ဝက်သား မက်မွန်သီးချက်နှင့် ခဝဲသီးချက်

by Chef Sunny for Food Magazine

          ဒီလအတွက် နောက်ထပ်ဖော်ပြပေးလိုတဲ့ ဟင်းလျာအတွဲလေးကတော့ “ဝက်သား မက်မွန်သီးချက်နှင့် ခဝဲသီးချက်” တို့ပါပဲ။ ဝက်မိုးခိုသားကို ဂျပန်တန်ပူရာဆော့စ်၊ တာရီယာကီဆော့စ်တို့နဲ့ အချိုချက်ထားပြီး ရို့မယ်ရီလို အနောက်တိုင်းဟင်းလျာတွေမှာ အသုံးများတဲ့ ဟင်းခတ်အမွှေးအကြိုင်အရွက်လေးနဲ့ အနံ့သင်းထားပါတယ်။ မက်မွန်သီးကို ဝက်သားနူးတဲ့အချိန်မှာ ထည့်ချက်ထားတာမို့ မက်မွန်သီးအနံ့လေးနဲ့ ချိုမြတဲ့ အရသာကိုလည်း ထူးခြားစွာရရှိစေမှာပါ။ ပူဒီနာရွက်လေး အနည်းငယ်အုပ်ထားတာမို့ မက်မွန်သီးနဲ့ အလွန်လိုက်ဖက်ပါတယ်။ တွဲဖက်တည်ခင်းမယ့် ခဝဲသီးချက်ကိုတော့ မုန်လာဥနီ အပင်ငယ်လေးတွေနဲ့ ပြောင်းဖူးငယ်လေးတွေ ရောချက်ထားတာမို့ အလွန်ချိုပြီး အစာလည်း ကြေ၊ အာဟာရလည်း ဖြစ်စေမှာပါ။ ကဲ… ပြင်ဆင်ရတာလွယ်ကူပြီး အရသာထူးခြားစေမယ့် “ဝက်သား မက်မွန်သီးချက်နှင့် ခဝဲသီးချက်” လေး ချက်ကြည့်ကြရအောင်။ OK…

ဝက်သားမက်မွန်သီးချက်

ပါဝင်ပစ္စည်းများ

ဝက်မိုးခိုသား  –  ၅၀ ကျပ်သား

လိမ္မော်သီး  –  ၁ လုံး

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တာရီယာကီဆော့စ်  –  ၄ ဇွန်း

တန်ပူရာဆော့စ်  –  ၄ ဇွန်း

သစ်ကြံပိုးမှုန့်  –  အနည်းငယ်

ဇီရာမှုန့်  –  အနည်းငယ်

ရို့စ်မယ်ရီရွက်ခြောက်  –  အနည်းငယ်

သိုင်း(မ်)  –  အနည်းငယ်

မက်မွန်သီး  –  ၁ လုံး

သံလွင်ဆီ  –  ၁ ဇွန်း

ရေနွေး  –  ၁၀ဝ မီလီလီတာ

ရက်(စ်)ဘယ်ရီသီး  –  ၁၀ လုံး

ပူဒီနာအရွက်  –  အနည်းငယ်

ချက်ပြုတ်နည်း

၁။       ဝက်မိုးခိုသားကို အရွတ်ထုတ်သန့်စင်ပြီး လက်တစ်လုံးခန့် အထူအကွင်းလိုက် လှီးထားပါ။

၂။       အသင့်လှီးထားသော ဝက်မိုးခိုသားကို လိမ္မော်ရည်၊ ငရုတ်ကောင်းမှုန့်၊ တာရီယာကီဆော့စ်၊ တန်ပူရာဆော့စ်၊ သစ်ကြံပိုးမှုန့်၊ ဇီရာအမှုန့်၊ ရို့စ်မယ်ရီရွက်ခြောက်၊ သိုင်း(မ်) အနည်းငယ်နှင့် အရသာသွင်းထားပါ။

၃။       မက်မွန်သီးကို အန်စာတုံးပုံ လှီးထားပါ။

၎။       ဒယ်အိုးမှာ သံလွင်ဆီကို အပူပေးပြီး အသင့်အရသာသွင်းထားသော ဝက်မိုးခိုသားကို အနည်းငယ် ညိုလာအောင် အိုးပူကပ်ကြော်ပါ။

၅။       ဝက်မိုးခိုသား အနည်းငယ်ညိုလာလျှင် တာရီယာကီဆော့စ်၊ တန်ပူရာဆော့စ်နှင့် ရေနွေးအနည်းငယ်ထည့်ပြီး ချက်ပါ။

၆။       အသင့်လှီးထားသော မက်မွန်သီးနှင့် ရက်(စ်)ဘယ်ရီသီးတို့ကို ထည့်ချက်ပြီး ပူဒီနာ အရွက် အနည်းငယ်အုပ်၍ အဆုံးသတ်ပါ။

၇။       အသင့်ချက်ထားသော ဝက်သားမက်မွန်သီးချက်ကို ရက်(စ်)ဘယ်ရီသီး၊ ပူဒီနာနှင့် သိုင်း(မ်)အနည်းငယ်တို့ဖြင့် အလှဆင်တည်ခင်းပါ။

ခဝဲသီးချက်

ပါဝင်ပစ္စည်းများ

ခဝဲသီး  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၅ မြွှာ

ထောပတ်  –  ၁ ဇွန်း

မုန်လာဥနီ (ငယ်)  –  ၁၀ လုံး

ပြောင်းဖူးငယ်  –  ၁၀ ဖူး

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ရေနွေး  –  ၁၀ဝ မီလီလီတာ

အသားမှုန့်  –  အနည်းငယ်

ချက်ပြုတ်နည်း

၁။       ခဝဲသီးကို အခွံခြစ်ထုတ်၍ အကွင်းလိုက် စောင်းစောင်းလှီးထားပြီး ရေစိမ်ထားပါ။

၂။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းထားပြီး ထောပတ်အနည်းငယ်နှင့် ဆီသတ်၍ အသင့် လှီးထားသော ခဝဲသီးကို ထည့်ချက်ပါ။

၃။       ခဝဲသီး အနည်းငယ်မွှေးလာလျှင် မုန်လာဥနီ(ငယ်)နှင့် ပြောင်းဖူးငယ်တို့ကို ရောချက်ပါ။ အရသာကို အသားမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ဖြင့် ထိန်းညှိပြီး အသီးအနှံများ နူးစေရန် ရေနွေးအနည်းငယ် ထည့်ချက်ထားပြီး တည်ခင်းပါ။

Facebook Comments