ဝက်စဥကြော် ပုစွန်ခြောက်အစပ်ချက်

by Ko Thit Htoo for Food Magazine

          နာမည်ဆန်းလို့ ချက်ရခက်မယ် မထင်ပါနဲ့။ ကျွန်တော် ဟိုးအရင်နှစ်တွေတုန်းက MRTV Entertainment အစီအစဉ်မှာ ရိုက်ခဲ့တဲ့ ဝက်စဥကြော်ကို တစ်မျိုးဆန်းသစ်ပြီး နောက်ထပ်တစ်ဆင့်ပေါင်းပြီး ချက်ထားတဲ့ ချက်နည်းလေးပါ။ ၂ ဆင့် ချက်ရပေမယ့် လွယ်ကူမြန်ဆန်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်သား  –  ၃၀ ကျပ်သား

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ငရုတ်ကောင်းဖြူ  –  အနည်းငယ်

နှမ်းဆီ  –  ၃ စက်

အားလုံးရောနယ်ပြီး အရသာနှပ်ထားပါ။

ကော်မှုန့်  –  ထမင်းစားဇွန်း ၅ ဇွန်း

ဟင်းအနှစ်ချက်ရန်

ငရုတ်နီရှည်အပွ  –  ၃ တောင့်

ပုစွန်ခြောက်  –  ၂၀ ကောင်

ကြက်သွန်ဖြူ  –  ၄ မြွှာ

ကြက်သွန်နီ  –  ၂ လုံး

စပါးလင်အတွင်းသားနုနု  –  ၁ ချောင်း

နနွင်းမှုန့်  –   လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

အားလုံးရောပြီး ထောင်းထားပါ။

အသားကြော်ထားသောဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ပဲငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ရေနွေး  –  အနည်းငယ်

ငရုတ်ပွနီအရှည်  –  ၁ တောင့် (ပါးပါးလှီးပြီး)

ကြက်သွန်မြိတ်  –  ၂ ပင် (ပါးပါးလှီးပြီး)

နှမ်းလှော်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       အရသာနယ်ထားသော အသားများကို ကော်မှုန့်မှာ လူး၍ ဆီပူပူမှာ တစ်ဖတ်ချင်းထည့်ပြီး ၅ မိနစ် ရွှေဝါရောင်ရသည် အထိ ကြော်ပြီး ဆီစစ်ထားပါ။

၂။       ထောင်းထားသောအနှစ်များကို အသားကြော်ပြီး ဆီ စားပွဲဇွန်း ၃ ဇွန်းစာကို ဒယ်အိုးတစ်ခုမှာ အပူပေးပြီး ခြောက်လာအောင် ဆီသတ်ပါ။

၃။       ရနံ့မွှေးပြီး ခြောက်လာလျှင် ရေနွေး အနည်းငယ်ထည့်ပေးပြီး အနှစ်ကျသည်အထိ မွှေပေးပါ။  ပဲငံပြာရည် ထည့်ပါ။

၎။       ကြော်ပြီးသော အသားများနှင့် ငရုတ်နီများထည့်ပေးပြီး အနှစ်များနှင့် ရောသွားအောင် ဖွဖွမွှေပေးပါ။

၅။       ငရုတ်ကောင်းဖြူနှင့် ကြက်သွန်မြိတ်များ အပေါ်မှဖြူးပေးပြီး ချက်ပြုတ်ခြင်းကို အဆုံးသတ်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments