“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” သာကူ

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          ယခုလ “မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” အခန်းကနေ ရာသီအလိုက် ထွက်ပေါ်လာတဲ့  ရာသီစာသီးနှံများ၊ ရာသီစာဟင်းသီးဟင်းရွက်များ၊ မြန်မာ့မုန့်ပဲသရေစာ များအကြောင်းကို တစ်လနှင့်တစ်လ မရိုးမထပ်ရလေအောင် ရေးသားတင်ပြပေးနေတာ ဖြစ်ပါတယ်။

          ဒီလမှာတော့ မြန်မာမုန့်ပဲသရေစာများထဲက “သာကူ” ရဲ့  အာဟာရတန်ဖိုးများအကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။ “သာကူ” နဲ့ပတ်သက်တဲ့ မုန့်ပဲသရေစာများကိုတော့ စာရှုသူများ ကြားဖူး၊ စားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ “သာကူ” လို့ ဆိုလိုက်တာနဲ့ သာကူကျိုပူပူနွေးနွေးကို ချက်ချင်းဆိုသလို သတိရမိကြမှာပါ။ သာကူကျိုအပြင် သာကူ မုန့်ဖက်ထုပ်၊ သာကူပြင် စတဲ့ သရေစာများကလည်း သာကူကို အခြေခံပြီး ပြုလုပ်ရတဲ့ သရေစာများ ဖြစ်ပါတယ်။

          ဦးစွာ “သာကူကျို” ပြုလုပ်စားသုံးနည်းကို တင်ပြမှာ ဖြစ်ပါတယ်။ သာကူကျိုမယ်ဆိုလျှင်တော့ ထန်းလျက် ဒါမှမဟုတ် သကြားနဲ့ အုန်းသီးအပြင် အလေးအပေါ့အတွက် ဆားအနည်းငယ် လိုအပ်ပါတယ်။ သာကူစေ့၂၅ ကျပ်သားကိုကျိုမည်ဆိုလျှင် သကြား ၂၅ ကျပ်သား၊ အုန်းသီးတစ်လုံးနဲ့ ဆားသင့်ရုံလောက် လိုအပ်ပါတယ်။

          ဦးစွာ သာကူစေ့တွေကို ဖုန်မှုန့်တွေ မပါအောင် ရေစင်အောင် ဆေးရပါမယ်။ သကြားကို လည်း ရေနည်းနည်းနဲ့ကျိုပြီး ပိတ်ပါးလေးနဲ့ စစ်ရပါမယ်။ အုန်းသီးတွေကိုတော့ အခွံနွှာပြီး အုန်းသီးဆံလေးတွေရအောင် ခြစ်ယူထားရပါမယ်။ အိုးခပ်သင့်သင့်တစ်လုံးထဲမှာ ရေသင့်ရုံထည့်ပြီး သကြားရည်ကိုပါ ထည့်ကျိုရပါမယ်။ သကြားရည် ပွက်ပွက်ဆူလာတဲ့အခါ ရေဆေးထားတဲ့ သာကူတွေကို ထည့်ရပါမယ်။ သာကူစေ့က မျက်ဆံလေးတွေ ပျောက်သွားတဲ့အခါမှာတော့ အသင့်ခြစ်ထားတဲ့ အုန်းသီးဆံ ဖြူဖြူလွလွကို သာကူအိုးထဲမှာ ထည့်ကျိုရပါမယ်။ ခဏအကြာမှာတော့ အုန်းနို့နံ့လှိုင်နေတဲ့  အုန်းနို့သာကူကျို ပူပူနွေးနွေးကို ရရှိပြီမို့ စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

          “သာကူ” ကျိုတဲ့အခါ တချို့က အုန်းသီးကိုခြစ်ပြီး အုန်းသီးဆံမှုန့်ကို အသုံးပြုကြသလို တချို့ကတော့ အုန်းသီးကိုခြစ်ပြီး အုန်းနို့ရည်ညှစ်ကာ အဲဒီအုန်းနို့ရည်ကိုမှ သာကူကျိုတဲ့ထဲကို ထည့်ကျိုလေ့ရှိပါတယ်။

          “သာကူ” ကျိုတဲ့အခါ သကြားကို အသုံးပြုနိုင်သလို  သကြားအစား  ထန်းလျက်နဲ့လည်း ကျိုစားလေ့ရှိကြပါတယ်။ ထန်းလျက်နဲ့ ကျိုမယ်ဆိုလျှင်တော့ ထန်းလျက်ကို နည်းနည်းနဲ့ကျိုပြီး ထန်းလျက်ထဲက အမှိုက်နဲ့ သဲတွေကင်းစင်အောင် ထန်းလျက်ရည်ကို ပိတ်ပါးလေးနဲ့ စစ်ရပါမယ်။ စစ်ပြီးသားထန်းလျက်ရည်ထဲကိုမှ ရေသင့်တော်ရုံလောက် ထည့်ကျိုပြီး ရေနွေးပွက်ပွက်ဆူလာတဲ့အခါ ထန်းလျက်ရည်အိုးထဲကို သာကူတွေ ထည့်ရပါမယ်။ သာကူစေ့လေးတွေ မျက်ဆံပျောက်တဲ့အခါမှာမှ အသင့်ခြစ်ပြီးသား အုန်းသီးဆံ ဒါမှမဟုတ် အသင့်ညှစ်ထားတဲ့ အုန်းနို့ရည်ကို ထည့်ပြီး ကျိုရပါမယ်။ ဒီအခါမှာတော့ ထန်းလျက်နံ့လေးရော အုန်းနို့နံ့လေးပါသင်းနေတဲ့ “သာကူကျို”  မွှေးမွှေးလေးကို ရရှိပြီမို့ စိတ်တိုင်းကျသုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

          “သာကူကျို” ကိုတော့ လူကြီး၊ လူငယ်၊ လူရွယ်ပါမကျန် အရွယ်သုံးပါးစလုံး နှစ်ခြိုက်ကြပါတယ်။ သာကူကျိုရတာ ကရိကထ မများဘဲ လွယ်ကူလှတဲ့အပြင် အာဟာရဓာတ်များလည်း ပြည့်ဝကုံလုံစွာပါဝင်နေတာမို့ မိသားစုအာဟာရအတွက် အိမ်ထောင်ရှင် အမျိုးသမီးများ မကြာခဏ စီမံပေးသင့်တဲ့ သရေစာတစ်မျိုးဖြစ်ပါတယ်။

          သာကူကို သူ့ချည်းသက်သက် သကြားနဲ့ ကျိုထားရင် သကြားသာကူ၊ ထန်းလျက်နဲ့ကျိုလျှင် ထန်းလျက်သာကူလို့ ခေါ်ဝေါ်သုံးစွဲလေ့ရှိကြပါတယ်။ အဲဒီသာကူကျိုထဲမှာ ကန်စွန်းဥ ဒါမှမဟုတ် အာလူးကို ရောထည့်ပြီး အချိုအတွက် သကြားနောက်ထပ်တစ်ဆ ထပ်ကဲပြီး ကျိုထားတဲ့ သာကူကျိုကိုတော့ “ပသျှူးသာကူ” လို့ ခေါ်ဝေါ်သုံးစွဲလေ့ရှိကြပါတယ်။

          မြန်မာတို့ရဲ့ နှစ်သစ်ကူးပွဲတော် ခါသင်္ကြန်ကာလမှာ စတုဒိသာ ကျွေးမွေးလှူဒါန်းကြတဲ့အခါ သာကူကျိုက မဏ္ဍပ်တော်တော်များများမှာ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေးတို့နဲ့အပြိုင် နေရာယူနေတာကို တွေ့ရပါတယ်။ သင်္ကြန်ရေနဲ့ အေးနေတဲ့ ခန္ဓာကိုယ်ကို သာကူကျိုပူပူလေးက အနွေးဓာတ်ပေးစွမ်းနိုင်ပါတယ်။

          သာကူကို “သာကူကျို” အပြင် “သာကူမုန့်ဖက်ထုပ်” လည်း  ပြုလုပ်စားသုံးနိုင်ပါ တယ်။ သာကူမုန့်ဖက်ထုပ်လုပ်မယ်ဆိုရင်တော့-

၁။       သာကူစေ့ ၁ ပိဿာ

၂။       သကြား ၄၀ ကျပ်သား

၃။       အုန်းသီး ၂ လုံး

၎။       ဆားအနည်းငယ်နှင့်

၅။       ငှက်ပျောဖက်တို့ လိုအပ်ပါတယ်။

          လိုအပ်တဲ့ ပစ္စည်းတွေအားလုံး စုံပြီဆိုရင်တော့ ဦးစွာ သာကူစေ့တွေကို ပျော့ပျောင်းလာအောင် နှစ်ကြိမ်ရေဆေးပြီး နှပ်ထားရပါမယ်။ အုန်းသီးတွေကိုတော့ ခြစ်ပြီး သကြားနဲ့ သမအောင် နယ်ထားရပါမယ်။ အဲဒီနောက် သာကူစေ့တွေကို ပျော့ပျောင်းလာအောင်နယ်ပြီး အလုံးလေးတွေ လုံးထားရပါမယ်။ အဲဒီလိုလုံးထားတဲ့ သာကူတွေကို တစ်လုံးစီယူပြီး လက်ပေါ်မှာ ပြားလိုက်ပြီးတော့ သမအောင် အုန်းသီးနဲ့ သကြားတို့ကို ဌာပနာရပါမယ်။ ငှက်ပျောဖက်ရဲ့ မျက်နှာပြင်ကို ဆီနည်းနည်းသုတ်ပြီး ကတော့ပုံလုပ်ကာ မုန့်လုံးကိုထည့်ပြီး ထုပ်ရပါမယ်။ အဲဒီနောက် ပေါင်းအိုးထဲမှာ မုန့်ထုပ်တွေကို စီထည့်ပြီး ပေါင်းရပါမယ်။ အငွေ့လှိုင်လှိုင်ထွက်လာတဲ့အခါမှာတော့ နူးညံ့အိထွေးပြီး ချိုမွှေးနေတဲ့ “သာကူ မုန့်ဖက်ထုပ်” ကို ရရှိပြီမို့ စိတ်တိုင်းကျ စားသုံးနိုင်ကြပြီ ဖြစ်ပါတယ်။ သာကူမုန့်ဖက်ထုပ် ကိုလည်း  စားဖူးသူတိုင်း စွဲမက်နှစ်သက်ကြပါတယ်။

          သာကူကို ပသျှူးသာကူကျိုမယ်ဆိုရင်တော့ သာကူ ၂၅ ကျပ်သားကို သကြား ၂၅ ကျပ်သားနဲ့ အတူရောပြီး ကရင်ဆိုဒါတစ်ပုလင်းလောင်းထည့်ကာ ဆားလေးသင့်ရုံ ထည့်ပြီး ကျိုရပါမယ်။ သာကူတွေ မျက်ဆံပျောက်တဲ့အထိ ကျိုပြီး ဗန်းတစ်ချပ်ထဲမှာ သာကူတွေကို ဖြန့်ကာ အအေးခံထားရပါမယ်။ အုန်းသီး မနုမရင့်တစ်လုံးလောက်ကို  အုန်းသီးဆံလေးတွေ ခြစ်ယူထားရပါမယ်။ သာကူတွေအေးသွားတဲ့အခါ တစ်လုပ်စာ အနေတော်အရွယ်လှီးပြီး အုန်းသီးမှုန့်ထဲမှာ လူးပေးရပါမယ်။ အဲဒီလို အလုံးလေးတွေရတဲ့အခါ ပန်းကန်ပြားထဲမှာ လှပအောင် စီထည့်ပြီး အပေါ်ကမှတစ်ခါ အုန်းသီးဆံလေးတွေ ထပ်ဖြူးကာ ဧည့်ဝတ်ပြုနိုင်ပါတယ်။ သာကူ၊ သကြားနဲ့ အုန်းသီးတို့ရဲ့ အိထွေးချိုဆိမ့်တဲ့ အရသာအပြင် ကရင်ဆိုဒါနံ့ သင်းသင်းလေးကိုပါ ခံစားရတာမို့ ပသျှူးသာကူကိုလည်း စားဖူးသူတိုင်း နှစ်သက်ကြပါတယ်။ စားပြီးရင်း စားချင်လှတဲ့ ချိုဆိမ့်မွှေး ပသျှူးသာကူမုန့် ဖြစ်ပါတယ်။ ကရင်ဆိုဒါ မရှိရင်တာ့ “နှင်းရည်” အနံ့ကို ထည့်ပြီး အနီ၊ အစိမ်း ကြိုက်ရာ အရောင်ထည့်ကာ ပြုလုပ်စားသုံးနိုင်ကြပါတယ်။

          သာကူကို သာကူကျို၊ သာကူမုန့်ဖက်ထုပ်၊ ပသျှူးသာကူမုန့်တို့အပြင် “သာကူပြင်” လည်း ပြုလုပ်စားသုံးနိုင်ပါတယ်။ သာကူပြင် ပြုလုပ်မယ်ဆိုရင်တော့ –

၁။       သာကူစေ့  ၅၀ ကျပ်သား

၂။       သကြား ၃၀ ကျပ်သား

၃။       အုန်းသီးရင့်ရင့်ကြီး ၁ လုံးနှင့်

၎။       ဆား အနည်းငယ်တို့ လိုအပ်ပါတယ်။

          သာကူပြင်လုပ်မယ်ဆိုရင်တော့ သကြားတွေကို ရေသင့်ရုံထည့်ပြီး ဆူအောင် ကျိုရပါမယ်။ သာကူစေ့တွေကိုလည်း ရေဆေးပြီး သကြားရည်ထဲ ထည့်ရပါမယ်။ အုန်းနို့နှောင်းရည်တွေနဲ့အတူ ဆားလေး သင့်ရုံလောက်ထည့်ပြီး သာကူစေ့တွေ မျက်ဆံပျောက်တဲ့အထိ ကျိုကာ မုန့်ဗန်းထဲကို လောင်းချရပါမယ်။ အဲဒီအပေါ်ကမှ အုန်းနို့ဦးရေ တွေကို လောင်းချပြီး အပေါ်မီးအေးအေးလေး တင်ပေးရပါမယ်။ ဒီအခါမှာတော့ အရသာ ချိုဆိမ့်မွှေးနေတဲ့ သာကူပြင် အိအိထွေးထွေးကို ရရှိပြီဖြစ်ပါတယ်။

          သာကူထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာနက ရေးသားတဲ့ “မြန်မာ့အစားအစာ၏အာဟာရ” စာအုပ်အလိုအရ သာကူစားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၃၅၈ ကီလိုကယ်လိုရီနဲ့ ကစီဓာတ် ၈၇.၁ ဂရမ် ပါဝင်တာ တွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ဒီလမှာတော့  မြန်မာ့ရိုးရာ သရေစာများထဲက “သာကူ” ကို နည်းမျိုးစုံ ပြုလုပ်စားသုံးပုံများနဲ့ သာကူရဲ့ အာဟာရတန်ဖိုးများအကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

Facebook Comments