ဝက်သားအစပ်အိုးကင်းပူ

by Ko Thit Htoo for Food Magazine

          ဒီဝက်သားအစပ်ကြော်နည်းကို ရိုးရာနည်းတွေစွက်ပြီး ဖန်တီးထားတာဖြစ်ပါတယ်။ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ် သီးစိမ်းတို့နဲ့ အခြေခံထားလို့ လွယ်လွယ်ကူကူဖန်တီးလို့ ရပါလိမ့်မယ်။ ဒီဟင်းမှာ ပေးချင်တာက အဓိကက လျှာကို စွဲစေမယ့် ခံတွင်းရနံ့ (Flavour) ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်သား ၃ ထပ်သား  –  ၂၀ ကျပ်သား (အတုံးသေးသေးလှီးပြီး)

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းအမည်း  –  အနည်းငယ်

ချင်းအနှစ်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်ဖြူအနှစ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဖက်ဖယ်ရွက်  –  ၂ ခက် (မီးငွေ့ငွေ့ကင်၍ ပါးပါးလှီးပြီး)

ငရုတ်သီးစိမ်း  –  ၁၀ တောင့် (မီးကင်ထောင်းပြီး)

စိမ်းစားငါးပိ  –  အနည်းငယ်

ပင်စိမ်း  –  ၂ ခက်

ပြုလုပ်နည်း

၁။       ဝက်သားများကို ဆား၊ ငရုတ်ကောင်း၊ ချင်းအနှစ်၊ ကြက်သွန်ဖြူအနှစ်တို့ဖြင့် နယ်နှပ်ပြီး  မီးကင်ပြီးသား ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်းများ၊ ငါးပိတို့နှင့် ရော၍ မီးပူငွေ့ငွေ့မှာ အသားထဲမှ ဆီများထွက်လာပြီး အသား ခြောက်သွားသည်အထိ မိနစ် ၂၀ ခန့် အချိန်ပေးပြီး မကြာမကြာ မွှေပေးပါ။

၂။       အသားခြောက်ပြီး ကျက်လျှင် ပင်စိမ်းရွက်ကို နွမ်းအောင် ခဏအုပ်ပေးပြီး ချက်ပြုတ်ခြင်းအဆုံးသတ် နိုင်ပါပြီ။

Facebook Comments