မြူရွက်ချဉ်ရည်ဟင်း

by Myint Oo Tha for Food Magazine

          မြူရွက်က ဆောင်းတွင်းမှာ အလေ့ကျပေါက်တဲ့ အပင်အမျိုးအစားပါ။ ဒီလို ဆောင်းတွင်းမှာတော့ အညာဒေသရဲ့  ကြက်သွန်စိုက်ခင်းတွေကြားမှာ ပေါက်လေ့ရှိပါတယ်။ ကျွန်တော်ကတော့ ကြက်သွန် စိုက်ခင်းတွေကြားမှာ ကြီးပြင်းလာတဲ့သူမို့ ဒီရာသီရောက်ပြီဆိုရင် ကြက်သွန်စိုက်ခင်းထဲဆင်းပြီး မြူရွက်တွေခူးပြီးတော့ သုပ်စား၊ ပြုတ်ပြီး တို့စရာအနေနဲ့ စားသလို ချဉ်ရည်ဟင်းလည်း ချက်စားပါတယ်။ ကဲ… ဒါဆိုရင် အညာဒေသရဲ့ ရာသီစာချဉ်ရည်ဟင်းချက်နည်းလေးကို ရေးပေးမှာဖြစ်လို့ လက်တွေ့ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

မြူရွက်  –  ၂ စည်း (၂၇၀ ဂရမ်)

ကြက်သွန်နီဥအသေး  –  ၄ လုံး (၈၅ ဂရမ်)

ကြက်သွန်ဖြူ  –  ၁၅  ဂရမ်

ငရုတ်သီးအရောင်တင်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ပုစွန်ခြောက်  –  စားပွဲဇွန်း ၁ ဇွန်း

အသားမှုန့်  –  အနည်းငယ်

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

မန်ကျည်းရည်  –  စားပွဲဇွန်း ၄ ဇွန်း

ရေ  –  ၃၀ဝ မီလီလီတာ

ပြုလုပ်နည်း

၁။       ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ရောပြီးထောင်းပါ။

၂။       အိုးတစ်အိုးမှာ သန့်ရှင်းထားတဲ့ မြူရွက်ကို ထည့်ပါ။ ပြီးလျှင် ထောင်းထားတဲ့အနှစ်၊ ဆီနှင့် ပုစွန်ခြောက်တို့ကို ထည့်ပြီး လုံးချက် ချက်ပါ။

၃။       ပြီးလျှင် ရေထည့်ပြီး မန်ကျည်းရည်ထည့်ပါ။

၎။       ရေဆူသည်နှင့် ဆား၊ ငံပြာရည်၊ အသားမှုန့် ထည့်ပါ။

၅။       မြူရွက်နူးလျှင် အဆင်သင့်ဖြစ်ပါပြီ။

Facebook Comments