ကြက်စွပ်ပြုတ် (ရှလဝါ)

by Sofia for Food Magazine

          အဝေးရောက်နေသူများအဖို့ မွေးရပ်မြေ အထူးသတိရစေတဲ့ ကြက်စွပ်ပြုတ်၊ အမဲစွပ်ပြုတ်လေး ဖြစ်မယ်ထင်ပါတယ်။ ငယ်ငယ်က ရှလဝါအလှူအတွက် အမြဲသွားပြီး ကူလုပ် ပေးဖူးတယ်။ နှစ်ပေါင်းကြာပြီမို့ သေချာပြန်စဉ်းစားပြီး ချက်ထားပါတယ်။လုံးဝချည်းမတူရင်တောင် အနီးစပ်ဆုံး ကြိုးစားချက်ထားပါတယ်။ အလွမ်းပြေ ချက်စားနိုင်အောင် အဝေးရောက် မောင်နှမများအတွက် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ကြက်ရိုး၊ ကြက်သား (သို့) အမဲရိုး၊ အသား  –  ၁ ကီလို

ကရဝေးရွက်  –  ၅ ရွက်

သစ်ကြံပိုးခေါက်  –  ၃ ချောင်း

ကြက်သွန်နီ  –  ၈ လုံး

ချင်း ကြက်သွန်ဖြူ  –  စားပွဲဇွန်း ၂ ဇွန်း

ပဲနီလေး  –  ဆန်ခြင်ခွက် ၁ ခွက်

ဆန်ကွဲ  –  ၁ ခွက်

ရွှေကြည်  –  ၁/၂ ခွက်

နနွင်းမှုန့်  –  ၁/၂ ဇွန်း

ငရုတ်ကောင်း  –  ၁ ဇွန်း

ထောပတ်  –  ၃ ဇွန်း (Ghee)

အုန်းသီး  –  ၁ ခြမ်း

ဆီ  –  ၁၅၀ ဂရမ်

ဆား  –  လိုသလောက်

ဟင်းခတ်မှုန့်  –  ၂ ဇွန်း

မဆလာ (သို့) ဇီရာ  –  ၁ ဇွန်း

ပြုလုပ်နည်း

၁။       ဦးစွာ အမဲရိုး၊ အသား (သို့) ကြက်ရိုး၊ ကြက်သားကို ရေစိမ်ပြီး ရေဆေးထားပါ။

၂။       အရိုး၊ အသားများကို ရေမြုပ်အောင် ထည့်ပြီး မီးဖိုမှာ တည်ပါ။ ဆူပွက်ပါက အမြှုပ်များ ခပ်ထုတ်ပစ်ပါ။

၃။       ကြက်သွန်နီ ၆ လုံးကို ခပ်ကြမ်းကြမ်း စိတ်ထည့်ပါ။ ချင်းကြက်သွန်ဖြူ၊ ကရဝေးရွက်နှင့် သစ်ကြံပိုးခေါက်တို့ကို ထည့်ပါ။

၎။       ပဲနီလေး၊ ဆန်ကွဲကို ရေဆေးပြီး ထည့်ပြုတ်ပါ။ ကုလားပဲသုံးပါက သီးသန့်ပြုတ်ပြီး၊ ခြေပြီးမှထည့်ပါ။ အရိုးများ၊ ဆန်ကွဲ၊ ပဲနီလေးများနူးပြီး ကြေအောင် အဆက်မပြတ် မွှေပါ။

၅။       လိုအပ်သလောက် အပျစ်အကျဲရအောင် ရေထည့်ပေးပါ။ ရွှေကြည်ကို ထောပတ်ဖြင့် လှော်ပေးပြီး ထည့်ပါ။ အုန်းသီးကို အမှုန့်ခြစ်ပြီး အရည်ညှစ်ထည့်ပါ။ အရသာ ဖြည့်စွက်ပေးပါ။

၆။       အသားများ နူးအိပြီး ကြေလာပါက အရသာအပေါ့အငန်မြည်းပြီး မဆလာထည့်ပါ။ ကြက်သွန်နီ ၂ လုံးကို နနွင်းမှုန့်ဖြင့် ဆီသတ်ပြီး ထည့်၍ ငရုတ်ကောင်းထည့်ပြီး ပူပူနွေးနွေး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments