ကြက်သားကောက်ညှင်းထုပ်  (Chicken Rice Dumplings)

by Sofia for Food Magazine

             တရုတ်ရိုးရာအစားအစာတစ်မျိုးဖြစ်ပြီး နှစ်စဉ် ပွဲတော်ရက်များမှာ၊ နေရာဒေသအသီးသီးမှာ ရောင်း ချလေ့ရှိသလို အိမ်များမှာလည်း ကိုယ်တိုင်ပြုလုပ်လေ့ ရှိကြပါတယ်။ ဆိုဖီယာငယ်ငယ်ကတော့ အိမ်မှာ အဘွား လုပ်တာ မြင်ခဲ့ဖူးပါတယ်။ ကောက်ညှင်းထုပ် ရာသီချိန် လည်း ရောက်ပြီမို့ လုပ်စားဖြစ်ရင်း လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၁၅ ထုပ်)

ကောက်ညှင်းဆန်  –  ၅၀ဝ ဂရမ်

တရုတ်ဘာလီစေ့ (လုကူမီ)  –  ၁၀ဝ ဂရမ်(နှစ်သက်ရာ ပဲ)

မြေပဲ/နှစ်သက်ရာ အခွံမာသီး  –  ၁၀ဝ ဂရမ်

ရှိတာခီမှိုခြောက်   –  ၅၀ ဂရမ်

ပုစွန်ခြောက်  –  ၅၀ ဂရမ်

ကြက်သား/ နှစ်သက်ရာအသား   –  ၂၅၀ ဂရမ်

ချင်း  –  လက်တစ်ဆစ်

ကြက်သွန်ဖြူ   –  ၁ လုံး

ကြက်သွန်နီအသေး   –  ၃ လုံး

ဆီ   –  အနည်းငယ်

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်   –  ၃ ဇွန်း

ပဲငံပြာရည် အနောက်   –  ၁ ဇွန်း

နှမ်းဆီမွှေး  –  ၁ ဇွန်း

တရုတ်ငါးမျိုးမဆလာ  –  ၁ ဇွန်း

ရှောက်ကော  –  ၁ လုံး

ပါကော (နာနတ်ပွင့်)   –  ၂ ပွင့်

ဆား  –   အနည်းငယ်

ဟင်းခတ်မှုန့်  –  အနည်းငယ်

ဝါးရွက်/နှီး

ပြင်ဆင်ပြုလုပ်ပုံ

၁။  ဦးစွာ ကောက်ညှင်းနှင့် ဘာလီစေ့ (သို့) နှစ်သက်ရာ ပဲတစ်မျိုးကို သီးသန့်စီ ရေမှာ ၃ နာရီခန့် စိမ်ထားပါ။

၂။  မှိုခြောက်ကိုလည်း ရေဆေးပြီး ရေနွေးဖြင့် ပျော့အောင် စိမ်ထားပါ။

၃။  ကြက်သားကို အနေတော်အရွယ်လှီးဖြတ်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ နှမ်းဆီမွှေးနှင့် တရုတ်မဆလာ ၁ ဇွန်း ထည့်၍ သမအောင်နယ်ပြီး နှပ်ထားပါ။

၎။  မြေပဲကို ရေနွေးဖြင့် စိမ်ထားပေးပါ။ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို သေးသေးစိတ်ထားပါ။ ပုစွန်ခြောက်ကို ရေစိမ်ထားပါ။

၅။  ရေစိမ်ထားသောမှိုကိုလည်း ရိုးတံဖယ်ပြီး ပါးပါးစိတ်ထားပါ။

၆။  အားလုံးအဆင်သင့်ဖြစ်ပါက ဆန်နှင့် ဘာလီ (သို့) ပဲတို့ကို ရေစစ် ထားပါ။

၇။  ဒယ်အိုးတစ်အိုးကို အပူပေးပြီး ဆီထည့်ကာ ချင်းနှင့် ကြက်သွန်ဖြူ တစ်ဝက်ကို ဆီသတ်၍ ကြက်သားနှပ်ထားသည်ကိုထည့်ပြီး ကြော်ပေးပါ။ ထွက်လာသော ရေခန်းသွားပါက ပန်းကန်တစ်ချပ် ဖြင့် ဖယ်ထုတ်ထားပါ။

၈။  အိုးထဲ ဆီထပ်ထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်ကော တို့ကို ဆီသတ်ပါ။ ပုစွန်ခြောက်ထည့်ပါ။ လှီးထားသောမှိုကို ထည့် ပါ။

၉။  ဆီသတ်နံ့မွှေးလာပါက ရေစစ်ထားသော ကောက်ညှင်း၊ ပဲနှင့် မြေပဲတို့ကို ထည့်ပြီး အထက်အောက်လှန်ပြီး ကြော်ပေးပါ။

၁၀။  ပဲငံပြာရည်အကြည်၊ အနောက်၊ တရုတ်မဆလာနှင့် ဆား အနည်းငယ်ထည့်ပြီး သမအောင်မွှေပေးပါ။ ကောက်ညှင်းအရောင် ပြောင်းသည်အထိ ကြော်ပေးပါ။ အရသာအပေါ့အငန်မြည်းပြီး ဇလုံတစ်လုံးထဲ ထည့်ထားကာ ကောက်ညှင်းထုပ်ရန် အသင့်ဖြစ် ပါပြီ။

၁၁။  ဝါးရွက်နှင့် နှီးကို ရေနွေးစိမ်ပြီး ပျော့အောင်ပြုလုပ်၍ သန့်စင်ထားပြီး အရင်းအဖျားများကို ညှပ်ထားပါ။

၁၂။  အဆင်သင့်ဖြစ်ပါက ဝါးရွက် ၂ ရွက်ထပ်ပြီး ကတော့ပုံစံပြုလုပ်ကာ ကြော်ထားသော ကောက်ညှင်းအရော ၂ ဇွန်းထည့်ပါ။

၁၃။  အလယ်မှာ အချိုင့်လေးပြုလုပ်ပြီး  ကြက်သားကြော်ထားသည်ကို ၁ ဇွန်း ခပ်ထည့်ပါ။

*  ဘဲဥဆားစိမ်အနှစ်ထည့်လိုပါက ကြက်သားထည့်သည့်အချိန်မှာ ထည့်နိုင်ပါတယ်။

၁၄။  ပြီးလျှင် အပေါ်မှ ကောက်ညှင်း ၂ ဇွန်းခပ်ထည့်၍ ဇွန်းဖြင့် ဖိပေးပြီး တြိဂံပုံစံရအောင် ထုပ်၍ နှီးကြိုးဖြင့် ကျစ်နေအောင် ချည်ပေးပါ။

၁၅။  အထက်ပါအတိုင်း အားလုံးထုပ်ပြီးပါက ရေနွေးအိုးတစ်အိုးတည်ပြီး ထုပ်ထားသော ကောက်ညှင်းထုပ်များထည့်ကာ မီးအနေတော်ဖြင့် ၂ နာရီခန့်ပြုတ်ပါ။

၁၆။  ကောက်ညှင်းနှင့် ဘာလီတို့ နူးအိပါက ဆယ်ယူပြီး အအေးခံကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments