ဝက်သားပေါင်မုန့်ကပ်ကြော် ဆလာမီဆော့စ်နှင့် ကြက်ဥသီးရွက်စုံကြော် (Pork Cutlet with Salami Sauce & Saute Mix Vegetables with Egg)

by Chef Sunny for Food Magazine

          ဒီလမှာ ပရိသတ်ကြီးအတွက် ရွေးချယ်ဖော်ပြပေးလိုတဲ့ ဟင်းလျာအတွဲလေးကတော့ ရိုးရှင်းပြီး အရသာရှိလှတဲ့ “ဝက်သားပေါင်မုန့်ကပ်ကြော် ဆလာမီဆော့စ်နှင့် ကြက်ဥ သီးရွက်စုံကြော်” လေးပါပဲ။ အနောက်တိုင်း အစားအစာ ချက်ပြုတ်နည်းကို အခြေခံပြီး ပြင်ဆင်ထားတာမို့ ထူးခြားပြီး ပြင်ဆင်ရလွယ်ကူတဲ့ ဟင်းလျာအတွဲလေးပါ။ ဆလာမီအသားပြားပို ငရုတ်ပွရောင်စုံ၊ ခရမ်းချဉ်သီးဆော့စ်တို့နှင့် ချက်ထားတာမို့ အစာကြေလွယ်ပြီး အာဟာရကို ပြည့်ဝစေပါတယ်။ ကဲ… ထူးခြားပြီး ပြင်ဆင်ရလွယ်ကူတဲ့ “ဝက်သားပေါင်မုန့်ကပ်ကြော် ဆလာမီဆော့စ်နှင့် ကြက်ဥသီးရွက်စုံကြော်” လေး ချက်ကြည့်လိုက်ရအောင်… Ok

ကြက်ဥသီးရွက်စုံကြော်

ပါဝင်ပစ္စည်းများ

ဖရုံသခွားသီး  –  ၁ လုံး

မုန်လာဥနီ  –  ၁ လုံး

ကညွတ်  –  ၅ ချောင်း

ပန်းဂေါ်ဖီစိမ်း  –  အနည်းငယ်

မုန်ညင်းစိမ်း  –  ၃ ပင်

ဗိုလ်စားပဲ  –  ၅ တောင့်

ရွှေပဲသီး  –  ၁၀ တောင့်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ထောပတ်  –  ၁ ဇွန်း

ကြက်ဥ  –  ၁ လုံး

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဖရုံသခွားသီးကို ပါးပါးလှီးပါ။ မုန်လာဥနီကို အခွံနွှာ၊ ပါးပါးလှီးပြီး ဆားရည်စိမ်ထားပါ။

၂။       ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်ညင်းစိမ်း၊ ဗိုလ်စားပဲနှင့် ရွှေပဲသီးတို့ကို လှီးပြီး ဆားရည်စိမ်ထားပါ။

၃။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ထောပတ်အနည်းငယ်နှင့် ဆီသတ်ကာ အသင့်လှီးထားသော သီးရွက်စုံများနှင့် ရောကြော်ပါ။ အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်၊ အသားမှုန့်တို့ဖြင့် ထိန်းညှိပြီး ကြက်ဥအနည်းငယ်ဖြင့် အုပ်ကြော်ပါ။

ဝက်သားပေါင်မုန့်ကပ်ကြော် ဆလာမီဆော့စ်

ပါဝင်ပစ္စည်းများ

ဝက်လိုင်းသား  –  ၁၀ ကျပ်သား

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ကြက်ဥ  –  ၂ လုံး

ဂျုံမှုန့်  –  ၁၀ဝ ဂရမ်

ပေါင်မှုန့်ခြောက်အမှုန့်   –  ၁၅၀ ဂရမ်

ငရုတ်ပွ (အနီ)  –  အနည်းငယ်

ငရုတ်ပွ (အဝါ)  –  အနည်းငယ်

ငရုတ်ပွ (အစိမ်း)  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကြက်သွန်နီ  –   ၁ လုံး

ဆလာမီ  –  ၅ ပြား

ငရုတ်သီးစိမ်း  –  ၅ တောင့်

ကောက်ရိုးမှို  –  ၃ လုံး

ထောပတ်  –  ၁ ဇွန်း

ခရမ်းချဉ်သီးဆော့စ်  –  ၁၀ဝ ဂရမ်

ပါစလီအရွက်  –  အနည်းငယ်

ဟင်းရွက်ဆီ  –  ၂၅ ကျပ်သား

ဆလတ်ရွက်  –  အနည်းငယ်

ပါစလီအရွက်  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဝက်လိုင်းသားကို  ပါးပါးလှီးပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ အသားမှုန့် အနည်းငယ်တို့ဖြင့် အရသာသွင်းထားပါ။

၂။       ကြက်ဥနှစ်လုံးကို အကာနှင့် အနှစ်ရော၍ ကြေအောင် မွှေထားပါ။

၃။       အသင့်အရသာသွင်းထားသော ဝက်လိုင်းသားကို ဂျုံမှုန့်၊ ကြက်ဥ၊ ပေါင်မှုန့်ခြောက်အမှုန့်တို့ကို အစဉ်လိုက်ကပ်၍ ထားပါ။

၎။       ငရုတ်ပွ (အနီ၊ အဝါ၊ အစိမ်း)၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆလာမီ၊ ငရုတ်သီးစိမ်း၊ ကောက်ရိုးမှိုတို့ကို နုပ်နုပ်စဉ်းထားပါ။

၅။       ဒယ်အိုးမှာ ထောပတ်အနည်းငယ်ကို အပူပေးကာ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အနည်းငယ်ဆီသတ်ပြီး အသင့်နုပ်နုပ်စဉ်းထား သော ငရုတ်ပွ (အနီ၊ အဝါ၊ အစိမ်း)၊ ဆလာမီ၊ ငရုတ်သီးစိမ်း၊ ကောက် ရိုးမှိုတို့ ထည့်ချက်ပါ။

၆။       အရသာကို ငရုတ်ကောင်းမှုန့်၊ အသားမှုန့် အနည်းငယ်တို့ဖြင့် ထိန်းညှိ၍ ခရမ်းချဉ်သီးဆော့စ် ထည့်ချက်ပြီး ပါစလီအရွက် နုပ်နုပ်စဉ်း၍ အုပ်ပါ။

၇။       ပေါင်မုန့်ကပ်ထားသော ဝက်လိုင်းသားကို ဆီမြုပ်ကြော်ပြီး ဆလတ်ရွက်အနည်းငယ် ဆလာမီဆော့စ်နှင့်အတူ ပါစလီအရွက်နှင့် အလှဆင်ကာ အီတလီပေါင်မုန့် (ဖိုကားရှားဘရက်)နှင့် တွဲဖက်တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments