“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ခံတက်ချဉ်သုပ်

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine

ချစ်စွာသော စာရှုသူများရှင်…

          မြန်မာ့ရိုးရာအစားအစာနဲ့ အာဟာရအခန်းကနေ “မန်ကျည်းရွက်သုပ်”  အကြောင်း ရေးသားတင်ပြခဲ့တာ စာရှုသူများ နှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ်။ “နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဆိုတဲ့  စကားအတိုင်း  သစ်ပင်တွေက ထွက်ပြူစ ပုရစ်ဖူးလေးများဟာလည်း ဆေးဖက်ဝင်လှသလို  ခံတွင်းမြိန်လှတဲ့  ဟင်းအရန်များအဖြစ် ဖန်တီးစားသုံးနိုင်ကြပါ တယ်။

          ဒါကြောင့် ဒီလအတွက်တော့ “ခံတက်ချဉ်သုပ်” ပြုလုပ်စားသုံးပုံများအကြောင်း တင်ပြဖို့ စီစဉ်ထားပါတယ်။ ခံတက်ပင်ရဲ့ ကိုင်းဖျားထိပ်ဖျားများမှာ ခံတက်ရွက်နုများ ဝေဖြာနေတတ်တာမို့ ခံတက်ပင်တစ်ပင်မှာ ခံတက်ရွက်နုလေးများဟာ ခူးလို့မကုန် နိုင်အောင် များပြားလှပါတယ်။ ခံတက်ရွက်နုလေးတွေကို အပင်က လတ်လတ်ဆတ်ဆတ်ခူး၊ ရေစင်အောင်ဆေးပြီး အစည်းလေးတွေ စည်းကာ ခံတက်ရွက်လေးတွေ နွမ်းသွားအောင် နေပူမှာ တစ်နေလောက် လှန်းရပါမယ်။

          နေလှန်းထားတဲ့ ခံတက်ရွက်လေးတွေကို ခံတက်ချဉ်တည်မယ်ဆိုရင်တော့ ထမင်းရည်တွေကို ဇလုံသန့်သန့်ထဲမှာ သီးသန့်ငှဲ့ထားပြီး အအေးခံထားရပါမယ်။ ဆား လက်တစ်ဆုပ်စာလောက်ကိုလည်း ရေသင့်ရုံထည့်ကာ ကျိုရပါမယ်။ ဆားကျက်ရည်ကိုလည်း အအေးခံထားရပါမယ်။ ထမင်းရည်နဲ့ ဆားကျက်ရည် အေးသွားပြီဆိုတော့မှ ဖန်ပုလင်းခပ်ကြီးကြီး၊ အဝကျယ်ကျယ်ထဲမှာ ခံတက်ရွက်အစည်းလေးတွေကို သိပ်ပြီး ထည့်ရပါမယ်။ အဲဒီအပေါ်ကမှ ထမင်းရည်နဲ့ ဆားကျက်ရည်တို့ကိုထည့်ပြီး အဖုံးကို လုံနေအောင် ပိတ်ထားရပါမယ်။ လေး၊ ငါးရက်လောက်ကြာလို့ ပုလင်းအဖုံးကို ဖွင့်လိုက်တဲ့အခါမှာတော့ ဝင်းဝါပြီး အနံ့ရော အရသာပါ ကောင်းမွန်လှတဲ့ ခံတက်ချဉ် မွှေးမွှေးလေးကို ရရှိနိုင်ပြီ ဖြစ်ပါတယ်။

          ခံတက်ချဉ်ကိုတော့ စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြပါတယ်။ ခံတက်ချဉ် သုပ်မယ် ဆိုရင်တော့ ခံတက်ချဉ် ၂ စည်း၊ ကြက်သွန်နီဥကြီး ၃ ဥ၊ ပုစွန်ခြောက်မှုန့် ကြွေဇွန်းကြီး ၂ ဇွန်း၊ မျှင်ငါးပိ သို့မဟုတ် ငံပြာရည် အနည်းငယ်၊ မြေပဲဆံလှော်ထောင်း လက်ဖက်ရည် ပန်းကန်တစ်ဝက်၊ ငရုတ်သီးမှုန့်နဲ့ ကြက်သွန်ဖြူ ၁ ဥတို့ လိုအပ်ပါတယ်။

          လိုအပ်တဲ့ အဆာတွေအားလုံး စုံပြီဆိုရင် ပထမဆုံး ခံတက်ချဉ်များကို အစည်းလိုက် ပါးပါးလှီးထားရပါမယ်။ ကြက်သွန်နီဥကြီးတစ်ဥနဲ့ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး နီရောင်သန်းလာအောင် ဆီချက် ချက်ထားရပါမယ်။ ကျန်တဲ့ကြက်သွန်နီဥကြီး ၂ ဥကိုလည်း ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားရပါမယ်။

          ဇလုံအကြီးတစ်လုံးထဲ ခံတက်ရွက်လှီးပြီးသားများ၊ ကြက်သွန်နီ လှီးပြီးသားများ၊ မျှင်ငါးပိ မီးကင်၊ ပုစွန်ခြောက်မှုန့်၊ မြေပဲဆံလှော်ထောင်းနဲ့ ငရုတ်သီးမှုန့်တို့ကိုထည့်ကာ ဆီချက်လောင်းပြီး သုပ်လိုက်တဲ့အခါမှာတော့ အနံ့အရသာနဲ့ ပြည့်စုံကောင်းမွန်လှတဲ့ “ခံတက်ချဉ်သုပ်” မွှေးမွှေးလေးကို ရရှိနိုင်ပြီ ဖြစ်ပါတယ်။

          ခံတက်ချဉ်သုပ်နဲ့ အလိုက်ဖက်ဆုံး ဟင်းအတွဲကတော့ ပဲနီလေးနဲ့ ကြာဆံ ဟင်းချိုပဲ ဖြစ်ပါတယ်။ ခံတက်ချဉ်သုပ်ထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာနက ရေးသားတဲ့ “မြန်မာ့အစားအစာ၏ အာဟာရ” စာအုပ် အလိုအရ “ခံတက်ချဉ်သုပ်” စားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ် ၁၀၇ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၂၃.၃ ဂရမ်နဲ့ ပရိုတင်းဓာတ် ၅.၆ ဂရမ် ပါဝင်တာ တွေ့ရပါတယ်။

          ဒါကြောင့် စားရတာ ခံတွင်းတွေ့ပြီး ထမင်းမြိန်စေရုံသာမက အာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်နေတဲ့ ခံတက်ချဉ်သုပ်လို ဟင်းလျာမျိုးကို အိမ်ရှင်မများ စီမံဖန်တီးသင့်ကြပါတယ်ရှင်။

ချစ်စွာသော စာရှုသူများရှင်…

          ယခုလ မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာတော့ “ခံတက်ချဉ်သုပ်” ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြလိုက်ရပါတယ်။

ဆန်းဆန်းဦး

(မြန်မာ့အသံ)

Facebook Comments