“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” မုန့်သိုင်းခြုံ

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          ယခုလ “မြန်မာ့အစားအစာနှင့် အာဟာရ” အခန်းမှာတော့ တန်ဆောင်တိုင်ပွဲတော်၊ လွတ်လပ်ရေးပွဲတော် စတဲ့ ပွဲဈေးတန်းအတော်များများနဲ့ ဘုရားပွဲဈေးများမှာ ရောင်းချလေ့ရှိတဲ့ မြန်မာ့မုန်ပဲသရေစာများထဲက “မုန့်သိုင်းခြုံ” ရဲ့  အာဟာရ တန်ဖိုးများအကြောင်း ရေးသားတင်ပြဖို့ စီစဉ်ထားပါတယ်။

          မုန့်သိုင်းခြုံကိုတော့ စာရှုသူများမြင်ဖူး၊ ကြားဖူး၊ စားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ ချိုချို၊ ဆိမ့်ဆိမ့်၊ အိအိထွေးထွေးလေးနဲ့ မုန့်သိုင်းခြုံကို စားဖူးသူတိုင်း နှစ်သက်ကြမှာပါ။

          မုန့်သိုင်းခြုံလုပ်မယ်ဆိုရင်တော့ ကောက်ညှင်းဆန် နို့ဆီဘူး ၄ လုံး၊ ဆန်ကြမ်း နို့ဆီဘူး ၄ လုံး၊ ဘဲဥ ၄ လုံး၊ အုန်းသီး ၁ လုံး၊ သကြား ၂၅ ကျပ်သား၊ ဆီ ၁၀ ကျပ်သားနဲ့ ဆား သင့်ရုံလောက် လိုအပ်ပါတယ်။

          လိုအပ်တဲ့အဆာတွေ အားလုံးစုံပြီဆိုရင်တော့ ပထမဆုံး ကောက်ညှင်းဆန်နဲ့ ဆန်ကြမ်းကို ရေစင်အောင်ဆေးပြီး တစ်နာရီလောက်ကြာအောင် ရေစိမ်ကာ ကြိတ်ဆုံမှာ ကြိတ်ရပါမယ်။ မုန့်ကြိတ်လို့ရလာတဲ့ မုန့်နှစ်ရည်တွေကို မုန့်အိတ်ထဲ ထည့်ပြီး ရေစစ်ထားရပါမယ်။ ရေစစ်သွားပြီဆိုရင်တော့ မုန့်နှစ်တွေကိုနယ်ပြီး ဆား၊ သကြားနည်းနည်းနဲ့ ဘဲဥတွေဖောက်ထည့်ကာ ရောစပ်ပြီး သမအောင်မွှေပေးရပါမယ်။ မုန့်ရည်ဟာ မပျစ်မကျဲ အနေတော်လေး ဖြစ်နေရပါမယ်။ အုန်းသီးကို ခြစ်ပြီး သကြားနဲ့ ယိုထိုးထားရပါမယ်။

          မုန့်ရည်အသင့်ဖြစ်တဲ့အခါ ဒယ်အိုးပက်ပက်မှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ မုန့်ရည်ကို လောင်းထည့်ရပါမယ်။ ပြီးလျှင် မုန့်ခပ်တဲ့ ဇွန်းနဲ့ ညှိပေးရပါမယ်။ မုန့်သားတက်လာတဲ့အခါ သကြားအုန်းသီးဌာပနာထည့်ပြီး အနားလေးတွေကို ဆဋ္ဌဂံပုံစံ ခြောက်ထောင့်ရအောင် ခေါက်ရပါမယ်။ ဒီအခါမှာတော့ ချိုချို၊ ဆိမ့်ဆိမ့်၊ အိအိထွေးထွေးနဲ့ အနံ့အရသာ ပြည့်စုံကောင်းမွန်လှတဲ့ မုန့်သိုင်းခြုံကို ရရှိပြီမို့ စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

          မုန့်သိုင်းခြုံထဲမှာ ဌာပနာတဲ့ အချိုကို တချို့ကတော့ သကြားနဲ့ အုန်းသီးအပြင် ဒူးရင်းယိုပါ ထည့်ပြီး ဌာပနာလေ့ ရှိပါတယ်။ ဒူးရင်းယိုပါ ထည့်ထားတော့ အနံ့ရော အရသာပါ ပိုလို့ကောင်းမွန်စေပါတယ်။ တချို့ကတော့ မုန့်နှစ်ရည်ပေါ်မှာ အဆိမ့်အရသာ ပိုကဲအောင်လို့ ဘဲဥ (သို့) ကြက်ဥကို ဖောက်ထည့်ပြီး လုပ်စားလေ့ရှိကြပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလို မိမိနှစ်သက်သလို ပြုလုပ်စားသုံးနိုင်ကြပါတယ်။

          မုန့်သိုင်းခြုံကိုတော့ လူကြီးလူငယ်မရွေး အရွယ်သုံးပါးစလုံး နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိကြပါတယ်။ အထဲမှာ ဌာပနာထားတဲ့ အုန်းယိုကို မုန့်သားအဖတ်လေးတွေနဲ့ သိုင်းပြီး ခြုံထားသလိုမို့ “မုန့်သိုင်းခြုံ” လို့ တင်စားခေါ်ဝေါ်ခဲ့ကြဟန် တူပါတယ်။ နာမည်လေးဆန်းသလောက် စားရတာအရသာရှိလှတဲ့ မုန့်သိုင်းခြုံကို ပြုလုပ်ရတာလည်း မခဲယဉ်းလှတာမို့ မိသားစု ဖန်တီးစားသုံးသင့်ကြပါတယ်။

          မုန့်သိုင်းခြုံထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ “မြန်မာ့အစားအစာ၏ အာဟာရ”  စာအုပ်အလိုအရ –

          မုန့်သိုင်းခြုံစားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၂၆၂ ကီလိုကယ်လိုရီ ပါဝင်ပြီး ကစီဓာတ် ၄၈ ဂရမ်နဲ့ အဆီဓာတ် ၆.၁ ဂရမ် ပါဝင်တာတွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ယခုလ “မြန်မာ့အစားအစာနှင့် အာဟာရ” အခန်းမှာတော့ “မုန်းသိုင်းခြုံ”  ပြုလုပ် စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

ဆန်းဆန်းဦး

(မြန်မာ့အသံ)

Facebook Comments