ကြက်ရင်ပုံသား ထိုင်ဝမ်မုန်ညင်း ကညွတ်ကြော်

by My Foodies for Food Magazine

          ဟင်းသီးဟင်းရွက် ၂ မျိုးနဲ့ ကြက်သားကို အခြောက်ကြော်ထားတဲ့ အကြော်ပုံစံလေး ဖြစ်ပါတယ်။ ဆီနည်းနည်း၊ မီးများများနဲ့ လျှပ်တစ်ပြက် အမြန်ကြော်ရတဲ့ နည်းလေးဖြစ်ပါ တယ်။ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့အပြင် အာဟာရစုံလင်တာကြောင့် နံနက်၊ နေ့လယ်၊ ည အချိန်မရွေး နှစ်သက်သလို ချက်ချင်းထကြော်စားလို့ရတဲ့နည်းလေး ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပါးပါးလှီးထားသော ကြက်ရင်ပုံသား  –  ပန်းကန်လုံး ၁ လုံးစာ

သကြား  –  အနည်းငယ်

ဆား  –  လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ငရုတ်သီးရှည်အပွတောင့်  –  ၂ တောင့်

ကြက်သွန်ဖြူ  –  ၄ မြွှာ

ဆီ  –  ထမင်းစားဇွန်း ၂ ဇွန်း

ကညွတ်  –  ၁၀ ပင်

ထိုင်ဝမ်မုန်ညင်း  –  ၆ ပင်

ပဲငံပြာရည်  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ငရုတ်ကောင်းဖြူမှုန့်  –   အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ရင်ပုံသားများကို ဆား၊ သကြားတို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ။ ငရုတ်သီး အရှည်အပွတောင့်များကို အစေ့ထုတ်ပြီး အနေတော်ပိုင်းဖြတ်ထားပါ။ ကြက်သွန်ဖြူများကို စဉ်းထားပါ။ ကညွတ်များကို peeler သုံးပြီး အကြောမာမာများ ခြစ်ထုတ်၍ အနေတော်ပိုင်းဖြတ်ကာ ရေနွေးဆူဆူမှာ ၂ မိနစ် စိမ်ပြီး ရေအေးမှာ ပြန်စိမ်ထားပါ။ ထိုင်ဝမ်မုန်ညင်းများကိုလည်း အနေတော်ပိုင်းဖြတ်ထားပါ။

၂။       ကြက်သွန်ဖြူများကို မီးပြင်းပြင်းမှာ ဆီသတ်၍ အရသာသွင်းထားသော ကြက်သားများနှင့် ငရုတ်သီးများထည့်ပြီး အမြန်ကြော်ပါ။ တစ်ဆက်တည်း ကျန်ပါဝင်ပစ္စည်းများကို ထည့်မွှေကြော်ပေးပြီး နောက်ဆုံးမှာ ငရုတ်ကောင်းဖြူနှင့် အဆုံးသတ်ပေးပါ။

www.facebook.com/MY FOODIES (mm)

Facebook Comments