ဝက်သားနီချက်

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ဝက်သား (လိုင်းသား)  –  ၄၀ဝ ဂရမ်

ချင်း  –  ၅၀ ဂရမ်

ကြက်သွန်နီ (ဥသေး)  –  ၇ လုံး

ကြက်သွန်ဖြူ  –  ၅ မြွှာခန့်

သကြား  –  စားပွဲဇွန်း ၄ ဇွန်း

ဆီ  –  စားပွဲဇွန်း ၄ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ထောင်းပြီးသား ချင်း  –  စားပွဲဇွန်း ၁ ဇွန်း

 

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ဝက်သားကို အနေတော်အတုံးများတုံးပြီး အရသာများနှင့် ထောင်းပြီးသား ချင်းကို ချင်းရည်ညှစ်ပြီးထည့်ကာ နယ်ပြီး နှပ်ထားပါ။

၂။       ပထမဦးဆုံး ဒယ်အိုးထဲမှာ သကြားကို အပူပေးပါ။ သကြားအရည်ပျော်ပြီး ညိုလာပြီဆိုလျှင် အရသာ နှပ်ထားတဲ့ ဝက်သားကိုထည့်ပြီး လုံးပေးပါ။

၃။       ဝက်သားမှာ သကြားရည်ကပ်ပြီး နီညိုရောင်သန်းလာပြီဆိုလျှင် ဆီထည့်ပါ။ ကြက်သွန်ဖြူကို ဓားပြား ရိုက်ပြီး ထည့်ပါ။ ချင်းကို ပါးပါးလှီးပြီး ထည့်ပါ။

၎။       ရေကို လိုအပ်သလိုထည့်ပြီး မွှေပေးပါ။ ဝက်သားနူးစပြုလာပြီဆိုလျှင် ကြက်သွန်နီဥသေးများ ထည့်ပါ။

၅။       ဝက်သားနူးပြီး အရသာမှာ ချိုဆိမ့်အရသာ ရလာပြီဆိုလျှင် ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

*  ဒီဟင်းလျာကို ဝက်သားသီးသန့်မသုံးဘဲ ဝက်သုံးထပ်သားကို သုံးမယ်ဆိုရင်လည်း ရပါတယ်။

Facebook Comments