ကြက်သားဇီရာ အစပ်ချက်နှင့် ပန်းဂေါ်ဖီဖြူစိမ်းသုပ် (Sauté Spicy Cumin Chicken with Broccoli & Cauliflower Salad)

by Chef Sunny for Food Magazine

          ဒီလအတွက် ပရိသတ်ကြီးကို ဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ “ကြက်သားဇီရာအစပ်ချက်နှင့် ပန်းဂေါ်ဖီဖြူစိမ်းသုပ်” လေးပါပဲ။ ကြက်ရင်အုပ်သားကို အနောက်တိုင်းဟင်းလျာအနံ့အရသာလေးနဲ့ စီမံပြီး အလွယ်ဆုံးပုံစံလေးနဲ့ ချက်ပြုတ်ပြထားပါတယ်။ ပန်းဂေါ်ဖီဖြူစိမ်းသုပ်ကိုလည်း မြန်မာနဲ့ အနောက်တိုင်းအစားအစာ ပြင်ဆင်ပုံကို ရောနှောထားတဲ့ “Fusion Style” ပုံစံနဲ့ ပြင်ဆင်ထားတာမို့ ခံတွင်းတွေ့စေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်မျှတစေပါတယ်ဗျာ။ ကဲ … လွယ်ကူရိုးရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ “ကြက်သားဇီရာအစပ်ချက်နှင့် ပန်းဂေါ်ဖီဖြူစိမ်းသုပ်” လေး ပြင်ဆင်ကြည့်ကြရအောင်ဗျို့ … OK … WOW!!! SO BEAUTIFUL !!!

ကြက်သားဇီရာအစပ်ချက်

ပါဝင်ပစ္စည်းများ

ကြက်ရင်အုပ်သား  –  ၁၅ ကျပ်သား

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ဇီရာအမှုန့်  –  အနည်းငယ်

ငရုတ်ချိုမှုန့်  –  အနည်းငယ်

မာဂျော်ရမ်ရွက်ခြောက်  –  အနည်းငယ်

သိုင်း(မ်)ရွက်ခြောက်  –  အနည်းငယ်

ငရုတ်သီးမှုန့်  –  အနည်းငယ်

ငရုတ်ချဉ်ဆော့စ် (အနီ)  –  အနည်းငယ်

ငရုတ်ချဉ်ဆော့စ် (အစိမ်း)  –  အနည်းငယ်

သံလွင်ဆီ  –  ၂ ဇွန်း

ဝိုင်ဖြူ  –  ၁၀ဝ မီလီလီတာ

တာရာဂွန်ရွက်  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ရင်အုပ်သားကို အရေပြားဖယ်ထုတ်ပြီး ပါးပါးလှီးကာ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ဇီရာမှုန့်၊ ငရုတ်ချိုမှုန့်၊ မာဂျော်ရမ်ရွက်ခြောက်၊ သိုင်း(မ်)ရွက်ခြောက်၊ ငရုတ်သီးမှုန့်၊ ငရုတ်ချဉ် ဆော့စ် (နီ၊ စိမ်း)၊ သံလွင်ဆီတို့နှင့် အရသာသွင်း ထားပါ။

၂။       ဒယ်အိုးကို အပူပေးပြီး အသင့်အရသာသွင်းထားသော ကြက်ရင်အုပ်သားကို အိုးကပ်ကြော်ပါ။

၃။       ကြက်ရင်အုပ်သား အနည်းငယ်ညိုလာလျှင် ဝိုင်ဖြူ အနည်းငယ်ထည့်ချက်ပြီး တာရာဂွန်ရွက်နှင့် အလှ ဆင်ကာ တည်ခင်းပါ။

ပန်းဂေါ်ဖီဖြူစိမ်းသုပ်

ပါဝင်ပစ္စည်းများ

ပန်းဂေါ်ဖီစိမ်း  –  အနည်းငယ်

ပန်းဂေါ်ဖီဖြူ  –  အနည်းငယ်

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ

ခရမ်းရောင်ဂေါ်ဖီထုပ်  –  ၁ စိတ်

ဆန်ရှလကာရည်  –  ၁ ဇွန်း

ဂျပန်ငါးငံပြာရည်  –  ၁ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

သံလွင်ဆီ  –  ၂ ဇွန်း

သံပရိုသီး  –  ၂ စိတ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပန်းဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီဖြူကို ဆားရည်မှာ ၁ မိနစ်ခန့် ပြုတ်ပြီး ရေခဲရေမှာ စိမ်ထားပါ။

၂။       ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ရေခဲရေမှာ စိမ်ထားပါ။

၃။       ခရမ်းရောင် ဂေါ်ဖီထုပ်ကို အမျှင်ပါးပါးလှီးပြီး ရေခဲရေမှာ စိမ်ထားပါ။

၎။       အသင့်ပြုတ်ပြီး အအေးခံထားသော ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီဖြူနှင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို ရေစစ်ပြီး ဆန်ရှလကာရည်၊ ဂျပန်ငါးငံပြာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သံလွင်ဆီ၊ သံပရိုရည်နှင့် ရောသုပ်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။

၅။       ခရမ်းရောင်ဂေါ်ဖီထုပ်ကို ရောစပ်ပြီး အသင့်သုပ်ထားသော ပန်းဂေါ်ဖီစိမ်းသုပ်နှင့် တွဲဖက်ကာ တည်ခင်းပါ။

Facebook Comments