ဝက်သားချိုချဉ်ငန်ဟင်း (Sweet Sour Salty Pork Curry)

by Syi Lwin Foods Garden for Food Magazine

          “အသီးမှာ သရက်၊ အသားမှာ ဝက်” ဆိုသည့်အတိုင်း ယခုလို ချိုချဉ်ငန်အရသာနဲ့ဆိုရင် ထမင်းအပီဆွဲမယ့် အိမ်သားတွေအတွက် အခုပဲ ချက်ကြည့်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်သုံးထပ်သား  –  ၃၀ ကျပ်သား (အနေတော်အတုံးလေးများ တုံးထားပါ)

ကြက်သွန်နီ  –  ၂ လုံး (နုပ်နုပ်စဉ်းထားပါ)

ကြက်သွန်ဖြူ  –  ၄ မြွှာ (ဓားပြားရိုက်ထားပါ)

ချင်း  –  လက်တစ်ဆစ် (နုပ်နုပ်စဉ်းထားပါ)

ရှလကာရည်  –  စားပွဲဇွန်း ၁ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ  –  ထမင်းစားဇွန်း ၃  ၁/၂ ဇွန်း

ဆား –  အနည်းငယ်

ပဲငံပြာရည်အနောက်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပဲငံပြာရည်အချို  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြားညို  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       ဝက်သားကို အနေတော်အတုံးလေးများ တုံးထားပါ။ ပဲငံပြာရည်အနောက်၊ ရှလကာရည်၊ ပဲငံပြာရည်အချို၊ သကြားညို၊ ဆား၊ ငံပြာရည်တို့ဖြင့် နယ်နှပ်ထားပါ။

၂။       ဆီကို အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ/နီ၊ နနွင်းမှုန့်နှင့် ချင်းတို့ကို ဆီသတ်ပါ။ ကြက်သွန်များ နွမ်းလာလျှင် ဝက်သားတုံးများထည့်ပြီး နှံ့အောင် မကြာခဏ မွှေပါ။

၃။       ဝက်သားတုံးများ အပေါ်အသားတင်းလျှင် ဝက်သားတုံး မြုပ်ရုံ ရေထည့်ပြီး တည်ပါ။

၎။       ဝက်သားနူးပြီး ဆီပြန်လာလျှင် ဆားမြည်းပြီး လိုတာဖြည့်၍ ထမင်းဖြူပူပူလေးဖြင့် သုံးဆောင်လို့ရပါပြီ။

Facebook Comments