“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” သစ်သီးစုံဖျော်ရည်

by ဆန်းဆန်းဦး for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          တစ်စတစ်စနဲ့ ပူပြင်းလာတဲ့ နွေရဲ့အပူဒဏ်ကြောင့် လူတွေဟာ ပင်ပန်းနွမ်းလျ နေတတ်ကြပါတယ်။ အဲဒီလိုပင်ပန်းနေတဲ့အခါမှာ အမောအပန်းပြေ၊ ရေငတ်ပြေ၊ ရေဆာပြေ၊ စားစရာ ဒါမှမဟုတ် သောက်စရာတစ်ခုခုကို သတိရတတ်ကြပါတယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတစ်မျိုးမျိုးကို စားလိုက်ရရင်ပဲဖြစ်ဖြစ်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တစ်ခုခုကို သောက်လိုက်ရရင်ပဲဖြစ်ဖြစ် ရင်ထဲမှာ အေးပြီး နှလုံးဟဒယကို ကြည်လင်ရွှင်ပျသွားစေတတ်ပါတယ်။

          ဒါကြောင့် ယခုလ “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းမှာတော့ “ဖရဲ၊ သခွား၊ ငှက်ပျော၊ သင်္ဘော၊ နာနတ်” စတဲ့ သစ်သီးစုံဖျော်ရည် ပြုလုပ်သုံးစွဲပုံများနှင့် အာဟာရတန်ဖိုးများအကြောင်း တင်ပြဖို့ စီစဉ်ထားပါတယ်။

          “သစ်သီးစုံဖျော်ရည်”လို့ ဆိုပေမယ့်လည်း သစ်သီးတစ်မျိုးတည်းကို ဖျော်ရည်လုပ် သောက်နိုင်တာမို့ ပထမဦးစွာ သစ်သီးတစ်မျိုးချင်းစီကို ဖျော်ရည်လုပ်သောက်တဲ့နည်းများကို တင်ပြပါမယ်။

          ပထမဆုံး ဖရဲသီးဖျော်ရည် ပြုလုပ်စားသုံးပုံများကို တင်ပြလိုပါတယ်။ ဖရဲသီးမှာ အဝါမျိုးနဲ့ အနီမျိုးဆိုပြီး နှစ်မျိုးရှိရာမှာ အဝါမျိုးကိုပဲဖြစ်ဖြစ်၊ အနီမျိုးကိုပဲဖြစ်ဖြစ် ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။

          ပထမဆုံး ဖရဲသီးကို အလုံးလိုက် ရေစင်အောင် ဆေးရပါမယ်။ ပြီးတော့ အလယ်တည့်တည့်က ခွဲပြီး အစိတ်လေးတွေ စိတ်ရပါမယ်။ အဲဒီဖရဲသီးစိတ်တွေကို အတုံးသေးသေးလေးတွေ ရအောင် ဓားနဲ့ အပေါ်ကနေ အရာလေးတွေပေးပြီး အခွံမပါအောင်၊ အောက်ခံအဖြူအသားတွေ မပါအောင် ပါးပါးလေးတွေ လှီးရမှာ ဖြစ်ပါတယ်။ ဒီအခါ မှာတော့ ဖျော်ရည်လုပ်သောက်နိုင်တဲ့ အနေအထားရှိတဲ့ ဖရဲသီးတုံးလေးတွေ ရရှိပြီ ဖြစ်ပါတယ်။ အဲဒီဖရဲသီးတုံးလေးတွေ လှီးထည့်ထားတဲ့ ဇလုံထဲကို ရေခဲတုံးခပ်ကြီးကြီး ထည့်စိမ်ထားလို့လည်း ရပါတယ်။ ရေခဲတုံးထည့်မစိမ်ချင်ဘူးဆိုရင်တော့ ရေခဲတွေကို မွမွကြေနေအောင် ရေခဲအိတ်ထဲမှာ ထည့်ပြီး ထုခြေထားရပါမယ်။

          အဲဒီနောက် သကြား ၅၀ ကျပ်သားလောက်ကို ရေနဲ့ ခပ်ပျစ်ပျစ်ကျိုထားရပါမယ်။ သကြားရည်အဆင်သင့်ဖြစ်ပြီဆိုရင် ဖန်ခွက်ထဲမှာ ဖရဲသီးကိုထည့်၊ ရေခဲကိုလည်း ထည့်၊ သကြားရည် သင့်ရုံထည့်ပြီး ဇွန်း ၁ ချောင်းတပ်ကာ ဖရဲသီးဖျော်ရည်ချိုအေးမွှေးလေးကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။ အဲဒီဖရဲသီးဖျော်ရည်ထဲမှာ တချို့ကတော့ နို့စိမ်းလေးထည့်ပြီး အချိုအရသာအပြင် ချိုဆိမ့်တဲ့ အရသာကိုပါ ခံစားလေ့ရှိကြပါတယ်။

          ဖရဲသီးဖျော်ရည်ကိုတော့ ကလေး၊ လူကြီး စွဲမက်နှစ်သက်ကြပါတယ်။ အခုလို ပူပြင်းတဲ့ကာလမှာ အလွန်စားသုံးသင့်တဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ ဖရဲသီးရဲ့ ရနံ့ သင်းသင်းလေးအပြင် ရေခဲနဲ့ သကြားပါနေတာမို့ သောက်သုံးရသူတိုင်းရဲ့ နှလုံးဟဒယကို ကြည်လင်ရွှင်ပျစေပါတယ်။

          ဖရဲသီးဖျော်ရည်နည်းတူ ဖျော်ရည်သောက်နိုင်တဲ့ သစ်သီးတစ်မျိုးကတော့ သခမသီးလို့ခေါ်တဲ့ သခွားချိုသီးဖြစ်ပါတယ်။ သခွားချိုသီးကို မန္တလေးဘက်မှာတော့ သခွားမွှေးသီးလို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ သခမသီးလို့ခေါ်တဲ့ သခွားမွှေးသီးကို ဖျော်ရည်လုပ်သောက်မယ်ဆိုရင်တော့ ပထမဆုံး သခွားမွှေးသီးအလုံးလိုက်ကို ရေစင်အောင် ဆေးပြီး အခွံနွှာရမှာ ဖြစ်ပါတယ်။ အခွံနွှာထားတဲ့ သခွားမွှေးသီး အလုံးလိုက်ကို အလယ်တည့်တည့်က ဓားနဲ့ ထက်ခြမ်းခွဲပြီး အတွင်းက အစေ့တွေကို ထုတ်ပစ်ရမှာ ဖြစ်ပါတယ်။

          ပြီးလျှင် သခွားမွှေးသီးတွေကို အတုံးအသေးလေးတွေရအောင် လှီးပြီး ဇလုံတစ်လုံးထဲမှာ ထည့်ထားရပါမယ်။ အဲဒီနောက် သကြားတွေကို ရေနည်းနည်းထည့်ပြီး ခပ်ပျစ်ပျစ်ကျိုထားရပါမယ်။ ရေခဲတွေကိုတော့ ကြေမွနေအောင် ရိုက်ခွဲထားရပါမယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဖန်ခွက်ထဲမှာ သခွားမွှေးသီးကိုထည့်၊ ရေခဲထည့်၊ သကြားရည်နဲ့ ဆား အနည်းငယ်ထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ဒီအခါမှာတော့ ချိုအေးပြီး မွှေးနေတဲ့ သခွားမွှေးဖျော်ရည်ကို ရရှိပြီမို့ ရေငတ်ပြေ၊ အမောအပန်းပြေ သုံးဆောင်နိုင်ကြပြီဖြစ်ပါတယ်။

          တချို့ကတော့ သခွားမွှေးဖျော်ရည်ထဲမှာ နို့ဆီ (သို့) နို့စိမ်း ထည့်ပြီး ချိုချိုဆိမ့်ဆိမ့် အရသာလေးကို ခံစားလေ့ရှိကြပါတယ်။

          ငှက်ပျောသီးဖျော်ရည်ကို များသောအားဖြင့် ဖျော်စက်နဲ့ အသုံးပြုကြပါတယ်။ ငှက်ပျောသီးကို အခွံနွှာပြီး ခပ်ပါးပါးလှီးထားရပါမယ်။ သကြားကို ရေနည်းနည်းနဲ့ သကြားရည် ခပ်ပျစ်ပျစ်ကျိုထားရပါမယ်။ နို့ဆီ (သို့) နို့စိမ်း တစ်ဘူးနဲ့ ဆားအနည်းငယ် လိုအပ်ပါတယ်။ ရေခဲကိုတော့ ခြစ်ခုံနဲ့ မွမွလေးဖြစ်အောင် ခြစ်ထားရပါမယ်။

          လိုအပ်တဲ့ ပစ္စည်းတွေစုံပြီဆိုရင် ဖျော်စက်ထဲမှာ ငှက်ပျောသီး၊ သကြားရည်၊ ဆားအနည်းငယ်၊ နို့ဆီ (သို့) နို့စိမ်း အနည်းငယ်နဲ့ ရေခဲခြစ် လက်နှစ်ဆုပ်စာလောက် ထည့်ပြီး ဖျော်ရပါမယ်။ ဒီအခါမှာတော့ ချိုဆိမ့်အေးမွှေးနေတဲ့ ငှက်ပျောသီးဖျော်ရည်ကို ရရှိပါပြီ။

          ငှက်ပျောသီးစက်ဖျော်အစား ငှက်ပျောသီးလက်ဖျော်လည်း လုပ်သောက်နိုင်ပါတယ်။ ငှက်ပျောသီးလက်ဖျော် ဖျော်မယ်ဆိုရင်တော့ စက်ကို မသုံးဘဲ ဖန်ခွက်ထဲမှာ လှီးထားတဲ့ ငှက်ပျောသီးအတုံးလေးတွေကို ထည့်ပြီး သကြားရည်၊ နို့စိမ်း၊ ရေခဲနဲ့ ဆား အနည်းငယ်တို့ကိုပါ တစ်ခါတည်းထည့်ကာ ဇွန်းနဲ့ မွှေနှောက်ဖျော်သောက်ကြတာ ဖြစ်ပါတယ်။ လက်နဲ့ ဖျော်ရတာမို့ လက်ဖျော်လို့ တင်စားကြတာဖြစ်ပါတယ်။ ငှက်ပျောသီးဖျော်ရည် လုပ်သောက်ကြသလို သင်္ဘောသီးမှည့်ကိုလည်း ဖျော်ရည် လုပ်သောက်လို့ရပါတယ်။ သင်္ဘောသီးဖျော်ရည် လုပ်သောက်မယ်ဆိုရင် ပထမဆုံး သင်္ဘောသီးကို အလုံးလိုက် ရေစင်အောင်ဆေးပြီး အခွံတွေကို ပြောင်စင်သွားအောင် နွှာထားရပါမယ်။

          ပြီးလျှင် သင်္ဘောသီးအလုံးလိုက်ကို အလယ်တည့်တည့်ခွဲပြီး အထဲက သင်္ဘောစေ့တွေ ထုတ်ထားရပါမယ်။ အဲဒီနောက် သင်္ဘောသီးကို အတုံးသေးသေးတွေရအောင် လှီးထားရပါမယ်။ သကြားကို ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ် ကျိုထားရပါမယ်။ သင်္ဘောသီးကို ဖရဲသီးနဲ့ သခွားမွှေးသီးတို့လို သကြားရည်၊ ရေခဲတို့နဲ့ လက်နဲ့ဖျော်သောက်တဲ့အခါ နို့ဆီ၊ နို့စိမ်း ထည့်သောက်လေ့မရှိကြပေမယ့် စက်နဲ့ ဖျော်သောက်တဲ့ အခါမှာတော့ နို့ဆီ (သို့) နို့စိမ်းလေး ပါးပါးထည့်ပြီး ငှက်ပျောသီးရည် ဖျော်သောက်သလို ချိုချိုဆိမ့်ဆိမ့် မွှေးမွှေးအေးအေးလေး ဖျော်သောက်လေ့ရှိပါတယ်။ သင်္ဘောသီးဖျော်ရည်ကိုလည်း သောက်ဖူးသူတိုင်း စွဲမက်နှစ်သက်ကြပါတယ်။

          နာနတ်သီးဖျော်ရည်လုပ်သောက်မယ်ဆိုရင်တော့ နာနတ်သီးကို မျက်စိတွေပါ မကျန်အောင် အခွံနွှာရပါမယ်။ ပြီးလျှင် အလယ်အူတိုင်ထုတ်ပြီး အတုံးသေးသေး လေးတွေရအောင် လှီးထားရပါမယ်။ သကြားကို ခပ်ပျစ်ပျစ်ကျိုပြီး အမှိုက်သရိုက် ကင်းစင်အောင် ရေစစ်လေးနဲ့ စစ်ရပါမယ်။ ရေခဲကိုတော့ အတုံးသေးသေးလေးတွေ ရအောင် ခွဲခြေထားရပါမယ်။ အဲဒီနောက် ဖန်ခွက်တစ်လုံးထဲမှာ နာနတ်သီး၊ သကြားရည်၊ ဆားနှင့် ရေခဲတို့ကို ထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ဒီအခါမှာတော့ ချိုချိုချဉ်ချဉ် အရသာရှိတဲ့ နာနတ်သီးဖျော်ရည်ကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပါပြီ။

          နာနတ်သီးကို အခုလို အစိမ်းအတိုင်း ဖျော်သောက်နိုင်သလို နာနတ်သီးကို ပြုတ် ပြီး သကြားရည်စိမ်ထားတဲ့ နာနတ်သီးပြုတ်ကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။ အခုလို သစ်သီးတစ်မျိုးချင်းစီကို ဖျော်ရည်လုပ်သောက်နိုင်သလို တချို့ကတော့ အခု ဖော်ပြခဲ့တဲ့ ဖရဲသီး၊ သခွားမွှေး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ နာနတ်စတဲ့ အသီးအနှံမျိုးစုံကို  ရောထည့်ပြီး “သစ်သီးစုံဖျော်ရည်” လုပ်သောက်လေ့ရှိကြပါတယ်။ အသီးအနှံစုံတော့ အရသာစုံခံစားကြရပါတယ်။

          လတ်ဆတ်တဲ့သစ်သီးတွေကို ဖျော်ရည်လုပ်သောက်တာမို့ သစ်သီးဖျော်ရည်များက အမောအပန်းပြေ၊ ရင်ပူ၊ ရေငတ်ပြေစေရုံသာမက အာဟာရဓာတ်များလည်း ပြည့်ဝစွာ ပါဝင်တာတွေ့ရပါတယ်။ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်အပြင် ထုံးဓာတ်နဲ့ ဖိုင်ဘာဓာတ်များ ရရှိနိုင်တာမို့ သစ်သီးဖျော်ရည်ကို ပူပြင်းလှတဲ့ ယခုလို နွေကာလမှာ ပိုပြီး သောက်သုံးသင့်ကြပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ယခုလမှာတော့ “သစ်သီးစုံဖျော်ရည်” ပြုလုပ်သုံးစွဲနည်းများနဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြလိုက်ရပါတယ်ရှင်။

လေးစားစွာဖြင့်

ဆန်းဆန်းဦး

Facebook Comments