ဝက်သားမွအကြွပ်ကြော်

by Thit Htoo for Food Magazine

          ဝက်သား၊ ဆိတ်သား၊ အမဲသား ကြိုက်ရာသုံးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ဝက်လိုင်းသား အဆီနည်းတာလေးတွေ ဝယ်ရလို့ စိတ်ကူးပေါက်ပြီး ချက်ထားတာလေး ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်လိုင်းသား  –  ၃၀ ကျပ်သား

ဆား  –  လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

သကြား  –  လက်ဖက်ရည်ဇွန်း ၄  ပုံ ၁ ပုံ

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ဆီ  –  လက်ဖက်ရည်ဇွန်း  ၂ ဇွန်း

ချင်း  –  လက်တစ်ဆစ်ခန့် (ထုထားပြီး)

ကြက်သွန်ဖြူ  –  ၅ မြွှာ (ဓားပြားရိုက်ထားပြီး)

အကြွပ်ကြော်ရန်ဆီ  –  လုံလောက်သောပမာဏ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဝက်သားများ အနေတော်တုံးပြီး ဆီမှအပ ကျန်အားလုံး ရောနယ်ပြီး ရေမြုပ်ရုံထည့်ကာ ရေခန်းသည်အထိ ပြုတ်ထားပါ။ အသားနူးပြီး ကြက်သွန်ဖြူနှင့် ချင်းများလည်း ပျော့လာပြီဆိုလျှင် အိုးမှချပြီး အအေးခံကာ အသားတုံးများကို ငရုတ်ဆုံမှာ မွသွားအောင် ထောင်းပေးပါ။

၂။       အသားများမွသွားပြီးလျှင် ဆီပူနေအောင်အပူပေးပြီး ထုထားသော အသားများကို ကြွပ်လာအောင်ကြော်ပါ။

၃။       ကြော်နေစဉ်အတွင်း နှစ်သက်ရာဟင်းခတ်ရွက်ကိုလည်း ဆီပူမှာ ကြွပ်နေအောင်ကြော်ပြီး နှစ်သက်သလို ပြင်ဆင် သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments