ကြက်ကလယ်ချက်

ကြက်ကလယ်ချက်

          မော်လမြိုင်က ကြက်ကလယ်ချက်ကို စားဖူးပြီးကတည်းက အတော်ကို ကြိုက်နှစ်သက်မိတာပါ။ မတူတူအောင် အကြိမ်ကြိမ် လိုက်ချက်ရပါတယ်။ ချက်လွန်းမက ချက်တော့ အမြဲအားပေးရတဲ့ အိမ်ကမဌေးနဲ့ ဖိုးခွားတို့ဟာ အဲဒီကြက်ကလယ်ချက်ကို စားရတာ ငြီးငွေ့လာပုံ ရပါတယ်။ “ဆရာမရယ် နဂိုမူရင်းထက် ဆရာမဟင်းကတောင် တော်တော်ပိုကောင်းနေပါပြီ”တဲ့။ ထပ်ကို မချက်စေချင်တော့တာ။ အဲဒီလောက်ကို အကြိမ်ကြိမ် ချက်ပစ်လိုက်တာ။ စကားပြန် ဆက်ရရင်တော့ မော်လမြိုင်ဘက်က အိမ်ရှင်မတွေဟာ အစားအစာကို တော်တော်ကောင်းကောင်းမွန်မွန် ချက်တတ်ကြပုံရပါတယ်။ သူတို့ရဲ့ဟင်းတွေက ရိုးရိုးလေးနဲ့ စားလို့ကောင်းကြပါတယ်။ အဲဒီကြက်ကလယ်ချက်လေးဟာ သူတို့ မော်လမြိုင်ဘက်က ဂေါ်ရင်ဂျီမဆလာနဲ့ဆို ပိုပြီး အနံ့အရသာပြည့်စုံပါတယ်။ ရိုးရိုးမဆလာသာရ နိုင်မယ့် နေရာဆိုရင် ကုလားလေး မဆလာနဲ့ ချက်လို့လည်းရပါတယ်။ လန်ဒန်မှာတုန်းကတော့ Gram Masala နဲ့ Tandoori Masala ကို ရောပြီး သုံးဖြစ်ပါတယ်။ အဲဒါအရမ်းမွှေးပါတယ်။ လန်ဒန်မှာ ကျွန်မ ဒံပေါက်ချက်ရင် အဲဒီ ၂ မျိုးကို အဓိကထား  ရောသုံးပြီး ချက်ပါတယ်။ အခုဒီချက်နည်း ချက်တဲ့အချိန်မှာ MISY မေမေတစ်ယောက်က မော်လမြိုင် ဂေါ်ရင်ဂျီမဆလာကို လက်ဆောင်ပေးလိုက်တော့ ကျွန်မ အဲဒါလေးကို သုံးပါတယ်။ လုပ်နည်းကိုလည်း ဟိုမေး၊ ဒီမေး အကုန် လိုက်မေး၊ ကောင်းနိုးရာရာ စမ်းသပ်ချက်လိုက်နဲ့ နောက်ဆုံး အဆင်ပြေတဲ့နည်းနဲ့ ချက်ပြီး ရေးပေးလိုက်ပါတယ်။ အရိုးများတဲ့ မြန်မာကြက်ကလေးကိုချက်မှ အရသာပိုကောင်းပါတယ်။ ဒီဟင်းက ဟင်းအနှစ်မည်းမည်းများများနဲ့ တော်တော်ကို စပ်စပ်လေး၊ မွှေးမွှေးလေးဖြစ်စေတဲ့ ဟင်းပါ။

   ပါဝင်ပစ္စည်းများ

♦   ကြက်တစ်ကောင်   –   ၅၀ သားခန့်

♦   ကြက်သွန်နီ   –   ၇ ဥ (အသေး)

♦   ကြက်သွန်ဖြူ   –   ၁ ဥ (ဥကြီး)

♦   ချင်း   –   လက်တစ်ဆစ်

♦   ငရုတ်ကောင်း   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ကရဝေးရွက်   –   ၃-၄ ရွက်

♦   နနွင်း   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ငရုတ်သီးအရောင်တင်   –   ထမင်းစားဇွန်း ၁ ဇွန်း

♦   ငရုတ်သီး အကြမ်းကွဲ   –   ထမင်းစားဇွန်း ၁ ဇွန်း

♦   ငရုတ်သီး အလှော်မှုန့်   –   ထမင်းစားဇွန်း ၁ ဇွန်း

♦   ဂေါ်ရင်ဂျီမဆလာ   –   ထမင်းစားဇွန်း ၂ ဇွန်း

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   ဟင်းခတ်မှုန့်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      နနွင်း၊ ဆား အနည်းငယ်နှင့် ကြက်သွန်နီ/ဖြူ၊ ချင်း၊ ငရုတ်သီးအကြမ်းကွဲတို့ကို ညက်နေအောင် ထောင်းထားပါ။

၂။      ကြက်ကိုလည်း အတုံးသေးများတုံးပြီး ဆား၊ နနွင်း၊ ဟင်းခတ်မှုန့်တို့ဖြင့် နယ်ထားပေးပါ။ ဆီပူမှာ ကြက် သွန်ထောင်းထားတာတွေ ထည့်ပြီး နနွင်း၊ အရောင်တင်မှုန့်၊ ကရဝေးရွက်တို့နှင့် ဆီသတ်ပါမယ်။ ကြက် သွန်လည်း ကြွပ်နေပြီဆိုလျှင် ကြက်သားကို ထည့်လုံးပါ။ ကြက်သားလုံးနေရင်း မဆလာတစ်ဇွန်း ထည့်ပါတယ်။ ကြက်သား အရောင်ပြောင်းပြီး ကြက်ရေခန်း ဆီပြန်လာလျှင် ရေကို ကြက်သားတုံးများနှင့် တစ်ပြေးညီ ရေထည့်ပြီး မီးအေးအေးနှင့် အဖုံးအုပ်တည်ထားပေးပါ။

၃။      ဆီပြန်တော့မည်ဆိုလျှင် ဆား၊ ဟင်းခတ်မှုန့် အပေါ့အငန်မြည်းပြီး အသားနူးမနူး စမ်းပေးပါ။ လိုအပ်တဲ့ အရသာရောက်ပြီး အသားလည်းနူးအိနေပြီဆိုလျှင် (မနူးလျှင်တော့ ရေနည်းနည်းစီ ထပ်ခါထပ်ခါထည့်ပြီး တည်ပေးရပါမယ်။) ငရုတ်ကောင်း၊ ငရုတ်သီးလှော်မှုန့်၊ ဂေါ်ရင်ဂျီမဆလာတို့ကို ထည့်ပေးရပါမယ်။ အရမ်းလည်း မွှေးလာပြီး အနှစ်ကျ ဆီပြန်လာလျှင် တော်တော်စပ်ပြီး မွှေးနေတဲ့ အရသာရှိသော မော်လမြိုင်ရဲ့ နာမည်ကြီး ကြက်ကလယ်ချက်ကို စားလို့ရပါပြီ။ မူရင်းဆိုင်တွေလောက် မကောင်းသော်လည်း တော်တော်စားကောင်းတဲ့ ကြက်ကလယ်ချက်တစ်ခွက် အာသာပြေ မော်လမြိုင်ပြေးစားစရာ မလိုတော့ဘူးပေါ့နော်။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments