၁၂ မျိုး ဟင်းချို (Assorted Vegetable Soup)

by Sofia for Food Magazine

          သီးနှံအစုံနဲ့ အသား၊ ကြက်ဥ၊ ငုံးဥ အစုံပါတဲ့ ဟင်းချိုလေးကိုတော့ မြန်မာပြည်မှာ ၁၂ မျိုးဟင်းချိုရယ်လို့ နာမည်ကြီး လူသိများတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ကာ အဆီနည်းပြီး အားလည်းဖြစ်စေမယ့် ဟင်းတစ်ခွက်ကို စားတော်ဆက် အတော်များများမှာလည်း မှာယူသုံးဆောင်နိုင်ပါတယ်။ ဒီလှပတဲ့ ဟင်းလေးတစ်ပွဲ ဖြစ်မြောက်အောင် လိုအပ်တာတွေ အစစအရာရာ ကူညီပေးခဲ့တဲ့ ဆိုဖီယာရဲ့ အန်တီကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။ လွယ်ကူမြန်ဆန်အရသာရှိတဲ့ ဟင်းချိုလေးကို ချက်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကြက်ပြုတ်ရည်  –  ပန်းကန်လုံး ၁ လုံး

ကြက်သား  –  အနည်းငယ်

ငုံးဥ  –  ၅ လုံး

ကြက်ဥ  –  ၁ လုံး

ပဲပြား  –  တစ်ဝက်

မုန်ညင်းဖြူ  –  ၁ ခက်

ပန်းမုန်လာ  –  အနည်းငယ်

ပန်းစိမ်း  –  အနည်းငယ်

မုန်လာဥနီ  –  အနည်းငယ်

ဗိုလ်စားပဲ  –  အနည်းငယ်

မြူစွမ်ခြောက်  –  ၂ ခွေ

ခရမ်းချဉ်သီး  –  ၁ လုံး

ရွှေပဲသီး  –  ၅ တောင့်

ဆား  –  အနည်းငယ်

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

ကြက်သွန်မြိတ်  –  အနည်းငယ်

ကြက်သွန်ဖြူဆီချက်  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ချက်ပြုတ်နည်း

၁။       ဦးစွာကြက်ပြုတ်ရည် ပန်းကန်လုံး ၁ လုံးစာကို အိုးထဲသို့ ထည့်ပါ။ (ကြက်ပြုတ်ရည်အစား Ready-made Chicken Stock ကို သုံးနိုင်ပါတယ်။)

၂။       ပါဝင်သောသီးနှံအားလုံးကို ရေဆေးသန့်စင်ပြီး လိုသလို လှီးဖြတ်ထားပါ။

၃။       ကြက်သားကို သေးသေးစိတ်ထားပြီး ငုံးဥကို သီးသန့်ပြုတ်ကာ အခွံနွှာထားပါ။

၎။       ရေဆေးသန့်စင်ထားသော သီးနှံ၊ ကြက်သား၊ ငုံးဥနှင့် ပဲပြားတို့ကို ကြက်ပြုတ်ရည်ထဲမှာ ထည့်တည်ပါ။

၅။       ရေနွေးအိုးတစ်အိုးထဲမှာ မြူစွမ်ကို သီးသန့်ရေနွေးဖျောထားပြီး ဆူပွက်နေသော ဟင်းချိုအိုးထဲ ထည့်ပါ။

၆။       ဆားနှင့် ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး အရသာ အပေါ့အငန်မြည်းပါ။

၇။       သီးနှံကျက်ပါက ကြက်ဥကို ခေါက်ပြီး ဆူပွက်နေသော ဟင်းချိုအိုးထဲ ဖြည်းဖြည်းချင်း လောင်း ထည့်ပါ။

၈။       မီးပိတ်ပြီး ပန်းကန်ထဲထည့်ပါ။ အပေါ်မှ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူဆီချက်၊ ငရုတ်ကောင်း အနည်းငယ်ထည့်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

**      သီးနှံများဝါပြီး ပျော့မသွားစေရန်အတွက် ဟင်းချိုအိုးဆူပွက်ပြီး သီးနှံကျက်ပါက မီးပိတ်ကာ မီးဖိုမှ ချပါ။

Facebook Comments