ကြက်ရင်အုပ်သား၊ ကောက်ရိုးမှိုခရင်မ်ဆော့စ်၊ ကညွတ်၊ မှိုနှင့် ခရမ်းချဉ်သီးသုပ် (Pan-Grill Chicken Breast with Creamy Mushroom Sauce & Straw Mushroom, Asparagus Fomato Salad)

by Chef Ko Sunny for Food Magazine

          ဒီလအတွက် ပရိသတ်များကို တင်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ ဥရောပအစားအစာပြင်ဆင်ချက်ပြုတ်နည်းကို အခြေခံပြီးပြင်ဆင်ထားတဲ့ “ကြက်ရင်အုပ်သား၊ ကောက်ရိုးမှိုခရင်မ်ဆော့စ်၊ ကညွတ်၊ မှိုနှင့် ခရမ်းချဉ်သီးသုပ်” လေးပါပဲဗျာ။ ဥရောပအစားအစာ ကြိုက်နှစ်သက်သူတွေအတွက်တော့ ပြင်ဆင်ရတာလွယ်ကူပြီး အရသာလည်း ထူးခြားတာကြောင့် စိတ်ကျေနပ်မှုရစေမှာပါ။ ကြက်ရင်အုပ်သားကို ချက်ရလွယ်ကူအောင် အသားထုတဲ့တူလေးနဲ့ ပါးပါးလေးဖြစ်အောင် ထုထောင်းပြီးမှ အိုးကပ်ကင်ထားတာမို့ နူးညံ့ပြီး အစာကြေလည်းလွယ်စေပါတယ်။ ကောက်ရိုးမှိုအလုံးလေးတွေကို ကညွတ်၊ ခရမ်းချဉ်သီးတို့နဲ့ ရိုးရိုးရှင်းရှင်း မရောနိစ်၊ နို့မလိုင်ချဉ်နှစ်မျိုးကို အခြေခံပြီး ပြင်ဆင်ထားတာမို့ ချဉ်ဆိမ့်အရသာလေးနဲ့ ထူးခြားနေမှာပါ။ ကဲ… ရိုးရှင်းပြီး အရသာထူးခြားတဲ့ “ကြက်ရင်အုပ်သား၊ ကောက်ရိုးမှိုခရင်မ်ဆော့စ်၊ ကညွတ်၊ မှိုနှင့် ခရမ်းချဉ်သီးသုပ်” လေး  ပြင်ဆင်ကြည့်ရ အောင်။ OK…

ကြက်ရင်အုပ်သားနှင့် ကောက်ရိုးမှိုခရင်မ်ဆော့စ်

ပါဝင်ပစ္စည်းများ

ကြက်ရင်အုပ်သား  –  ၁ ခု

သံပရာသီး  –  ၁ ခြမ်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကောက်ရိုးမှို  –  ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကြက်သွန်နီ  –  ၁ ခြမ်း

သံလွင်ဆီ  –  ၁ ဇွန်း

ဝိုင်ဖြူ  –  ၁၀ဝ မီလီလီတာ

ထောပတ်  –  ၁ ဇွန်း

အော်ရီဂါနိုရွက် (အခြောက်)  –  အနည်းငယ်

ဟင်းချက်ခရင်မ်  –  ၂၀ဝ မီလီလီတာ

ပင်စိမ်းရွက်  –  အနည်းငယ်

ဆလတ်ရွက်  –  အနည်းငယ်

ချက်ပြုတ်ပုံ

၁။       ကြက်ရင်အုပ်သားကို အရေပြားဖယ်၍ အလျားလိုက် ထက်ခြမ်းလွှာပြီး အသားထုသောတူဖြင့် အနည်းငယ် ထုထားပါ။

၂။       အသင့်ထုထောင်းထားသော ကြက်ရင်အုပ်သားကို သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် အရသာ သွင်းထားပါ။

၃။       ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို နုပ်နုပ်စဉ်းထားပါ။

၎။       ဒယ်အိုးမှာ သံလွင်ဆီအနည်းငယ်ကို အပူပေးပြီး အသင့်အရသာသွင်းထားသော ကြက်ရင်အုပ်သားကို အိုးကပ်ကြော်ပါ။

၅။       ကြက်ရင်အုပ်သား အနည်းငယ်ညိုလာလျှင် ဝိုင်ဖြူ၊ ငရုတ်ကောင်းအနည်းငယ်ဖြင့် ချက်ထားပါ။

၆။       ဒယ်အိုးမှာ ထောပတ်အနည်းငယ်ကို အပူပေးပြီး အသင့်လှီးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ကာ ဆီသတ်ပြီး လှီးထားသောကောက်ရိုးမှို ထည့်ချက်ပါ။

၇။       အရသာကို ဆား၊ ငရုတ်ကောင်း၊ အော်ရီဂါနိုရွက်အခြောက်၊ ဝိုင်ဖြူ၊ ဟင်းချက်ခရင်မ်တို့ကို ထည့်ပြီး ပျစ်အောင်ချက်ထားပါ။

၈။       အသင့်ချက်ထားသော ကြက်ရင်အုပ်သားကို ပါးပါးလှီးပြီး အသင့်ချက်ထားသော  ကောက်ရိုးမှိုခရင်မ်ဆော့စ်နှင့် ဆလတ်ရွက်အနည်းငယ်ခင်းပြီး ပင်စိမ်းရွက်ဖြင့် အလှဆင်ပါ။

ကညွတ်၊ မှိုနှင့် ခရမ်းချဉ်သီးသုပ်

ပါဝင်ပစ္စည်းများ

ကညွတ်  –  ၅ ချောင်း

ခရမ်းချဉ်သီး  –  ၁ လုံး

ကျောက်စိမ်းသီး  –  ၁ လုံး

ကောက်ရိုးမှို  –  ၅ လုံး

ကြက်သွန်နီ  –  ၁ လုံး

ထောပတ်  –  ၁ ဇွန်း

သံပရာသီး  –  ၁ ခြမ်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

မရောနိစ်ဆော့စ်  –  ၁ ဇွန်း

ခရင်မ် အချဉ်  –  ၁ ဇွန်း

ပါမီဆန်ချိစ်အမှုန့်  –  အနည်းငယ်

ချက်ပြုတ်ပုံ

၁။       ကညွတ်ကိုအမျှင်ထုတ်၍ ၂ လက်မခန့်လှီးပြီး ခရမ်းချဉ်သီးနှင့် ကျောက်စိမ်းသီးကို ၄ စိတ် အစောင်း လှီးထားပါ။

၂။       ကောက်ရိုးမှိုကို ထက်ခြမ်းလှီးထားပါ။

၃။       ကြက်သွန်နီကို ပါးပါးလှီးပြီး ဆားရည်မှာ စိမ်ထားပါ။

၎။       ကောက်ရိုးမှိုနှင့် ကညွတ်ကို ကြက်ပြုတ်ရည် အနည်းငယ်ဖြင့်ပြုတ်ပြီး ရေခဲရေမှာ စိမ်ထားပါ။

၅။       အသင့်လှီးထားသော ကြက်သွန်နီ၊ ပြုတ်ထားသော ကညွတ်နှင့် ကောက်ရိုးမှို၊ အသင့်လှီးထားသော ခရမ်းချဉ်သီး၊ ကျောက်စိမ်းသီးတို့ကို ရောထည့်ပြီး အရသာကို သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ မရောနိစ်ဆော့စ်၊ ခရင်မ်အချဉ်တို့ဖြင့် တွဲဖက်ကာ ပါမီဆန်ချိစ်အနည်းငယ်ဖြူး၍ တည်ခင်းပါ။

Facebook Comments