ဝဥအစပ်ဟင်း

ဝဥအစပ်ဟင်း

          ဝဥဆိုတာက အပင်အောက်က ဥကြီး အကြီးကြီးပေါ့။ မြေကြီးအောက်က ဟာပေါ့။ တူးဖော်ပြီးမှ ရလာတာပါ။ တကယ်တော့ ဈေးထဲမှာ ရောင်းနေတဲ့ ဝဥဆိုတာက အဆင်သင့် စားလို့ရအောင် လုပ်ပေးပြီးသားလေးတွေပါ။ တူးဖော်လို့ရတဲ့ ဝဥအစိမ်းက ယားတတ်တယ်။ ဆားနဲ့ နာနာနယ်ဆေးရပါတယ်။ ဝဥလုပ်တာကို ဗဟုသုတအနေနဲ့ ဖတ်ဖူးတာလေး နည်းနည်းမျှဝေပေးပါရစေ။ ဝဥကို ရေစင်စင်ဆေးပြီးလျှင် ရေမြုပ်အောင် ထည့်တည်ရပါတယ်။ နူးလာပြီဆိုလျှင် အခွံခြစ်ပြီး ညက်နေအောင် ထောင်းရပါတယ်။ ညက်လာလျှင် ရေနဲ့ နယ်ရပါတယ်။ ထုံးရည်ကြည်လေးနဲ့ နယ်ပြီး ခဏအအေးခံထားရင် အတုံးလေးတွေ ရပါတယ်။ အဲဒီအတုံးလေးတွေက ဈေးထဲမှာ ဒီအတိုင်းရောင်းပါတယ်။ ဒါလေးကို ဟင်းချက်စား၊ သုပ်စားကြတာပါ။ အခု အဲဒီဝဥကို သက်သတ်လွတ်ဟင်းအနေနဲ့ ခပ်စပ်စပ်လေး ချက်ပါမယ်။

   ပါဝင်ပစ္စည်းများ

♦   ဝဥ   –   ၁၀ ကျပ်သား

♦   ကြက်သွန်နီ   –   ၂ လုံး

♦   ကြက်သွန်ဖြူ   –   ၃ ဥခန့်

♦   ငရုတ်သီးစိမ်း   –   ၆ တောင့်ခန့်

♦   ပဲငံပြာရည်   –   ၁ ဇွန်း

♦   ဆား   –   အနည်းငယ်

♦   ရှမ်းနံနံ   –   အနည်းငယ်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ဝဥတုံးလေးကို ရေစင်အောင်ဆေးပြီးလျှင် (ဈေးထဲမှာ  ဒီအတိုင်း စဉ်းရောင်းနေလို့ ဆေးတာပါ) အတုံးလေးတွေ တုံးလိုက်ပါ။ ဒယ်အိုးတစ်လုံးပေါ်မှာ အရင်အပူလှိမ့် လိုက်ပါ။ ဝဥလေးထဲက ရေထွက်လာပြီး တင်းတင်းလေး ဖြစ်လာပြီဆိုလျှင် ဖယ်ထားလိုက်ပါ။

၂။      ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို မညက်တညက်ထောင်းပြီး အရောင်တင်၊ နနွင်းတို့နှင့် ဆီသတ်လိုက်ပါ။ ပြီးမှ ဝဥတုံးလေးများ ထည့်ပါ။ ဆား၊ ပဲငံပြာရည် (သက်သတ်လွတ်ဖြစ်လို့ ပဲငံပြာရည် သုံးပါတယ်) ထည့်ပြီး ရေအနည်းငယ်နှင့် အဖုံးအုပ်ထားလိုက်ပါ။ ၅ မိနစ်ခန့်ဆိုလျှင် ရှမ်းနံနံလေး ထည့်မွှေလိုက်လျှင် မွှေးစပ်စပ် ဝဥဟင်းလေးတစ်ခွက်ရပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments