတုံးညီညီ တုံးထားပါ)

ရွှေဖရုံသီး  –  ၃၂၀ ဂရမ်  (အခွံနွှာပြီး ၄ စင်တီမီတာခန့် အတုံးညီညီ လေးထောင့်လေးတွေ လှီးထားပါ)

နို့စိမ်း  –  ၁ ဘူး

သံပရာရည်  –  ၁ လုံး (အရည်ညှစ်ယူထားပါ)

အာလူး  –  ၄၀ဝ ဂရမ် (အခွံနွှာပြီး ၄ စင်တီမီတာ အတုံးများတုံးထားပါ)

ပူဒီနာ  –  ၅ ပင် (ဟင်းပွဲကျက်လျှင် တင်ရန်)

ကြက်ရိုးပြုတ်ရည်  –  ၁ ခွက် (ဟင်းချက်ရန် တိုင်းသောခွက်)

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။  မကပ်သောအိုးထဲ မီးအနေတော်ဖြင့် ဆီထည့်ပြီး အပူပေးပါ။ ငရုတ်သီးနှစ်များထည့် ပြီး ၁-၂ မိနစ်ခန့် တည်ပါ။ ပြီးလျှင် ကြက်သွန်နီနှင့် ကြက်သားထည့်ပြီး အနှစ်ဖြင့် နှံ့အောင်မွှေပါ။ ၅-၇ မိနစ်ခန့် ကြက်သားတုံး အသားတင်းလာသည်အထိ တည်ပါ။ ပြီးလျှင် မီးဖိုပေါ်မှ ချထားပါ။

၂။  အစုံသုံးထမင်းပေါင်းအိုးရဲ့ အတွင်းအိုးထဲ ကြက်ပြုတ်ရည်၊ နို့စိမ်း၊ သံပရာရည်၊ ဆား၊ အာလူး၊ ရွှေဖရုံသီးနှင့် တည် ထားသော ကြက်သားများ အားလုံးထည့်ပြီး ပါဝင်ပစ္စည်း များကို သေချာနှံ့အောင်မွှေပါ။ ထမင်းပေါင်းအိုးမှ Bread/Cake ကိုနှိပ်ပြီး ၂၀-၂၅ မိနစ်ချိန်၍ Cook ခလုတ်နှိပ်ပြီး တည်ထားလိုက်ပါ။ ကျက်လျှင် Off/Warm ခလုတ်လေး မီးစိမ်းပြလျှင် ရပါပြီ။

၃။  အိုးဖွင့်ပြီး အာလူး၊ ရွှေဖရုံသီး နူးအိ၊ မအိကို စစ်ကြည့်ပါ။ ထမင်းပူပူလေးပေါ်မှာ ဟင်းပူပူလေးများတင်၍ အပေါ်မှ ပူဒီနာရွက်လေးများဖြူးပြီး သုံးဆောင်ပါ။

Facebook Comments