ဝန်ချတောင်းပန် ချက်ကြည့်ရန်

ဝန်ချတောင်းပန် ချက်ကြည့်ရန်

          မတ်လမှာတော့  ဆရာမနန်းစန်းစန်းအေးက’မရမ်းသီးငါးပိချက်’ အပါအဝင် ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဆိုပါဟင်းလျာအတွဲ အစပ်များကတော့ –

၁။      ဘဲသားအာလူးအချိုချက်၊ မဆလာဟင်းအရွက်စုံကြော်၊ သခွားဖိသုပ်၊ နံနံမျှစ်၊ ငရုတ်သီးထောင်း၊

၂။      ငါးနှင့်မရမ်းပြားချက်၊ ဂျပန်တို့ဟူးဆီပြန်၊ ကိုက်လန် ရွက်ကြော်၊ ပူစီနံငါးပိထောင်း၊

၃။      ပုစွန်ထုပ်မီးကင်၊ သီးစုံမဆလာချက်၊ သင်္ဘောသီးသုပ်၊ ငံပြာရည်ကြော်၊

၎။      အမဲသားပျဉ်းတော်သိမ်ချက်၊ ဘူးသီးဘူးရွက်ဟင်းချို၊ ခရမ်းချဉ်သီးသုပ်၊ ငါးပိရည်ဖျော်တို့စရာ

၅။      ကြက်သည်းမြစ်မဆလာချက်၊ ရေမုန်ညင်းကြော်၊ သရက်သီးငါးပိချက်၊ ပဲနီလေး ဟင်းချို၊

၆။      ဝက်သုံးထပ်သား၊ သရက်သီးသုပ်၊ မုန်လာဥပိုးတီသုပ်၊ ဒန့်သလွန်ရွက်ဟင်းချို၊

၇။      ငါးမြင်း၊ ငရုတ်သီးချက်၊ ကုလားပဲဖရုံသီးဟင်းချို၊ ဟင်းနုနယ်ရွက်ကြော်၊ မရမ်းသီးငါးပိချက်၊

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ငါးမြင်း၊ ငရုတ်သီးချက်၊ ကုလားပဲဖရုံသီးဟင်းချို၊ ဟင်းနုနယ်ရွက်ကြော်၊ မရမ်းသီးငါးပိချက်တို့ကို တင်ဆက်ပေးလိုက်ပါတယ်။

          ‘ရာသီဥတုက ဒီလောက်ပူနေတာကို ဘာတွေအငွေ့တစ်ထောင်းထောင်းနဲ့ ချက်ပြုတ်နေတာတုန်း’

          ‘ဘာရမှာလဲ အိမ်သားတွေစားဖို့ပေါ့ဟဲ့။ မကူညီတဲ့ အပြင်အပြစ်တော့လာမပြောနဲ့၊ နဂိုကတည်းက ပူတာနဲ့အပြိုင် စိတ်တိုနေတယ်သိလား’

          ‘တစ်ခါမှ နင်စိတ်ရှည်တာလည်း မမြင်ဖူးပါဘူး။ သက်သာရာ သက်သာကြောင်း ပြောပြမလို့ဟာကို။ ဒီလိုရာသီဥတုပူပူဆို ဝက်လက်အေးတို့၊ အရွက်များများနဲ့ ဆလတ်လို့ခေါ်တဲ့ အသုပ်တစ်မျိုးမျိုး၊ နံတုံတို့ဘာတို့ လိုက်ဖက်တယ်လေ။ ရေခဲသေတ္တာထဲကနေထုတ်ပြီး တည်ခင်းလိုက်ရုံပဲ၊ လွယ်မှလွယ်။’

          ‘ဆရာမလုပ်နဲ့ နင့်လိုဘာမဆို ပါးစပ်ထဲထည့် အကုန်ဝါးတဲ့ကောင်ဆိုရင်တော့ ဟုတ်မှာပေါ့။ ဖေဖေနဲ့ မေမေကဟင်းဆို ပူပူနွေးနွေးမှ၊ မမဆိုလည်း ချက်ပြီးချင်းစားမှ ကြိုက်တာဟဲ့၊ သိလည်းမသိဘဲနဲ့။

          ‘အဲလောက်ကြီးလည်း မဟုတ်ပါဘူးဟာ။ နင်ပဲ ကိုရီးယားကားတွေကြည့်ပြီး ထမင်းပူဟင်းပူလေးမှ မချက်ကျွေးရလေခြင်းဆိုတဲ့ မင်းသမီးတွေရဲ့ အပြောတွေကို သဘောကျနေတာမဟုတ်လား’

          ‘အမလေးဟဲ့ သဘောကျစရာရှားလို့ ထမင်းပူဟင်း ပူတဲ့ငါသဘောကျတာတွေက သူတို့ရဲ့ ချစ်ခြင်း မေတ္တာတွေပဲ သမက်နောက်ပါမဲ့မြေးတွေကို ချစ်လွန်းလို့စိတ်မချ လွန်းလို့သမက်နဲ့ နောက်အိမ်ထောင်ပြောင်း တဲ့နောက်လိုက်ပြီး မြေးတွေကို ဖြည့်ဆည်းပေးနေတဲ့ အဘိုးနဲ့အဘွား၊ အိမ်စားရိတ်လေးပေးပါရစေ။ အိမ်ငှား ပေးပါရစေနဲ့ တဖွဖွလိုက်တောင်းပန်နေတဲ့ သူတို့ရဲ့စိတ်ထားတွေကို ပိုကြိုက်တယ်။ တို့မြန်မာပြည်မှာများတော့ အပျိုလူပျို ယူတောင်မှ သဘာမတူရင် မွဲချင်တဲ့ခွေး ပြာပုံတိုးတိုး အမွေပြတ်ပဲ ဆိုတာမျိုးတွေ နေ့တိုင်းတွေ့တွေ့ နေရတာ။ အလုပ်မှာရော လူမှုရေးမှာရော ကျဆုံးတယ်ဆိုတာကို ဘယ်တော့မှ လွယ်လွယ်လက်မခံဘဲ ရေကုန်ရေခန်း ကြိုးစားတဲ့စတိုင်တွေကို ပိုကြိုက်တယ်။ မှားရင်လည်း ကြီးကြီး ငယ်ငယ် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဝန်ခံတောင်းပန်တတ်တယ်။ ပြောရရင်တော့ အတွင်းစိတ်ထားအလှတွေကို ကိုရီးယားကား မှာ အများကြီးတွေ့ရတယ်။’

          ‘ဒါဆိုရင်တော့ အခုချက်မဲ့ဟင်းက ဗမာဟင်းမဟုတ်လောက်ဘူး’

          ‘ဘာဟင်းပဲချက်ချက် စားကောင်းဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်နေဖို့၊ အဆိပ်အတောက်တွေမပါဖို့ အလေး ထားရင်း နိုင်ငံတကာဟင်းချက်နည်းတွေကို မြန်မာမှုပြုပြီး ချက်မှာပေါ့ဟဲ့’

          ‘အပြောကိုမခံဘူး။ ဘယ်လိုပဲချက်ချက် စားပေးရဦးမှာပေါ့။ အားနာပါးနာ လုပ်လည်းလုပ်ကူမယ်လေ။

          ဒါဆိုလည်း ချက်ကြတာပေါ့။ ငါးမြင်းအိုးကင်းပူတိုက်ပြီး ငရုတ်သီး၊ ခရမ်းချဉ်သီးနဲ့ချက်မယ်၊ ဟင်းရည် အတွက် ကုလားပဲ၊ ဖရုံသီး၊ ပျဉ်းတော်သိမ်ခတ်နဲ့ မရမ်းသီးငါးပိချက်၊ ဟင်းနုနယ်ရွက်ကြော်မယ်။

          ငါးမြင်းအလယ်သားတစ်ကွင်း၊ နှစ်ဆယ်သားကို ရေစင်စင်ဆေးပြီး ဆားအရသာ လက်ဖက်ရည်ဇွန်းတစ် ဝက်စီနဲ့ရောနယ်ပြီး နှပ်ထားမယ်။

          ချက်မယ်ဆို မကပ်တဲ့အိုးထဲ ဆီစတီးဇွန်းတစ်ဇွန်းနဲ့ ငါးအသားတွေ ရွှေညိုရောင်ပြောင်းအောင် အိုးကင်းပူတိုက်မယ်။ အဆာအတွက် ကြက်သွန်ဖြူတစ်ဥညက်အောင်ထောင်းပြီး ဆီးငါးကျပ်သားထဲကို ထည့်ကြော်မယ်။ ကြက်သွန်ဖြူအနံ့မွှေးလာရင် ခရမ်းချဉ်သီးနှစ်လုံး ကြိတ်ခြေထားတာထည့်ချက်မယ်။ ခရမ်းချဉ်သီးထဲပါတဲ့ အရည်ခန်းပြီး ဆီပြန်လာရင် ကြက်သွန်နီတစ်ဥကြီးကြီး အကွင်းလိုက်လှီးထားတာနဲ့ ငရုတ်သီးပွသုံးတောင့် ဓားပြားရိုက်ထားတာထည့်မယ်။ အဖုံးခဏအုပ်ပြီး ငရုတ်သီးကျက်ရင် အိုးကင်း တိုက်ထားတဲ့ ငါးတုံးထည့်မယ်။ ရေစတီးဇွန်းနှစ်ဇွန်းဖြည့်ပြီး ပွက်ဆူအောင်တည်မယ်။ ဆား၊ အရသာလိုတာ ထပ်ဖြည့်ပြီးရင် အိုးချလို့ရပါပြီ။

          ကုလားပဲ ဖရုံသီးဟင်းချိုအတွက် ကုလားပဲတစ်ဆယ်သား ရေစင်စင်ဆေးပြီး နူးအောင်ပြုတ်မယ်။ အချိန်ရမယ်ဆို တစ်နာရီနှစ်နာရီစိမ်ပြီး ပြုတ်ရင် အနူးမြန်ပါတယ်။ ကုလားပဲနူးခါနီးရင် ဖရုံသီးတစ်စိတ်အသေး တုံးပြီး နူးရုံပေါင်းထည့်ပြုတ်ပါ။ ကြက်သွန်ဖြူ နီနှစ်ဥစီထောင်း၊ ဆီသုံးကျပ်သားထဲထည့်ပြီး ဆီသတ်မယ်။ ကြက်သွန်ဖတ်တွေ ရွှေဝါရောင်တောက်ပြီး အနံ့မွှေးလာရင် နနွင်းလက်တစ်ဖျစ်စာဖြည့်ပြီး ပဲပြုတ်ထည့်ပါ။ အပါ့အငန်အရသာ အနေတော်ဖြစ်အောင် ထပ်ထည့်ပါ။ အနံ့အတွက် ပျဉ်းတော်သိမ်ရွက်ခတ်ပါ။ ရေကိုတော့ မပျစ်မကျဲ အနေတော်ကိုယ့်အကြိုက်ထည့်ပြီး ပွက်ဆူရင်ဟင်းရည်ရပါပြီ။

          ဟင်းနုနယ်ရွက်ကြော်အတွက် ဟင်းနုနယ်ပင် ပေါက်လေးတွေက ပိုနူးညံ့ပြီး အရသာရှိပါတယ်။ ရေဆေးသန့်စင်ပြီး ကြက်သွန်ဖြူ၊ ချင်း၊ ဆီသတ်ထည့်ကြော်၊ ဆားအရသာ အနေတော်ဆိုရပါပြီ။ အနည်းအများကိုတော့ ကုန်သလောက်သာထည့်ကြော်ပါ။ များများစားလေ ကောင်းလေဖြစ်တဲ့ အစိမ်းရင့်ရောင် အရွက်ကြော်ပါ။

          မရမ်းသီးငါးပိချက်အတွက် မရမ်းသီးဆယ့်ငါးလုံး၊ ငရုတ်သီးစိမ်း ဆယ်တောင့်၊ ညက်အောင်ထောင်း ထားမယ်။ ကြော်မဲ့အိုးထဲ ဆီနှစ်ကျပ်ခွဲသားထည့် ကြက်သွန်ဖြူ ငါးတက်ထည့်ကြော်၊ အနံ့မွှေးလာရင် ငါးပိစိမ်းစားကွမ်းသီးလုံးနှစ်လုံးစာထပ်ထည့် မီးအရှိန်လျှော့ပြီး ငါးပိကျက် ရင် ပုစွန်ခြောက်မှုန့် စတီးဇွန်းကြီး တစ်ဇွန်းစာထပ်ဖြည့်မယ်။ မရမ်းသီးငရုတ်သီး ရောထောင်းထားတာထည့်မယ်။ ပွက်ဆူလာရင် အရသာအငန် အစပ် အနေတော်ဖြစ် အောင်မြည်းပြီးရင် မရမ်းသီးငါးပိချက်ရပါပြီ။ ရှိတဲ့အသီး အရွက်တွေနဲ့ တို့စားဖို့ပါ။

          ‘တကယ်တမ်းချက်ကြည့်ပြုတ်ကြည့်တော့ လွယ်လွယ်နဲ့ မရဘူးဘဲ။ ပူတယ်။ ညှော်တယ်။ စပ်တယ်။ နံ တယ်။ အပြစ်တွေပြောသလိုဖြစ်သွားတာ တောင်းပန်ပါတယ်။’

          ဒီလိုလေသံမျိုးနဲ့ဆိုရင်တော့ ကျေနပ်စွာ စားခွင့်ပြုပါမယ်။

နန်းစန်းစန်းအေး

အဓိပတိ (ဖြူး)

►   မရမ်းသီးငါးပိချက်

♦   မရမ်းသီး   –   ၁၅ လုံး

♦   ငရုတ်သီးစိမ်း   –   ၁ဝ တောင့်

♦   ဆီ   –   နှစ်ကျပ်ခွဲသား

♦   ကြက်သွန်ဖြူ   –   ၅ တက်

♦   ငါးပိစိမ်းစား   –   ကွမ်းသီးလုံး၂ လုံးစာ

♦   ပုစွန်ခြောက်မှုန့်   –   စတီးဇွန်းကြီး ၁ ဇွန်း

►   ကုလားပဲဖရုံသီးဟင်းချို

♦   ကုလားပဲ   –   ၁ဝ သား

♦  ဆီ   –   ၃ ကျပ်သား

♦   ဖရုံသီး   –   ၁ စိတ်

♦   ကြက်သွန်နီ   –   ၂ ဥ

♦   ကြက်သွန်ဖြူ   –   ၂ ဥ

♦   နနွင်း   –   အနည်းငယ်

♦    အရသာမှုန့်   –   အနည်းငယ်

♦   ပျဉ်းတော်သိမ်၊ ရေ

►   ငါးမြင်းငရုတ်သီးချက်

♦   ငါးမြင်း   –   ၂ဝ သား

♦   ဆား   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   ဆီ   –   စတီးဇွန်း ၁ ဇွန်း (ငါးကြော်ရန်)

♦    ကြက်သွန်ဖြူ   –   ၁ ဥ

♦    ခရမ်းချဉ်သီး   –   ၂ လုံး

♦   ဆီ   –   ၅ ကျပ်သား

♦   ကြက်သွန်နီ   –   ၁ ဥ

♦   ငရုတ်သီးပွ   –   ၃ တောင့်

♦   ရေ   –   စတီးဇွန်း ၂ ဇွန်း

♦   Nan San San Aye   ♦

Facebook Comments