ကြက်ကချင်ချက်

by Sofia for Food Magazine

            အခုနောက်ပိုင်း ရန်ကုန်နဲ့ မန္တလေးမြို့ ကြီးတို့မှာ အထူးနာမည်ကြီးတဲ့ ကြက်သား ကချင်ချက်ဟင်းလေးဖြစ်ပါတယ်။ စားဖူးသူတိုင်း နှစ်သက်ကြတဲ့ အဲဒီဟင်းလေးကို စိတ်ရှည်စွာ သင်ပြပေးသူကတော့ မြစ်ကြီးနားက ခင်မင်ရတဲ့ ညီမငယ် Ja Bawk Ra Yawng ဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

မြန်မာကြက်  –  ၁ ကောင် (၁ ပိဿာလျော့လျော့)

မြန်မာပင်စိမ်း   –  ၁၀ ပင်

ဖက်ဖယ်ရွက်  –  ၁၅ ပင် (City Mart မှာ ရှိပါတယ်)

ရှမ်းနံနံ (ကုလားနံနံ)  –  ၁၀ ပင်

ငရုတ်သီးခြောက်  –  လက်တစ်ဆုပ် (စပ်သည့်အမျိုးအစား)

မြန်မာကြက်သွန်ဖြူဥ  –  လက်တစ်ဆုပ်

ဟွားကျောက်စေ့              –  ၁ ဇွန်း (အစေ့မရှိလျှင် အမှုန့်)

ချဉ်စော်ခါးသီးခြောက်  – လက်တစ်ဆုပ် (အချဉ်အတွက် မရှိလျှင် မုန်လာဥဖြူမပါတဲ့ ရှမ်းမုန်ညင်းချဉ်)

ခရမ်းချဉ်သီး ကြီးကြီး  –  ၁ လုံး

ရိုးရိုးနံနံပင်  –  အနည်းငယ်

နနွင်းမှုန့်  –  ၁ ဇွန်း

ချင်း  –  လက်တစ်ဆစ်

ဆား  –  စားပွဲဇွန်း ၂ ဇွန်း

ဟင်းခတ်မှုန့်   –  ၁ ဇွန်း

ပြင်ဆင်ချက်ပြုတ်ပုံ

၁။  ကြက်သားကို  ရေဆေးသန့်စင်ပြီး အတုံးသေးသေးတုံးထားကာ ချက်မည့်ဒယ်အိုးထဲ ထည့်ပါ။

၂။  ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးခြောက် (ခပ်စပ်စပ်)၊ ဟွားကျောက်စေ့၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ရှမ်းနံနံတို့ကို ငရုတ်ဆုံထဲထည့်ပြီး ထောင်းပါ။ (ငှင်းအရွက်များကို မထောင်းလိုလျှင် တောက်တောက်စဉ်းပြီး ထည့်နိုင်ပါတယ်။

၃။  ထောင်းထားသည့် အဆာပလာများကို ကြက်သားထည့်ထားသောအိုးထဲထည့်ပါ။

၎။  ဆား၊ နနွင်းမှည့်လင်သီးခြောက် (ချဉ်ဆော်ခါးသီးခြောက် မရှိလျှင် ရှမ်းမုန်ညင်းချဉ် အနည်းငယ်) ထည့်ပါ။

၅။ ခရမ်းချဉ်သီးတစ်လုံးကို ခြေထည့်ပါ။

(မှတ်ချက် – ဟင်းခတ်အချိုမှုန့်နှင့် ဆီကြိုက်ပါက ပဲဆီအနည်းငယ်ထည့်နိုင်ပါတယ်။ ရိုးရာဟင်းအစစ်မှာ ဆီမပါပါ။)

၆။  လက်အိတ်စွပ်ကာ အိုးထဲထည့်ထားသည်များကို သေချာစွာ နယ်ပေးပြီးနောက်  မီးဖိုပေါ်တင်ပြီး ကြက်သားမှထွက်လာသောအရည်များ ခန်းခြောက်သွားသည်အထိ လုံးချက်ပေးပါ။

၇။  ခြောက်သွားပါက ကြက်သားကျက်လောက်ရုံ ရေထည့်၍ ရေခန်းချက်ပေးပါ။ ရေခန်း၍ ကျက်သွားလျှင် နံနံပင်၊ ပင်စိမ်းအုပ်ကာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments