ကြက်ရင်ပုံသားနှင့် ကောက်ရိုးမှိုခရင်မ်ဆော့စ်၊ ကညွတ်၊ မှိုနှင့် ခရမ်းချဉ်သီးသုပ်

by Chef Sunny for Food Magazine

          ဒီလအတွက် ဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ “ကြက်ရင်ပုံသားနှင့် ကောက်ရိုးမှိုခရင်မ်ဆော့စ်၊ ကညွတ်၊ မှိုနှင့် ခရမ်းချဉ်သီးသုပ်” လေးတွေပါပဲ။ ကြက်ရင်ပုံသားကြော်ကို  ကောက်ရိုးမှိုခရင်မ်ဆော့စ်နဲ့ ဆမ်းပြီး စားရတဲ့ အရသာက အလွန်ကောင်းမွန်လှပါတယ်။ ဒီကြက်ရင်ပုံသားကြော်နှင့် ကောက်ရိုးမှိုခရင်မ်ဆော့စ်လေးနဲ့ လိုက်ဖက်ညီစွာ တွဲစားနိုင်အောင် ကညွတ်၊ မှိုနှင့် ခရမ်းချဉ်သီးသုပ်လေးကိုပါ တွဲဖက်ပြီး ရေးသားပေးလိုက်ပါတယ်ခင်ဗျာ…။

ကြက်ရင်ပုံသားနှင့် ကောက်ရိုးမှိုခရင်မ်ဆော့စ်

ပါဝင်ပစ္စည်းများ

ကြက်ရင်ပုံသား  –  ၁ ခု

သံပရာသီး  –  ၁ ခြမ်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကောက်ရိုးမှို  –  ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကြက်သွန်နီ  –  ၁ ခြမ်း

သံလွင်ဆီ  –  ၁ ဇွန်း

ဝိုင်ဖြူ  –  ၁၀ဝ မီလီလီတာ

ထောပတ်  –  ၁ ဇွန်း

အော်ရီဂါနိုရွက် အခြောက်  –  အနည်းငယ်

ဟင်းချက်ခရင်မ်  –  ၂၀ဝ မီလီလီတာ

ပင်စိမ်းရွက်  –  အနည်းငယ်

ဆလတ်ရွက်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်ရင်ပုံသားကို အရေပြားဖယ်၍ အလျားလိုက် ထက်ခြမ်းလွှာပြီး အသားထု တူဖြင့် အနည်းငယ် ထုထားပါ။

၂။       အသင့်ထုထောင်းထားသော ကြက်ရင်ပုံသားကို သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့နှင့် အရသာသွင်းထားပါ။

၃။       ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို နုပ်နုပ်စဉ်းထားပါ။

၎။       ဒယ်အိုးမှာ သံလွင်ဆီအနည်းငယ်ကို အပူပေးပြီး အသင့်အရသာ သွင်းထားသော ကြက်ရင်ပုံသားကို အိုးကပ် ကြော်ပါ။

၅။       ကြက်ရင်ပုံသား အနည်းငယ်ညိုလာလျှင် ဝိုင်ဖြူ၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြင့် ချက်ထားပါ။

၆။       ဒယ်အိုးထဲ ထောပတ်အနည်းငယ်ထည့်၍ အပူပေးပြီး အသင့်လှီးထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ထည့်ပြီး ဆီသတ်ကာ လှီးထားသော ကောက်ရိုးမှို ထည့်ချက်ပါ။

၇။       အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်၊ အော်ရီဂါနိုရွက်အခြောက်၊ ဝိုင်ဖြူ၊ ဟင်းချက်ခရင်မ်တို့ ထည့်ပြီး ပျစ်အောင် ချက်ထားပါ။

၈။       အသင့်ချက်ထားသောကြက်ရင်ပုံသားကို ပါးပါးလှီးပြီး အသင့်ချက်ထားသော ကောက်ရိုးမှိုခရင်မ်ဆော့စ်နှင့် ဆလတ်ရွက်အနည်းငယ်ခင်းပြီး ပင်စိမ်းရွက်ဖြင့် အလှဆင်ပါ။

ကညွတ်၊ မှိုနှင့် ခရမ်းချဉ်သီးသုပ်

ပါဝင်ပစ္စည်းများ

ကညွတ်  –  ၅ ချောင်း

ခရမ်းချဉ်သီး  –  ၁ လုံး

ကျောက်စိမ်းသီး  –  ၁ လုံး

ကောက်ရိုးမှို  –  ၅ လုံး

ကြက်သွန်နီ  –  ၁ လုံး

ထောပတ်  –  ၁ ဇွန်း

သံပရာသီး  –  ၁ ခြမ်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

မရောနိစ်ဆော့စ်  –  ၁ ဇွန်း

ခရင်မ် အချဉ်  –  ၁ ဇွန်း

ပါမီဆန်ချိစ်အမှုန့်  –  အနည်းငယ်

ကြက်ပြုတ်ရည်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကညွတ်ကို အမျှင်ထုတ်၍ ၂ လက်မခန့် လှီးပြီး ခရမ်းချဉ်သီးနှင့် ကျောက်စိမ်းသီးတို့ကို ၄ စိတ် အစောင်းလှီးထားပါ။

၂။       ကောက်ရိုးမှိုကို ထက်ခြမ်းလှီးထားပါ။

၃။       ကြက်သွန်နီကို ပါးပါးလှီးပြီး ဆားရည်ထဲ စိမ်ထားပါ။

၎။       ကောက်ရိုးမှိုနှင့် ကညွတ်တို့ကို ကြက်ပြုတ်ရည်အနည်းငယ်ဖြင့် ပြုတ်ပြီး ရေခဲရေမှာ စိမ်ထားပါ။

၅။       အသင့်လှီးထားသော ကြက်သွန်နီ၊ ပြုတ်ထားသော ကညွတ်နှင့် ကောက်ရိုးမှို၊ အသင့်လှီးထားသော ခရမ်းချဉ်သီးနှင့် ကျောက်စိမ်းသီးတို့ကို ရောထည့်ပြီး အရသာကို သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ မရောနိစ်ဆော့စ်၊ ခရင်မ်အချဉ်တို့ဖြင့် တွဲဖက်ပြီး ပါမီဆန်ချိစ်အမှုန့်အနည်းငယ်ဖြူး၍ တည်ခင်းပါ။

Facebook Comments