ကြက်ပင်စိမ်းနှင့် ထိုင်းပုစွန်သုပ် (Basil Chicken & Thai Shrimp Salad)

 USN_5

USN_2 

USN_3

USN_4

          ဒီလမှာလည်း ကျွန်တော့်ရဲ့ ‘အခုချက်အခုစားဟင်းလျာများ’ အစီအစဉ်မှာတင်ဆက်ခဲ့တဲ့ ထိုင်းရိုးရာ အစားအစာ အတွဲတစ်မျိုးနဲ့ တင်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်လေးကတော့ ‘ကြက်ပင်စိမ်းနှင့် ထိုင်းပုစွန်သုပ်’ပါပဲ။ ကြက်သားကို အရိုးဖယ်၍ နုပ်နုပ်စဉ်းပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ခရုဆီနဲ့ ပင်စိမ်းရွက်တို့ကို အစပ်အဟပ်တည့်အောင်ချက်ထားတဲ့ ကြက်ပင်စိမ်းဟင်းလျာဟာ ထမင်းဖြူနဲ့ အလွန်လိုက်ဖက်သလို ပုစွန်ဆိတ်လေးတွေကိုပြုတ်ပြီး ငရုတ်ပွရောင်စုံ၊ သခွားသီး၊ ရှမ်းငရုတ်နီ တို့နဲ့အတူ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပူဒီနာ၊ ပင်စိမ်းတို့ကို နုပ်နုပ်စဉ်းပြီး ငါးငံပြာရည်၊ သံပရာရည်၊ ပန်းသီးရှလကာရည်၊ သကြားညိုတို့နဲ့ အချဉ်စပ်၍ သုပ်ထားတာမို့ ထမင်းအလွန်မြိန်မှာ အသေအချာပါပဲ။ ထိုင်းရိုးရာ အစားအစာတွေကတော့ ထုံးစံအတိုင်း ချဉ်ငန်စပ်အရသာနဲ့ လတ်ဆတ်တဲ့အသားနဲ့ အသီးအနှံတွေကို ရောနှောပြင်ဆင်ထားတာမို့ အာဟာရပြည့်ဝသလို အစာကြေဖို့လည်း လွယ်ကူမှာပါ။ အခုလို မိုးဦးရာသီမှာ ဒီလိုဟင်းလျာလေးတွေနဲ့ဆိုရင် မိသားစုတွေ ထမင်းမြိန်မှာ သေချာပါတယ်။ ကဲ . . . ချဉ်ငန်စပ်လေး ချက်လိုက်ရအောင်ဗျို့။

►   ကြက်ပင်စိမ်းပါဝင်ပစ္စည်းများ

♦   ကြက်သားစဉ်းကော – ၁ဝ ကျပ်သား

♦   ကြက်သွန်ဖြူ – ၅ တက်

♦   ငရုတ်သီးစိမ်း – ၅ တောင့်

♦   ပင်စိမ်းရွက် – အနည်းငယ်

♦   ပဲဆီသန့် – ၃ ဇွန်း

♦   ငရုတ်ကောင်း – အနည်းငယ်

♦   ခရုဆီ – ၂ ဇွန်း

♦   ပဲငံပြာရည် (အငန်) – ၁ ဇွန်း

♦   နှမ်းဆီမွှေး – အနည်းငယ်

♦   ဆလတ်ရွက် – အနည်းငယ်

►   ကြက်ပင်စိမ်းချက်ပြုတ်ပုံအညွှန်း

၁။      ကြက်သားစဉ်းကောကို ကျေညက်အောင် အနည်းငယ်စဉ်းပါ။

၂။      ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို လှီးပါ။ ပင်စိမ်းရွက်ကို သန့်စင်၍ အရွက်ခြွေ ထားပါ။

၃။      ပဲဆီအနည်းငယ်ဖြင့် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ဆီသတ်၍ ကြက်သားစဉ်းကောကို ထည့်ကြော်ပါ။

၎။      ခရုဆီ၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်ထည့်ပါ။

၅။      ကြက်သားစဉ်းကောကျက်လျှင် ပင်စိမ်းရွက်၊ နှမ်းဆီမွှေးအနည်းငယ်ထည့်ပြီး ဆလတ်ရွက်ဖြင့် တွဲ၍ စားသုံးနိုင်ပါသည်။

►   ထိုင်းပုစွန်သုပ် ပါဝင်ပစ္စည်းများ

♦   ပုစွန်ဆိတ်   –   ၁ဝ ကျပ်သား

♦   နံနံပင်   –   အနည်းငယ်

♦   ပင်စိမ်းရွက်   –   အနည်းငယ်

♦   ပူဒီနာရွက်   –   အနည်းငယ်

♦   သံပရာသီး   –   ၁ လုံး

♦   ငါးငံပြာရည်   –   ၁ ဇွန်း

♦   ဆား –   အနည်းငယ်

♦   ငရုတ်ကောင်းမှုန့် –   အနည်းငယ်

♦   သကြားညို   –   ၁ ဇွန်း

♦   သံလွင်ဆီ   –   ၂ ဇွန်း

♦   ပန်းသီးရှလကာရည် –   ၁ ဇွန်း

♦   သခွားသီး   –   ၁ လုံး

♦   ငရုတ်ပွအဝါ   –   အနည်းငယ်

♦   ငရုတ်ပွအနီ –   အနည်းငယ်

♦   ငရုတ်ပွအစိမ်း   –   အနည်းငယ်

♦   ရှမ်းငရုတ်ချို (နီ)   –   ၁ တောင့်

♦   ငရုတ်သီးစိမ်း   –   ၅ တောင့်

♦   ဆလတ်ရွက်   –   အနည်းငယ်

♦   ဖရုံစေ့   –   အနည်းငယ်

►   ထိုင်းပုစွန်သုပ် ချက်ပြုတ်ပုံအညွှန်း

၁။      နံနံပင်၊ ပင်စိမ်း၊ ပူဒီနာတို့ကို နုပ်နုပ်စဉ်းပြီး သံပရာရည်၊ ငါးငံပြာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သကြားညို၊ ပန်းသီးရှလကာရည်၊ သံလွင်ဆီတို့ဖြင့် အချဉ်ဆော့စ် လုပ်ပါ။

၂။      ရေနွေးထဲသို့ ပန်းသီးရှလကာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ချင်း၊ ပုစွန်ဆိတ်ကို ထည့်၍ (၁) မိနစ်ခန့်ပြုတ်ပြီး အအေးခံထားပါ။

၃။      သခွားသီး၊ ငရုတ်ပွ (နီ)၊ ငရုတ်ပွ (ဝါ)၊ ငရုတ်ပွ (စိမ်း)နှင့် ရှမ်းငရုတ်ချို (နီ)တို့ကို ပါးပါးလှီး၍ ရေခဲရေဖြင့် စိမ်ပါ။

၎။      အချဉ်ဆော့စ်ထဲကို လှီးထားသော အသီးအနှံ၊ ပြုတ်ထားသော ပုစွန်ဆိတ်ကို ထည့်၍ နယ်ပြီး ရေခဲသေတ္တာထဲတွင် အအေးခံထားပါ။

၅။      အအေးခံထားသော ထိုင်းပုစွန်သုပ်ကို ဆလတ်ရွက်၊ ဖရုံစေ့တို့ဖြင့် တည်ခင်းနိုင်ပါတယ်။

www.facebook.com/Sunny Angelo

Facebook Comments