(ကြက်သားသီဟိုဠ်စေ့ကပ်ကြော်နှင့် သီးရွက်စုံသုပ်) (Tabasco Chicken with Sweet Corn & Mixed Vegetables)

by Presenter Chef Ko Sunny for Food Magazine

          ဒီလမှာ ပရိသတ်များအတွက် နောက်ထပ်ဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ Fusion Style ဟင်းလျာလေးတစ်မျိုးဖြစ်တဲ့ “ကြက်သား သီဟိုဠ်စေ့ကပ်ကြော်နှင့် သီးရွက်စုံသုပ်” လေးပါ။ ဥရောပအစားအစာပြင်ဆင်ပုံကို အခြေခံထားပေမယ့်  အာရှ အနံ့အရသာလေးတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ဟင်းလျာအတွဲလေးတစ်မျိုးပါ။ သီဟိုဠ်စေ့ကို ပေါင်မုန့်ခြောက်အမှုန့်နဲ့ရောပြီး ကြက်ရင်အုပ်သားကို ကပ်ကြော်ထားတာဖြစ်လို့ အပြင်ဘက်မှာြွကပ်ရွနေပြီး အတွင်းပိုင်းမှာတော့ စိုထိုင်းကာ နူးညံ့နေမှာပါ။ အသုပ်ကိုလည်း ကီဝီသီး၊ လိမ္မော်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ရောပြီး ပြင်ဆင်ထားတာဖြစ်လို့ အာဟာရလည်း ပြည့်ဝစေပါတယ်။ ကဲ … ထူးခြားတဲ့ Fusion Style လက်ရာလေးကို ပြင်ဆင်ကြည့်ကြရအောင် . . . ။

ကြက်သားသီဟိုဠ်စေ့ကပ်ကြော်

ပါဝင်ပစ္စည်းများ

ကြက်ရင်အုပ်သား  –  ၁၅ ကျပ်သား

သံပရိုသီး  –  ၁ စိတ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်ဥ  –  ၁ လုံး

သီဟိုဠ်စေ့  –  ၅ ကျပ်သား

ပေါင်မုန့်ခြောက်မှုန့်  –  ၁၀ဝ ဂရမ်

ဂျုံမှုန့်  –  ၁၀ဝ ဂရမ်

တာရီယာကီဆော့စ်  –  ၂ ဇွန်း

ဟင်းရွက်ဆီ  –  ၁၀  ကျပ်သား

ရို့စ်မယ်ရီရွက်  –  အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ကြက်ရင်အုပ်သားကို အရေပြားဖယ်ထုတ်၍ အပြားလိုက်လှီးထားပြီး အသားထုတူနှင့် အနည်းငယ် ထုထောင်းပြီး ပြားထားပါ။

၂။       ပြားထားသော ကြက်သားကို သံပရိုရည်၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် အရသာသွင်းပါ။

၃။       ကြက်ဥ ၁ လုံးကို တာရီယာကီဆော့စ် အနည်းငယ်နှင့် ခေါက်ထားပြီး သီဟိုဠ်စေ့ကို ထောင်းထားပါ။

၎။       ထောင်းထားသော သီဟိုဠ်စေ့ကို ပေါင်မုန့်ခြောက်မှုန့် အနည်းငယ်နှင့် ရောထားပြီး ဂျုံမှုန့်အနည်းငယ် ကိုလည်း သီးခြားပန်းကန်တစ်ချပ်မှာ အသင့်ဖြန့်ထားပါ။

၅။       အရသာသွင်းထားသော ကြက်ရင်အုပ်သားကို ဦးစွာ ဂျုံမှုန့်ကပ်ပြီး အသင့်ခေါက်ထားသော ကြက်ဥထဲ နှစ်၍ သီဟိုဠ်စေ့၊ ပေါင်မုန့်ခြောက်မှုန့် ကပ်ထားပါ။

၆။       ဒယ်အိုးမှာ ဟင်းရွက်ဆီကို အပူပေးကာ ရို့စ်မယ်ရီအနည်းငယ်ကို ဦးစွာကြော်၍ ဖယ်ထားပြီး  အသင့် သီဟိုဠ်စေ့ကပ်ထားသော ကြက်ရင်အုပ်သားကို ထည့်ကြော်ပါ။

၇။       အသင့်ကြော်ထားသော ကြက်သား သီဟိုဠ်စေ့ကြော်ကို သီးရွက်စုံသုပ်၊ ဆလတ်ရွက် အနည်းငယ်တို့နှင့် တွဲဖက်ပြီး အသင့်ကြော်ထားသော ရို့စ်မယ်ရီနှင့် အလှဆင် တည်ခင်းပါ။

သီးရွက်စုံသုပ်

ပါဝင်ပစ္စည်းများ

ပန်းဂေါ်ဖီစိမ်း  –  အနည်းငယ်

ရွှေပဲသီး  –  ၁၀ တောင့်

ရှီမေ့ဂျီမှို  –  အနည်းငယ်

ခရမ်းရောင်ဂေါ်ဖီထုပ်  –  ၁ စိတ်

ခရမ်းချဉ်သီး  –  ၁ လုံး

သခွားသီး  –  ၁ လုံး

ငရုတ်ပွနီ  –  အနည်းငယ်

ငရုတ်ပွဝါ  –  အနည်းငယ်

ကီဝီသီး  –  ၁ လုံး

လိမ္မော်သီး  –  ၁ လုံး

တာရီယာကီဆော့စ်  –  ၁ ဇွန်း

နှမ်းဆီမွှေး  –  ၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆလတ်ရွက်  –  အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ပန်းဂေါ်ဖီစိမ်း၊ ရွှေပဲသီးနှင့် ရှီမေ့ဂျီမှိုတို့ကို ရေနွေးမှာ အနည်းငယ်ပြုတ်ပြီး ရေခဲရေမှာစိမ်ကာ အအေးခံထားပါ။

၂။       ခရမ်းရောင် ဂေါ်ဖီထုပ်ကို ပါးပါးလှီးပြီး ရေခဲရေမှာ စိမ်ထားပါ။

၃။       ခရမ်းချဉ်သီးနှင့် သခွားသီးကို အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ။

၎။       ငရုတ်ပွနီနှင့် ငရုတ်ပွဝါကိုလည်း အနည်းငယ် ပါးပါးလှီးပြီး ရေခဲရေမှာ စိမ်ထားပါ။

၅။       ကီဝီသီးကို အခွံ နွှာပြီး  အစိတ်လိုက် လှီးထားပါ။ လိမ္မော်သီးကို တစ်ခြမ်းအရည်ညှစ်ပြီး ကျန်တစ်ခြမ်း ကို ပါးပါးလှီးထားပါ။

၆။       ပြီးနောက် ပန်းကန်တစ်ချပ်မှာ အသင့်ပြင်ထားသော သီးရွက်စုံများ၊ တာရီယာကီဆော့စ်၊ နှမ်းဆီမွှေး၊ ငရုတ်ကောင်းမှုန့်၊ ဆလတ်ရွက်တို့ဖြင့် ရောနယ်ပေးပြီး တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments