ဝက်နံရိုးနှင့် မျှစ်ချဉ်ဟင်း (Myanmar Pork Spare Ribs & Fermented Bamboo Shoot Curry)

by Chef Sunny for Food Magazine

          ဒီလအတွက် ပရိသတ်များကို ဖော်ပြပေးချင်တဲ့ ဟင်းလျာလေးကတော့ မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်တဲ့ ဟင်းလျာတွေထဲက တစ်မျိုးဖြစ်တဲ့ ဝက်နံရိုးနှင့် မျှစ်ချဉ်ဟင်းလေးပါပဲ။ ဝက်နံရိုးအသားထူထူလေးကို မျှစ်ချဉ် လတ်လတ်ဆတ်ဆတ်လေးနဲ့ရောပြီး အာလူးလေးနဲ့ချက်တာကို ကျွန်တော်တို့တွေ သိပ်ကြိုက်ကြပါတယ်။ အာလူး ထည့်ချက်တာကတော့ မျှစ်ချဉ်က ထွက်လာတဲ့ အချဉ်ဓာတ်ကို လျော့ကျစေပြီး ဝက်နံရိုးက ထွက်လာတဲ့ အဆီအချို့ကိုလည်း စုပ်ယူစေလိုတာကြောင့် ထည့်ချက်ထားတာပါ။ နံနံပင်အရိုးနဲ့ အမြစ်ကိုလည်း အနံ့အရသာ စူးရှအောင် ထည့်ချက်ထားတာပါ။ ကဲ… ထမင်းပူပူလေးနဲ့ အမြဲ ထမင်းမြိန်စေတဲ့ ဝက်နံရိုးနှင့် မျှစ်ချဉ်ဟင်းလေး ချက်ကြည့်ကြရအောင်..OK..

ပါဝင်ပစ္စည်းများ

ဝက်နံရိုး  –  ၈၀ဝ  ဂရမ်

မျှစ်ချဉ်  –  ၄၀ဝ  ဂရမ် (ဆားရည်နှင့် ပြုတ်ပြီး ရေစစ်ထားပါ)

အာလူး  –  ၄၀ဝ   ဂရမ် (အခွံနွှာပြီး ရေထဲ စိမ်ထားပါ)

ငရုတ်သီးခြောက်  –  ၅၀   ဂရမ် (ရေစိမ်ပြီး အစေ့ထုတ်ထားပါ)

ကြက်သွန်နီ  –  ၁၀ဝ  ဂရမ် (ထောင်းထားပါ )

ကြက်သွန်ဖြူ  –  ၁၀ တတ် (ထောင်းထားပါ)

ချင်း  –  ၅၀ ဂရမ် (ထောင်းထားပါ)

နံနံပင်အရိုး၊ အမြစ်  –  ၅၀  ဂရမ် (အရွက်ကို  အုပ်ချက်ရန် ဖယ်ထားပါ)

ငရုတ်သီးစိမ်း  –  ၁၀  တောင့်

ပဲဆီသန့်  –  ၁၀ဝ  မီလီလီတာ

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁  ဇွန်း

ငါးငံပြာရည်  –  ၂  ဇွန်း

ခရမ်းချဉ်သီး  –  ၄၀ဝ  ဂရမ် (နုပ်နုပ်စဉ်းထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁  ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သားမှုန့်   –  ၂  ဇွန်း

ရေသန့်  –  ၃.၅  လီတာ

ပြုလုပ်နည်း

၁။       မျှစ်ချဉ်ကို ဆားရည်နှင့် မိနစ် ၃၀ ခန့် ပြုတ်ပြီး ရေစစ်ထားပါ။

၂။       ငရုတ်သီးအနှစ်ပြင်ဆင်ရန်မှာ ငရုတ်သီးခြောက်နှင့် နံနံပင်အရိုး၊ အမြစ်တို့ကို ဦးစွာ ညက်အောင်ထောင်းပြီး ချင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အစဉ်လိုက် ညက်အောင် ထောင်းထားပါ။

၃။       ဒန်အိုးထဲ ပဲဆီသန့်ကိုထည့်၍ အပူပေးပြီး နနွင်းမှုန့်ကို ဦးစွာဆီသတ်ပြီးမှ အသင့်ပြင်ဆင်ထားတဲ့ ငရုတ်သီးအနှစ်ကို ဆီသတ်ထားပါ။

၎။       ငရုတ်သီးအနှစ်ကျက်ပြီး အနံ့မွှေးလာလျှင် အသင့်နုပ်နုပ်စဉ်းထားသော ခရမ်းချဉ်သီးထည့်ပြီး ဆီသတ်ချက်ထားပါ။

၅။       ခရမ်းချဉ်သီးကျက်လျှင် အသင့်အရသာသွင်းထားသော ဝက်နံရိုးနှင့် အာလူး ထည့်ချက်ပါ။ ဝက်နံရိုးဆီပြန်လာလျှင် ရေသန့် ထည့်ချက်၊ အသင့်ပြုတ်ထားတဲ့ မျှစ်ချဉ်ထည့်ချက်ပြီး ၁ နာရီခန့် ဝက်နံရိုးနူးအောင် ချက်ထားပါ။

၆။        ဝက်နံရိုးနူးလျှင် ကြက်သားမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် အရသာထိန်းညှိပေးပြီး ငရုတ်သီးစိမ်းနှင့် နံနံပင်အုပ်၍ အဆုံးသတ်ထားပါ။

၇။       အသင့်ကျက်ပြီးသော ဝက်နံရိုးနှင့် မျှစ်ချဉ်ဟင်းကို ငရုတ်သီးစိမ်း၊ နံနံပင်တို့ဖြင့် အလှဆင်တည်ခင်းပါ။

Facebook Comments