ကြက်သားလုံး ကညွတ်နှင့် မှိုဟင်းချို (Cleared Minced Chicken Soup with Asparagus & Mushroom)

by Chef Ko Sunny for Food Magazine

          ဒီလအတွက် ပရိသတ်များကို ဖော်ပြပေးလိုက်တဲ့ ဟင်းလျာလေးတစ်မျိုးကတော့ ကျန်းမာရေးနဲ့  ညီညွတ်ပြီး ပြင်ဆင်ရတာလည်း လွယ်ကူတဲ့ “ကြက်သားလုံး ကညွတ်နှင့် မှိုဟင်းချို” လေးပါပဲ။ ကြက်သားကို ကြက်ဥ၊ ဂျုံမှုန့်၊ ကော်မှုန့် အနည်းငယ်တို့ဖြင့် အနည်းငယ် စေးပိုင်နေအောင် ပြင်ဆင်ပြီး အသင့်သန့်စင်ထားတဲ့ ကညွတ်နဲ့ ရှီမေးဂျိမှိုကို လတ်လတ်ဆတ်ဆတ်လေး ခတ်ပြီး ချက်ထားတာမို့ အရသာလည်းရှိပြီး အာဟာရလည်း ဖြစ်စေပါတယ်။ တရုတ်အစားအစာ ပြင်ဆင်နည်းလေးကို အခြေခံပြီး ပြင်ဆင်ထားတဲ့

“ကြက်သားလုံး ကညွတ်နှင့် မှိုဟင်းချို”လေး ချက်ကြည့်ကြရအောင်…OK…

ပါဝင်ပစ္စည်းများ

ကြက်သားစဉ်းကော  –  ၂၀ဝ ဂရမ် (အရသာသွင်းပြီး)

ကညွတ်  –  ၁၀ဝ ဂရမ် (အခွံနွှာပြီး ၁ လက်မအရှည်လှီးထားပါ)

ရှီမေးဂျိမှို  –  ၁၀ဝ ဂရမ် (သန့်စင်ပြီး ထက်ဝက်လှီးဖြတ်ထားပါ)

ကြက်ဥ  –  ၁  လုံး

ဂျုံမှုန့်  –  ၅၀ ဂရမ်

ကော်မှုန့်  –  ၂၅ ဂရမ်

ကြက်သွန်ဖြူ  –  ၄ ဂရမ် (အခွံနွှာပြီး ဓားပြားရိုက်ထားပါ)

ကြက်သားအရသာမှုန့်  –  ၃ ဇွန်း

ဆား၊ ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်ပြုတ်ရည်  –  ၄၀ဝ မီလီလီတာ

ကြက်သွန်ဖြူအနှစ်  –  ၁ ဇွန်း

ပေါင်မုန့်ကြမ်း  –  ၆ ချပ် (ပါးပါးလှီးပြီး မီးကင်ထားပါ)

ပြုလုပ်နည်း

၁။       ကြက်ပြုတ်ရည် ၄၀ဝ မီလီလီတာကို ကြက်သားမှုန့် ၁ ဇွန်းနှင့် ဆူအောင် ကျိုထားပါ။

၂ ။      ဇလုံတစ်လုံးထဲ ကြက်သားစဉ်းကောကို ဆား၊ ငရုတ်ကောင်း၊ ကြက်သားမှုန့် ၁ ဇွန်း၊ ကြက်ဥ၊ ဂျုံမှုန့်၊ ကော်မှုန့်တို့နှင့် သမအောင် ရောမွှေထားပါ။

၃ ။      ကြက်ပြုတ်ရည်ဆူလျှင် အသင့်အရသာသွင်းထားသော ကြက်သားစဉ်းကောကို ဇွန်းဖြင့် ခပ်လုံးပြီး ကျက်အောင် ချက်ထားပါ။

၎ ။      ကြက်သားလုံးများ ကျက်လျှင် ဟင်းချိုရည်ကို ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပါ။ ကြက်သားအရသာမှုန့်၊ ဆားတို့ဖြင့် အရသာထိန်းညှိပေးပါ။

၅ ။      ဟင်းချိုရည်ကို အရသာသွင်းပြီးလျှင် ကညွှတ်နှင့် ရှီမေးဂျိမှိုတို့ကို ထည့်ချက်ပါ။

၆ ။      ဟင်းချိုရည် အဆင်သင့်ဖြစ်လျှင် ငရုတ်ကောင်းမှုန့် အနည်းငယ်အုပ်၍ ပန်းကန်လုံးထဲ ထည့်ပြီး သုံးဆောင်ပါ။

၇ ။      အသင့်ပြင်ဆင်ထားသော ကြက်သွန်ဖြူအနှစ်ကို ပေါင်မုန့်အပေါ်မှာသုပ်၍ မီးကင်ပြီး ဟင်းချိုနှင့်အတူ သုံးဆောင်နိုင်ပါတယ်။

Facebook Comments

Menu