“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” မုန့်ကြာစေ့

ချစ်စွာသော စာရှုသူများရှင်…

          ယခုလ “မြန်မာ့အစားအစာနှင့် အာဟာရ” အခန်းမှာတော့ ဘိန်းမုန့်၊ ထန်းသီးမုန့်၊ မုန့်လက်ကောက်၊ မုန့်ဆီကြော်၊ မုန့်လုံးရေပေါ်၊ မုန့်ကြာစေ့၊ မုန့်ကျွဲသည်း၊ စလူမုန့် စတဲ့ မြန်မာ့ရိုးရာ သရေစာများထဲက “မုန့်ကြာစေ့” ပြုလုပ်စားသုံးပုံများနှင့် အာဟာရတန်ဖိုးများအကြောင်းကို ရေးသားတင်ပြဖို့ စီစဉ်ထားပါတယ်။

          မုန့်ကြာစေ့ကို တချို့ဒေသများမှာ မုန့်ပိန္နဲစေ့လို့ ခေါ်တွင်ကြပါတယ်။ မုန့်ကြာစေ့ကိုတော့ စာရှုသူများ မြင်ဖူး၊ ကြားဖူး၊ စားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ မုန့်ကြာစေ့လုပ်မယ်ဆိုရင်-

၁။       ကောက်ညှင်းဆန်  –  ၁ ပြည်

၂။       ဆန်ကြမ်း  –  ၂ လုံး

၃။       ထန်းလျက်  –  ၇၀ ကျပ်သား

၎။       အုန်းသီး မနုမရင့်  –  ၂ လုံး လိုအပ်ပါတယ်။

          ပထမဆုံး ကောက်ညှင်းဆန်နဲ့ ဆန်ကြမ်းကို ရေစိမ်ပြီး ကြိတ်ရပါမယ်။ ကြိတ်လို့ရတဲ့ မုန့်ရည်တွေကို အဝတ်အိတ်တစ်လုံးထဲ ထည့်ပြီး အပေါ်က  အလေးအပင်နဲ့ ဖိကာ မုန့်နှစ်ကို စစ်ယူရပါမယ်။ ရေစစ်သွားတဲ့အခါ အဝတ်အိတ်ထဲက မုန့်နှစ်တွေကို ဆားလေး သင့်တော်ရုံထည့်ပြီး မုန့်နှစ်တွေ ပျော့လာအောင် လက်နဲ့ လှိမ့်ပေးရပါမယ်။ မုန့်နှစ်တွေ ပျော့လာအောင် လက်နဲ့လှိမ့်တာကို မုန့်နှဲတယ်လို့လည်း ခေါ်ပါတယ်။ မုန့်နှစ်တွေ ပျော့လာတဲ့အခါ ဆီးစေ့လောက်အရွယ် အလုံးလေးတွေ လုံးပြီး ရေနွေးပွက်ပွက်ဆူနေတဲ့ အိုးထဲကို ထည့်ရပါမယ်။ မုန့်လုံးရေပေါ်လိုပဲ ကျက်တဲ့မုန့်လုံးလေးတွေက ရေပေါ်ကို ပေါ်လာတာမို့ အလွယ်တကူ ဆယ်ယူပြီး ရေအေးထဲမှာ စိမ်ထားရပါမယ်။ ရေအေးနဲ့ စိမ်ထားတဲ့ မုန့်လုံး လေးတွေ အေးသွားတဲ့အခါ  ရေအေးထဲက ဆယ်ယူပြီး ဆန်ခါ (ဇကာ)နဲ့ ရေစစ်ထားရပါမယ်။

          ထန်းလျက်ခဲတွေကိုတော့ ရေနဲ့အတူ ထည့်ပြီး အိုးတစ်အိုးထဲမှာ ကျိုရပါမယ်။ ဒီနေရာမှာ ထန်းလျက်ရည်ကို မပျစ်မကျဲ အနေတော် ကျိုရပါမယ်။ ထန်းလျက်ရည် ကျဲလွန်းလျှင် အရည်က ကျဲတောက်တောက်နဲ့မို့ အရသာပေါ့တတ်သလို ထန်းလျက်ရည် ပျစ်လွန်းလျှင်လည်း အချိုလေးပြီး စေးတေးတေးနဲ့ စားရတာ ခံတွင်းမတွေ့ ဖြစ်တတ်ပါတယ်။

          ထန်းလျက်ရည်ကျိုပြီးပြီဆိုလျှင် အုန်းသီးကို ခွဲပြီး အုန်းသီးဆံ နုထွေးထွေးလေးတွေရအောင် အုန်းခြစ်နဲ့ ခပ်ဖွဖွခြစ်ရပါမယ်။ မုန့်လုံး၊ ထန်းလျက်ရည်နဲ့ အုန်းသီးဆံမှုန့်တို့ အဆင်သင့်ဖြစ်ပြီဆိုလျှင် ပန်းကန်လုံးတစ်လုံးထဲ ပထမဆုံး မုန့်လုံးလေးတွေကို ထည့်ရပါမယ်။ ပြီးတော့မှ ထန်းလျက်ရည်ကို သင့်တော်သလောက် ထည့်၍ အုန်းသီးဆံ ဖြူဖြူလေးနဲ့တွဲလို့ ဇွန်းနဲ့ အထက် အောက် သမအောင် မွှေပြီး အရသာချိုချိုမွှေးမွှေးနဲ့ မုန့်ကြာစေ့ သရေစာကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပါတယ်။

          မုန့်ကြာစေ့ကို တချို့ဒေသတွေမှာ မုန့်လုံးလေးတွေနဲ့ ထန်းလျက်ရည်ကို စားခါနီးမှ ရောစားကြပေမယ့် တချို့ဒေသတွေမှာတော့ မုန့်လုံးလေးတွေနဲ့ ထန်းလျက်ရည်ကို တစ်ခါတည်း ရောထည့်ထားလေ့ရှိကြပါတယ်။ ထန်းလျက်ရည်ထဲမှာ မုန့်လုံးဖြူဖြူလေးတွေ မြင်ရတာ ကြာခွက်ထဲက  ကြာစေ့လေးတွေကို မြင်ရသလိုမို့ “မုန့်ကြာစေ့”လို့များ ခေါ်တွင်ခဲ့ကြသလား မသိပါဘူးရှင်။

          မုန့်ကြာစေ့ကိုတော့ တောရော မြို့ပါမကျန် လူကြီး၊ လူငယ်မရွေး စွဲမက်နှစ်သက်ကြပါတယ်။ မုန့်လုံး အိအိထွေးထွေးလေးတွေနဲ့ ထန်းလျက်ရည် ချိုချိုမွှေးမွှေးလေးအပြင် အုန်းသီးဆံ ဖြူဖြူလေးရဲ့ ချိုဆိမ့်တဲ့ အရသာလေးတွေကြောင့် မုန့်ကြာစေ့ကိုတော့ စားဖူးသူတိုင်း နှစ်ခြိုက်ကြပါတယ်။

          မုန့်ကြာစေ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ မုန့်ကြာစေ့ စားသုံးမှု ၁၀ဝ  ဂရမ်မှာ  အင်အားဓာတ် ၂၅၇ ကီလိုကယ်လိုရီ၊ အသားဓာတ် ၄.၇ ဂရမ်နဲ့ ထုံးဓာတ် ၂၉ မီလီဂရမ်တို့ ပါဝင်တာကို တွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ယခုလ  “မြန်မာ့အစားအစာနှင့် အာဟာရ” အခန်းမှာတော့ “မုန့်ကြာစေ့”  ပြုလုပ် စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

ဆန်းဆန်းဦး

(မြန်မာ့အသံ)

Facebook Comments