ဝက်နံရိုးကြော်

ဝက်နံရိုးကြော်

          ဝက်နံရိုးကို အမျိုးမျိုးကြော်စားတဲ့နည်းတွေ များစွာထဲက နည်းလေးတစ်နည်းပါရှင်။ မမီးက နှစ်ပြန်ကြော်ဖို့ရေးထားပေမယ့် ချက်ချင်းစားတဲ့ သူတွေအဖို့ နှစ်ပြန်ကြော်စရာမလိုပါ။ စားခါနီးမှ ကပ်ကြော်တဲ့အခါ အချိန်အများကြီးပေးရမယ်။ မစားခင် အချိန်ကြာကြာ ကြိုတင်ကြော်ထားမိရင် ပျော့ပျော့ဖြစ်နေမယ်။ ဒါကြောင့် နှစ်ပြန်ကြော်တာ ဖြစ်ပါတယ်။

   ပါဝင်ပစ္စည်းများ

၁။   ဝက်နံရိုး    –   ၂၅ ကျပ်သား

၂။   ဟင်းချက်ဝိုင်    –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

၃။   ပဲငံပြာရည်    –   အနည်းငယ်

၎။   သကြား    –   လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

၅။   ဆား    –   အနည်းငယ်

၆။   ငါးငံပြာရည်    –   အနည်းငယ်

၇။   ငရုတ်ကောင်းမှုန့်    –   အနည်းငယ်

၈။   အကြော်မှုန့်    –   စားပွဲဇွန်း ၂ ဇွန်း

၉။   ပြောင်းကော်မှုန့်   –   စားပွဲဇွန်း ၂ ဇွန်း

၁၀။   ကြက်သွန်ဖြူ    –   ၅ မြွှာ

၁၁။   ကြက်သွန်မြိတ်    –   ၁ ပင် ( အစိမ်းရောင် အပိုင်း)

   ကြော်နည်းအဆင့်ဆင့်

၁။      ဝက်နံရိုးကို ရေဆေးပြီး အတုံးသေး တုံးထားပါ။ ခြောက်သွေ့သွားအောင် ရေစစ်ပါ။ လက်သုတ်စက္ကူနဲ့ ဖွဖွဖိပြီး ရေသုတ်ပါ။ ပါဝင်ပစ္စည်း ၂ မှ ၇ အထိ ထည့်ပြီးနယ်ပါ။ ရေခဲသေတ္တာ မခဲတဲ့အထပ်မှာ နာရီ ဝက်နှပ်ထားပါ။

၂။      ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး သုံးလေးချက်စဉ်းပါ။ ကြက်သွန်မြိတ်ကို ကြမ်းကြမ်းလေးလှီးထားပါ။ ဝက်နံရိုးကြော်မယ့်အိုးမှာ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလျှင် ကြက်သွန်ဖြူကို ကြော်ပါ။ ကြက်သွန်ဖြူကြော် အဝါရောင်သန်းခါနီးမှာ ကြက်သွန်မြိတ်ထည့်ကြော်ပါ။ ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလျှင် ဆယ်ယူထားပါ။

၃။      ဝက်နံရိုးကို ပြောင်းကော်မှုန့်၊ အကြော်မှုန့် ဆတူနည်းပါးထည့်နယ်ပါ။ ရေကို နည်းနည်းချင်း ထည့်ပြီး နယ်ပါ။ ရေမများသွားစေရန် သတိထားပါ။ အိုးထဲ ဆီကို ၁ လက်မခွဲခန့်ထည့်ပါ။ မီး အလယ်အလတ်ဖြင့် ကြော်ပါ။ မကျက်တကျက်မှာ ဆယ်ယူပါ။ စားခါနီး နောက်တစ်ပြန်ကြော်ပါ။ ချခါနီးမှာ မီးကို မြှင့်ပြီး ကြော်ပါ။ ရွှေအိုရောင်အနေအထားမှာ ဆယ်ယူပြီး ဆီစစ်ပါ။ ကြွပ်ရွ၊ မွှေးတဲ့ဝက်နံရိုးကြော် ရပါပြီ။

၎။      အသင့်ကြော်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်ကြော်ဖြူးပြီး သုံးဆောင်ပါ။

♦   Meemeetofu   ♦

Facebook Comments