“မြန်မာ့ရိုးရာအစားအစာနှင့်   အာဟာရ” သစ်တော်သီး

by ဒေါ်ဆန်းဆန်းဦး for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          ဒီလအတွက် “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းမှာတော့ မိုးရာသီစာ သီးနှံတစ်မျိုးဖြစ်တဲ့ “သစ်တော်သီး”ရဲ့  အာဟာရတန်ဖိုးများအကြောင်းကို ရေးသား တင်ပြဖို့ စီစဉ်ထားပါတယ်။

          သစ်တော်သီးမှာ အရိုင်းမျိုးနဲ့ အယဉ်မျိုးဆိုပြီး အကြမ်းအားဖြင့် (၂) မျိုး ခွဲခြားနိုင်ပါတယ်။ သစ်တော်အရိုင်းမျိုးက အသားကြမ်းတဲ့အတွက် ဒီအတိုင်းစားသုံးလို့မရတာမို့ ဟင်းလျာအနေနဲ့ ချက်ပြုတ်သုံးဆောင်နိုင်ပါတယ်။

          ကျွန်မတို့ ယခုစားသုံးနေကြတဲ့ သစ်တော်သီးကတော့ အယဉ်မျိုးဖြစ်ပြီး တကယ် အမျိုးအစားကောင်းတဲ့ သစ်တော်သီးတွေက ပန်းသီးလောက်နီးနီး နူးညံ့ပြီး အရသာရှိလှပါတယ်။ အရိုင်းမျိုး၊ အယဉ်မျိုးနဲ့ အမျိုးအစား ကောင်းမကောင်းဆိုတာကလည်း သစ်တော်ပင်ရဲ့ မျိုးကောင်းမျိုးသန့် မှန်ကန်မှု၊ ရာသီဥတု၊ စိုက်ပျိုးပုံနည်းစနစ်နဲ့ မြေသြဇာတို့အပေါ်မှာလည်း များစွာမူတည်ပါတယ်။

          သစ်တော်သီးက ပန်းသီးနဲ့ မျိုးနွယ်တူပြီးတော့ ပန်းသီးမျိုးနွယ်အုပ်စုထဲမှာ ပါဝင်ပါတယ်။ ပုံသဏ္ဌာန်အမျိုးအစားများက ပန်းသီးနဲ့တူပေမယ့် အရသာကတော့ မတူညီကြပါဘူး။ ပန်းသီးရဲ့အသားက ခပ်မွှတ်မွှတ်နဲ့ နူးညံ့ပြီး ချိုမြပေမယ့် သစ်တော်သီးရဲ့ အသားကတော့ အတန်ငယ် မာကျောကြွပ်ဆတ်ပြီး ဖွယ်ကြမ်းကြမ်းနဲ့ တစ်မျိုးအရသာရှိစေပါတယ်။ ကြွပ်ဆတ်ဆတ်နိုင်လှတဲ့ သစ်တော်သီးကို အခွံနွှာပြီး စိတ်ပိုင်းလို့ပဲဖြစ်ဖြစ် ဒီအတိုင်း ကိုက်စားလို့ပဲဖြစ်ဖြစ် စိတ်တိုင်းကျ သုံးဆောင်နိုင်ပါတယ်။ အရည်တရွှမ်းရွှမ်းနဲ့ ၀ါးရတာက အရသာတစ်မျိုးလေးပါပဲ။ ခံတွင်းကို ရှင်းစေပြီး နှုတ်ကို မြိန်စေပါတယ်။

          အေးပြီး စိုစွတ်တဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် တောင်ကြီးနဲ့ မန်္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ၀န်းကျင်ဒေသတွေမှာ သစ်တော်သီးကို အများအပြား စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ သစ်တော်သီးက သရေစာသက်သက်စား သုံးရတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ သစ်တော်သီးရဲ့ အရသာက ချိုအေးတဲ့အပြင် ရနံ့ကလည်း မွှေးပါတယ်။

          သစ်တော်သီးကို လတ်လတ်ဆတ်ဆတ် ရေဆေး၊ အခွံနွှာ၊ စိတ်ပိုင်းပြီး သဘာဝ အရသာမပျက် စားသုံးနိုင်သလို တာရှည်ခံအောင် စီမံပြီးတော့လည်း စားသုံးနိုင်ပါတယ်။ သစ်တော်သီးတော်ဖီ၊ သစ်တော်သီး ဂျယ်လီနဲ့ သစ်တော်သီးယိုများ ပြုလုပ်စားသုံးနိုင်ပါတယ်။

          သစ်တော်သီးတော်ဖီပြုလုပ်မယ်ဆိုရင်တော့ သစ်တော်သီး ၂၅ လုံး၊ သကြား ၃၀ ကျပ်သားနဲ့ ထောပတ်သီး ၂ ကျပ်ခွဲသား လိုအပ်ပါတယ်။ ပထမဆုံး သစ်တော်သီးတွေကို အခွံနွှာ၊ ရေနဲ့ နူးအိလာအောင်ပြုတ်ပြီး အနှစ်တိုက်ယူရပါတယ်။ ပြီးလျှင် သကြားနဲ့အတူ ရောပြီး ကျိုရပါမယ်။ ရေခန်းသွားတဲ့အခါ အဲဒီအနှစ်ထဲကို ထောပတ်ထည့်ပြီး မွှေပေးရပါမယ်။ အတန်ငယ်ကြာလို့ ခဲနိုင်တဲ့အဆင့်ကို ရောက်တဲ့အခါ မီးဖိုပေါ်က ချပြီး အသင့်ပြင်ဆင်ထားတဲ့ ဘောင်ထဲကို ထည့်ရပါမယ်။ ပြီးလျှင် တလိမ့်တုံးနဲ့ မျက်နှာပြင်ကို ညီအောင်ညှိ၍ နှစ်သက်ရာပုံစံ လှီးပြီး ယူနိုင်ပါတယ်။ ဒီအခါမှာတော့ ဘုရား၊ ရဟန်း၊ သံဃာတို့ကို လှူဒါန်းနိုင်ရုံသာမက မိဘ၊ ဆရာသမားများကိုပါ ဂါရ၀ပြုနိုင်တဲ့ သစ်တော် သီး တော်ဖီကို ရရှိနိုင်ပါပြီ။

          တော်ဖီရိုးသွားလို့ ဂျယ်လီလုပ်စားမယ်ဆိုရင်တော့ သစ်တော်သီး ၅ လုံးနဲ့ သကြား ၁၀ ကျပ်သား လိုအပ်ပါတယ်။ ပထမဆုံး သစ်တော်သီးတွေကို အခွံနွှာပြီး ရေ မတ်ခွက် ၃ ခွက်နဲ့ ထည့်ပြုတ်ရပါမယ်။ တစ်ဝက်လောက်ကျန်တဲ့အခါ အရည်တွေကို စစ်ယူပြီး မတ်ခွက်တစ်ခွက်စာလောက်ကျန်အောင် ချိန်တွယ်ရပါမယ်။ အဲဒီနောက် သကြားနဲ့ ရောပြီး မီးအေးအေးလေးနဲ့ ကျိုရပါမယ်။ အေးခဲနိုင်တဲ့အဆင့်ကို ရောက်တဲ့အခါမှာတော့ ပုံစံခွက်ထဲ ထည့်ပြီး ခဲရပါမယ်။ အေးခဲသွားတဲ့အခါမှာ သုံးဆောင်ဖို့ အသင့်ဖြစ်နေတဲ့ သစ်တော်သီးဂျယ်လီကို ရရှိပြီဖြစ်ပါတယ်။

          သစ်တော်သီးကို ယိုထိုးပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ သစ်တော်သီးယို ပြုလုပ်မယ်ဆိုရင် သစ်တော်သီး ၁၀ လုံးနဲ့ သကြား ၂၀ ကျပ်သား လိုအပ်ပါတယ်။ ပထမဆုံး သစ်တော်သီးတွေကို အခွံနွှာပြီး အစိတ်လေးတွေ စိတ်ရပါမယ်။ ပြီးလျှင် ရေနွေး ဆူဆူမှာ ပြုတ်လျှောပြုလုပ်ပြီး သကြားနဲ့ ယိုထိုးရပါမယ်။ သကြားရည်ခန်းသွားရင်တော့ သစ်တော်သီးယိုကို ရရှိပါပြီ။ သစ်တော်သီးယိုကိုလည်း စတော်ဘယ်ရီယိုတွေလိုပဲ ပေါင်မုန့်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

          အဲဒီလို စီမံအသုံးပြုနိုင်တဲ့ သစ်တော်သီးနဲ့ပတ်သက်လို့ ဆေးအဘိဓာန်ကျမ်းမှာ “သစ်တော်သီးသည် နှုတ်ကိုမြိန်စေ၏။ လေချဉ်ပြန်ခြင်းကို တားမြစ်တတ်၏။ ဒေါသသုံးပါး ပူလောင်ခြင်းကို ငြိမ်းအေးစေ၏။ အပူ၊ အအေးမျှတစေ၏။ ဦးနှောက်ကို အကျိုးပြု၏။ နှလုံးကိုလည်း အားပေး၏။ စိတ်ချောက်ချားခြင်းကို ငြိမ်းစေ၏။ ရေငတ်ခြင်းနှင့် သည်းခြေ ကို ငြိမ်းစေ၏” လို့ ရေးသားဖော်ပြထားပါတယ်။

          အများက သရေစာအဖြစ်နဲ့သာ မြတ်မြတ်နိုးနိုးစားသုံးနေကြတဲ့ သစ်တော်သီးကို ဆေးဘက်မှာလည်း အသုံးပြုနိုင်ပါတယ်။ သွေးအန်၊ သွေးကျဝေဒနာဖြစ်ခဲ့ရင် သစ်တော် သီးကို ရှာလပတ်ရည်ဖျော်၍ ဥသျှစ်သီးစေ့အမှုန့်အနည်းငယ်နဲ့ ရောပြီး လျက်ပေးလျှင် သွေးအန်၊ သွေးကျဝေဒနာ ပျောက်ကင်းစေနိုင်ပါတယ်။ သည်းခြေကြောင့် ခေါင်းကိုက်ရင်တော့ သစ်တော်သီး သတ်္တုရည်ကို သကြားနဲ့ရောပြီး သောက်ရုံနဲ့ ဦးနှောက်ကိုက်ခဲတဲ့ ဝေဒနာ သက်သာစေနိုင်ပါတယ်။ သစ်တော်သီး သတ်္တုရည်ဆိုတာကတော့  သစ်တော်သီး အမှုန့်ကို ညှစ်ယူလို့ရတဲ့အရည်ကို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

          သစ်တော်သီးဟာ အရည်ရွှမ်းတဲ့အသီးမျိုးဖြစ်တဲ့အတွက် မောပန်းနွမ်းနယ်နေသူကို ရေငတ်ပြေစေပြီး လန်းဆန်းစေပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          သစ်တော်သီးမှာ ပါဝင်တဲ့ အာဟာရဓာတ်များကို လေ့လာတဲ့အခါ မြန်မာ့အစားအစာ၏ အာဟာရစာအုပ်အလိုအရ သစ်တော်သီးစားသုံးမှု ၁၀၀ ဂရမ်ကနေ အင်အားဓာတ် ၄၄ ကယ်လိုရီ၊ ကစီဓာတ် ၁၁.၄ ဂရမ်နဲ့ ထုံးဓာတ် ၁၀ မီလီဂရမ်တို့ကို ရရှိနိုင်ပါတယ်။

          သစ်တော်သီးထဲမှာပါဝင်တဲ့ ကစီဓာတ်ဟာ ခန်္ဓာကိုယ်ရဲ့ လုပ်ရည်ကိုင်ရည် ခွန်အားကို အများဆုံးပေးတဲ့ ဓာတ်ဖြစ်ပါတယ်။ အလုပ်ကြမ်းလုပ်ကိုင်ကြရတဲ့ ကာယလုပ်သားတွေမှာ ကစီဓာတ်ပိုပြီး လိုအပ်ပါတယ်။ ကစီဓာတ်နည်းပါးရင်တော့ အင်အားကုန်ခန်းပြီး မောပန်းလွယ်ခြင်း၊ ခံနိုင်ရည်မရှိခြင်း စတဲ့ ဝေဒနာများ ခံစားရမှာဖြစ်ပါတယ်။  ထုံးဓာတ်ကတော့ ခန်္ဓာကိုယ်ရဲ့ အမာခံအစိတ်အပိုင်းများဖြစ်တဲ့ အရိုးနဲ့ သွားများ တည်ဆောက်ရေးကို ပူးတွဲတာဝန်ယူထားပါတယ်။ သွားနဲ့ခံတွင်းများ သန့်ရှင်းစင်ကြယ်စေဖို့နဲ့ သွားများ ခိုင်မာတောင့်တင်းစေဖို့အတွက် အရည်ရွှမ်းတဲ့ သစ်တော်သီးလို သီးနှံမျိုးကို မကြာခဏ သုံးဆောင်ပေးသင့်ပါတယ်။ သွားပိုးစားခြင်းနဲ့ ရေစီးကမ်းပြိုလိုက်ခြင်း စတဲ့ ဝေဒနာများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

          ရာသီစာသစ်တော်သီးကို သင့်လျော်ရုံ ချင့်ချိန်စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို အကျိုးရှိရှိ ရယူနိုင်သလို မတန်တဆ အများအပြား စားသုံးလိုက်မယ်ဆိုရင်တော့ “တန်ဆေး၊ လွန်ဘေး” ဆိုသလို ရင်ပြည့် ရင်ကယ် အစာမကြေ ဖြစ်တတ်ပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ယခုလမှာတော့ ရာသီစာသီးနှံတစ်မျိုးဖြစ်တဲ့ သစ်တော်သီးရဲ့ အာဟာရတန်ဖိုးများအကြောင်း ရေးသားတင်ပြရင်း “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းကို ဒီမှာတင်ပဲ ရပ်နားခွင့်ပြုပါရှင်။

Facebook Comments