ဝက်သား ဆီတိုဟူးကြော်

by My Foodies for Food Magazine

          ဆီတိုဟူးကောင်းကောင်းလက်ဆောင်ယူလာပေးတဲ့ ကျောက်မဲက မိတ်ဆွေ မနန်းကို အထူးကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ ဆီတိုဟူးရပြီဆိုတော့  ထမင်းပူပူလေးနဲ့ ဒီအတိုင်းစားဖြစ်သလို အရောအနှောအချက်လေးတွေလည်း စဉ်းစားရပြန်ပါတယ်။ ဒီတစ်ခေါက်ကတော့ ဝက်သား ကြွပ်ကြွပ်လေးကြော်ပြီး ဆီတိုဟူးအရသာပါတဲ့ ဆော့စ်လေးနဲ့ ရောချက်ထားတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ဝက်သားကြော်ရန်

ဝက်သား  –  ၂၀ ကျပ်သား (အသားချည်းလွှာပြီး)

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ဆီတိုဟူးမှ ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ကော်မှုန့်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ဆီ  –  အကြွပ်ကြော်ရန် လုံလောက်သောပမာဏ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဝက်သားလွှာများကို ဆားနှင့် ငရုတ်ကောင်း ရောနယ်ပြီး ဆီတိုဟူးမှ ဆီနှင့် ဆက်ပြီး နယ်ပါ။

၂။       ဆီအိုးအပူပေးထားစဉ် ကော်မှုန့်နှင့် အသားပြားများကို ကပ်ထားပါ။

၃။       ဆီဆူလျှင် မီးတစ်ဝက်လျှော့ချပေးပြီး အသားပြားများ ရွှေဝါရောင်သန်းလာသည်အထိ ကြော်ပေးပြီး ဆီစစ်ထားပါ။

ဆီတိုဟူး ချဉ်စပ်အနှစ်ချက်ရန်

ဆီတိုဟူး  –  ၁ တုံး (ခြေပြီးသား)

ကြက်သွန်ဖြူ  –  ၃ မြွှာ (စဉ်းပြီး)

ချင်းအချောင်း  –  အနည်းငယ် (လှီးပြီး)

ခရမ်းချဉ်သီး  –  ၁ လုံး (စဉ်းပြီး)

ပန်းငရုတ်ပွအစိမ်း  –  ၁ လုံး (စဉ်းပြီး)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဝက်သားကြော်ပြီးသား ဆီအနည်းငယ်ကို အပူပေးပြီး ကြက်သွန်ဖြူ၊ ချင်းများနှင့် ဆီသတ်ပါ။

၂။       ခရမ်းချဉ်သီးများ ထည့်ပေးပြီး မီးပြင်းပြင်းနှင့် ရေခန်းသွားအောင် မွှေကြော်ပေးပါ။ ပန်းငရုတ်ပွများ ထည့်မွှေပေးပါ။

၃။       ဆီတိုဟူး ခြေပြီးသားများ ထည့်မွှေပေးပြီး အရသာမြည်းပါ။ လိုအပ်လျှင် သကြား၊ ပဲငံပြာရည်တို့သုံးပြီး အရသာကို ချိန် ညှိပါ။

၎။       အရည်စပ်စပ်ကျန်အောင် ရေနွေးအနည်းငယ်ထည့်ပေးပြီးလျှင် အဆင်သင့် ကြော်ထားသော ဝက်သားပြားများ ထည့်မွှေပေးပါ။ နှမ်းဆီမွှေး အနည်းငယ်ထည့်မွှေပြီး ကြက်သွန်မြိတ်များ ဖြူးပေး ပြီးလျှင် သုံးဆောင်နိုင်ပါပြီ။

မှတ်ချက် ။          ။ အသားမှာကပ်တဲ့ ကော်မှုန့်အကျန် အနည်းငယ်ကို အရည်ဖျော်ပြီးလည်း နောက်ဆုံးအဆင့်မှာ သုံးနိုင်ပါတယ်။

Facebook Comments