“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်
by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine
ချစ်စွာသော စာရှုသူများရှင်-
          ယခုလိုသမယ ဆောင်းရာသီကာလမှာ ပန်းဂေါ်ဖီနဲ့ ဂေါ် ဖီထုပ်များကို လှိုင်လှိုင်ပေါပေါ စားသုံးနိုင်ပါတယ်။ ပန်းဂေါ်ဖီကို ပန်းထုပ်၊ ပန်းမုန်လာ၊ ဂေါ်ဖီပန်း၊ ဂေါ်ဖီပွင့်လို့လည်း ခေါ်ဝေါ်တတ်ပါသေးတယ်။
          ယခုလအတွက် မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရအခန်းမှာတော့ ရာသီစာ                   “ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်” တို့ရဲ့ အာဟာရတန်ဖိုးများအကြာင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။ ပန်းဂေါ်ဖီကို ၀က်သား၊ ပုစွန် စတဲ့အသားများနဲ့ရောပြီး ကြော်စားနိုင်သလို ဘဲဥ၊ ကြက်ဥနဲ့လည်း ကြော်စားနိုင်ပါတယ်။ အသားနဲ့ ရောကြော်တဲ့အခါ အချိုအရသာ ပိုကဲသလို ဘဲဥ၊ ကြက်ဥနဲ့ကြော်ရင်တော့ ဆိမ့်တဲ့အရသာ ပိုကဲစေပါတယ်။
          စားသောက်ဆိုင်ကြီးများမှာ ဈေးကြီးပေးဝယ်ရတဲ့ ၁၂ မျိုးဟင်းချို၊ အစိမ်းကြော်၊ ချိုချဉ်ကြော်၊ ခေါက်ဆွဲကြော်နဲ့ အချို၊ အစပ်၊ အဆိမ့်အရသာ စုံအောင်ဖန်တီးထားတဲ့ “ယိုးဒယားဟင်းချို”ထဲမှာလည်း ပန်းဂေါ်ဖီကိုထည့်ပြီး ကြော်ချက်လေ့ရှိပါတယ်။
          အခုလို ကြော်စား၊ ဟင်းချိုချက်စားနိုင်တဲ့အပြင် “ပန်းဂေါ်ဖီ” ကို သုပ်ပြီးတော့လည်း စားနိုင်ပါတယ်။ ပန်းဂေါ်ဖီသုပ်စားမယ်ဆိုရင်တော့ ပထမဆုံး ပန်းဂေါ်ဖီကို ခပ်သေးသေး လှီး၊ မကျက်တကျက်ပြုတ်ပြီး ရေစစ်ထားရပါမယ်။ အဲဒီနောက် ကြက်သွန်နီ ဥကြီးကြီး ၂ ဥကိုလည်း ပန်းဂေါ်ဖီလိုပဲ ပါးပါးလှီးကာ ရေဆေးပြီး စစ်ထားရပါမယ်။
          ပုစွန်ခြောက်မှုန့်၊ နှမ်းလှော်၊ မြေပဲလှော်မှုန့်၊ ငံပြာရည် (သို့) ဆား သင့်ရုံထည့်လို့ ကြက်သွန်ကြော်နိုင်နိုင်နဲ့ ကြော်ထားတဲ့  ဆီချက်ကို လောင်းပြီး သုပ်စားနိုင်ပါတယ်။ အချဉ်ကြိုက်တတ်ရင်တော့ သံပရာရည်လေးညှစ်ပြီး သုံးဆောင်ရင် အလွန်အရသာရှိလှတဲ့ အသုပ်တစ်ပွဲကို ရရှိနိုင်ပါတယ်ရှင်။
          ပန်းဂေါ်ဖီကို သနပ်သုပ်လုပ်ပြီးတော့လည်း စားသုံးနိုင်ပါတယ်။ ပန်းဂေါ်ဖီသနပ် လုပ်မယ်ဆိုရင်တော့ ပထမဆုံး ပန်းဂေါ်ဖီကို ခပ်သေးသေးလှီး၊ မုန်လာဥနီနဲ့ ငရုတ်သီး စိမ်းတို့ကိုလည်း လှီးပြီး နေတစ်နေပြရပါမယ်။ ရှလကာရည်အပြင်း နှစ်ဇွန်းထည့်ထားတဲ့ ရေကျက်အေးထဲကို “ပဲပိုးတီ” နဲ့အတူ ပန်းဂေါ်ဖီကို ထည့်ပြီး ဖန်ပုလင်းအတွင်းမှာ ၃ ရက်စိမ်ရပါမယ်။ ၃ ရက်စိမ်ပြီးရင် အချဉ်ရည်ထဲက ဆယ်ယူပြီး သကြားနဲ့ နယ်ရပါမယ်။ ချင်းကိုလည်း ပါးပါးလှီးပြီး ဆီသတ်ရပါမယ်။ အဲဒီနောက် ကြက်သွန်ဖြူ ဆီသတ် ထားတဲ့အိုးကို မီးဖိုပေါ်ကချပြီး ငရုတ်သီးအရောင်တင်မှုန့်ကို ထည့်ရပါမယ်။ နေလှမ်းထားတဲ့ ပန်းဂေါ်ဖီကို မဆလာနဲ့နယ်ပြီး ချင်းဆီသတ်လောင်းထည့်လိုက်တဲ့အခါမှာတော့ အနံ့အရသာနဲ့ ပြည့်စုံကောင်းမွန်လှတဲ့ ပန်းဂေါ်ဖီသနပ်ကို ရရှိနိုင်ပါတယ်။ အဲဒီပန်းဂေါ်ဖီသနပ်ကို ပဲနီလေး ဟင်းချိုပူပူလေးနဲ့ တွဲဖက်သုံးဆောင်ရင် အလွန်အရသာ ရှိလှပါတယ်ရှင်။
          မြန်မာဆေးကျမ်းတွေမှာတော့ ပန်းဂေါ်ဖီရဲ့ အာနိသင်ကို “ပန်းဂေါ်ဖီသည် လေကို ပွားစေ၏။ အူကို တွန့်စေ၏။ အနာမှာ အသားနုတက်စေ၏၊ သလိပ်၊ သည်းခြေ၊ ဒေါသ များကို ငြိမ်းစေ၏။ နှလုံး၊ ဒူလာချောင်းဆိုးရောဂါများကို ပျောက်ကင်းစေတတ်၏” လို့ ဖော်ပြထားပါတယ်။
          ပန်းဂေါ်ဖီရဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြလို့အပြီးမှာ ဂေါ်ဖီထုပ်ရဲ့ အသုံးဝင်ပုံများကို ဆက်လက်ပြီး တင်ပြလိုပါတယ်။
          ဂေါ်ဖီထုပ်ဟာ ဟင်းလျာအနေနဲ့ အဆာအဖြစ် ဟင်းပွားအောင် ဖန်တီးရာမှာ အသုံးဝင်လှတာမို့ အိမ်ရှင်မတွေရဲ့ လက်စွဲလို့ ဆိုနိုင်ပါတယ်။ ဂေါ်ဖီထုပ်ကို မုန်လာထုပ်လို့လည်း အရပ်ဒေသလိုက်ပြီး ခေါ်ဝေါ်ကြပါတယ်။ လူသုံးများတဲ့အတွက် မြန်မာပြည်အနှံ့အပြား စိုက်ပျိုးကြပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ ပင်းတယနဲ့ ပွေးလှစတဲ့ ဒေသတွေမှာတော့ စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးဖြစ်ထွန်းပါတယ်။
          ဂေါ်ဖီထုပ်ကို အကြော်၊ အသုပ်စတဲ့ အချိုဟင်းတွေမှာ အဓိကထား စားသုံးတာ များပါတယ်။ လူသုံးအများဆုံးကတော့ ဂေါ်ဖီထုပ်ကိုကြော်စားတဲ့ နည်းပါပဲရှင်။ ဂေါ် ဖီထုပ် ကြော်မယ်ဆိုရင် ကြိုက်ရာအသားတစ်မျိုးကို ပထမဆုံးကြော်ရပါမယ်။ အသားကျက်ခါနီးမှာ ကြက်သွန်နီကိုထည့်ပြီး နွမ်းသွားရင် ခပ်ထူထူလှီးထားတဲ့ ဂေါ်ဖီထုပ်ကိုထည့်ပြီး ဆား၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့် သင့်အောင်ထည့်ကာ ကြော်စားနိုင်ပါတယ်။
          အခုလို အသားနဲ့မကြော်ဘဲ ဆား၊ ပဲငံပြာရည်လေးနဲ့ သက်သတ်လွတ်လည်း ကြော်စားနိုင်ပါတယ်။ တချို့ကတော့ ဂေါ်ဖီထုပ်ရဲ့ အချိုအရသာလေးအပြင် အဆိမ့် အရသာလေး ပိုကောင်းအောင် ဘဲဥ၊ ကြက်ဥနဲ့ ကြော်စားလေ့ရှိပါတယ်။
          ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ အစိမ်းကြော်၊ ကော်ပြန့်စိမ်းနဲ့ ကော်ပြန့်ကြော်တို့မှာတော့ ဂေါ်ဖီထုပ်ဟာ မပါရင်မပြီးလောက်အောင် အသုံးဝင်လှပါတယ်။ ဂေါ်ဖီထုပ်ကို ဟင်းချို၊ ဟင်းခါးလည်း ချက်သောက်နိုင်ပါတယ်။ ဂေါ်ဖီထုပ် ဟင်းခါးပူပူလေးနဲ့ အသုပ်စုံတစ်ပွဲဟာ အလွန်လိုက်ဖက်လှပါတယ်။ ဂေါ်ဖီထုပ်ကို  ဟင်းချို၊ ကြော်ချက် စသဖြင့် နည်းမျိုးစုံ စီမံစားသုံးနိုင်သလို လက်ဖက်သုပ်၊ ခေါက်ဆွဲသုပ် စတဲ့ အသုပ်မျိုးစုံ မှာလည်း ဂေါ်ဖီထုပ်ကို ပါးပါးလှီးပြီး အဆာအဖြစ်နဲ့ အများဆုံး အသုံးပြုနိုင်ပါတယ်။
          အဲဒီလို ဟင်းအမည် အတော်များများမှာ အမျိုးမျိုး အဖုံဖုံ ထည့်သွင်းအသုံးပြုနိုင်တဲ့ ဂေါ်ဖီထုပ်ကို  အချိုနည်းတွေ ရိုးအီလို့ အချဉ်ဟင်းလေးပဲ ချက်စားချင်တယ်ဆိုရင်တော့ အခုလိုရာသီမှာ ဂျူးမြစ်၊ ဂေါ်ရခါးသီးနဲ့ ဂေါ်ဖီထုပ်ကို ခရမ်းချဉ်သီးများများနဲ့ ချဉ်ရည်ဟင်း ချက်စားနိုင်ပါတယ်။ ငါးရံ့၊ ငါးခူ၊ ငါးကျည်း ရရာတစ်မျိုးမျိုးကို အနေတော် တုံးတစ်ပြီး
ဆား၊ နနွင်း၊ ငံပြာရည်တို့နဲ့ ဆုပ်နယ်ကာ ကြက်သွန်အဖြူ/အနီ၊ ချင်း၊ ငရုတ်သီး ထောင်းပြီးသား အနှစ်များနဲ့အတူ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီးနဲ့ ဂျူးမြစ်တို့ကိုပါ  ဒန်အိုးအဖုံးကို ပိတ်ပြီး လုံးချက် ချက်နိုင်ပါတယ်။ အရသာလေးပင်အောင်နဲ့ အချဉ်အရသာလေး ပိုအောင် ခရမ်းချဉ်သီးကိုတော့ များများထည့်သင့်ပါတယ်။ အားလုံးဟာ ရာသီစာ သီးနှံများဖြစ်လို့ ဈေးလည်း မများလှပါဘူးရှင်။
          တချို့ကတော့ ခရမ်းချဉ်သီးကို လျှော့သုံးပြီး မန်ကျည်းရည်လေးနဲ့ ချက်လေ့ရှိပါတယ်။ အိုးချခါနီးမှာ နံနံပင်လေးအုပ်ပြီး ချက်ထားတဲ့ ဂေါ်ဖီထုပ်၊ ဂျူးမြစ်ချဉ်ရည်ဟင်းဟာ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ လျှာရင်းမြက်ဖွယ် ဟင်းတစ်မည်ပါပဲရှင်။  အဲဒီချဉ်ရည်ဟင်းကို ငါးခြောက်ကြော် စပ်စပ်လေး (သို့) ငရုတ်သီးအညာထောင်း မွှေးမွှေးလေးနဲ့ တွဲဖက်သုံးဆောင်ကြရင်ဖြင့် ထမင်းပွဲက မထနိုင်လောက်အောင် ခံတွင်းတွေ့ကြမှာ အမှန်ပါပဲရှင်။
          အခုလို ဟင်းပွဲထည်ဝါစေလှတဲ့ ဂေါ်ဖီထုပ်မှာ ပါဝင်တဲ့ အာဟာရဓာတ်များကို လေ့လာတဲ့အခါ  အာဟာရဌာနခွဲက ထုတ်ဝေတဲ့ “မြန်မာ့အစားအစာများမှာ ပါဝင်သော အာဟာရဓာတ်များ” စာအုပ် အလိုအရ ကာဗိုဟိုက်ဒရိတ် ၅.၃၂ ဂရမ်၊ ကယ်လစီယမ် ၄၅.၆ မီလီဂရမ်နဲ့ ဖိုင်ဘာဓာတ်များပါဝင်ပါတယ်။ ဂေါ်ဖီထုပ်ကို ချက်ပြုတ်တဲ့အခါ နွမ်းရိသွားအောင် ကြာကြာမချက်သင့်ပါဘူး။ မနွမ်းတနွမ်း၊ မကျက်တကျက်လေးချက်မှ အာဟာရလည်းမပျက် စားလို့လည်း ကောင်းပါတယ်။
          တစ်ခုသတိပြုဖို့ကတော့ ဂေါ်ဖီထုပ်သာမက စောစောက တင်ပြခဲ့တဲ့ ပန်းဂေါ်ဖီကိုပါ မလှီးခင် ရေစင်အောင် ဆေးသင့်ပါတယ်။ ရေဆေးတဲ့အခါမှာလည်း  ရေထဲကို ဆားလေးထည့်ပြီးမှဆေးရင် ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီထုပ်မှာပါလာတဲ့ ပိုးမွှားလေးတွေရဲ့ဘေးက ကင်းဝေး စေနိုင်ပါတယ်။ ပြီးတော့ ရေထဲမှာ အကြာကြီးမစိမ်ထားသင့်ပါဘူး။ မချက်ခင်လေးမှာမှ ဆေးကြောလှီးဖြတ်ပြီး ချက်သင့်ပါတယ်။ အကြာကြီး ရေစိမ်ထားရင် ပါဝင်တဲ့ အာဟာရဓာတ်တွေ ရေထဲမှာ ပျော်ဝင်လျော့နည်းသွားနိုင်လို့ပဲ ဖြစ်ပါတယ်။
          ဂေါ်ဖီထုပ်လို ဟင်းရွက်စိမ်းသီးနှံမျိုးကို အစိမ်းလိုက်တို့စားရင် ပိုပြီးအာဟာရ ပြည့်စုံစေပေမယ့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်စတဲ့ သီးနှံမျိုးဟာ မြေမှာကပ်ပြီး ဖူးပွင့်လာတဲ့ သီးနှံမျိုးဖြစ်လို့ သီးနှံပိုးနဲ့ မြေထဲက ပိုးမွှားလေးများ ကပ်တွယ်လာတတ်ပါတယ်။ ဒါကြောင့် အစိမ်းတို့မယ်ဆိုရင် တစ်လွှာချင်းခွာ၊ တစ်ရွက်ချင်းဖယ်လို့၊ ပန်းဂေါ်ဖီဆိုရင်လည်း ပွင့်ဖတ်ပွင့်ခိုင်လေးတွေကို ဖဲ့လို့ ခုနက တင်ပြခဲ့သလို ဆားရည်လေးနဲ့ ခပ်ဖွားဖွားလေး ဆေးပြီးမှ တို့မြှုပ်၊ သုပ်ပြီးစားသင့်ပါတယ်ရှင်။ တို့စရာအနေနဲ့ စားမယ်ဆိုရင်တော့ ရေနွေးလေးဖျောပြီးမှ သုံးဆောင်တာ ပိုပြီးစိတ်ချရပါတယ်။
ချစ်စွာသော စာရှုသူများရှင်-
          ဟင်းပွဲအမည်အမျိုးမျိုးမှာ ဟင်းပွဲထည်စေတဲ့ ရာသီစာ “ပန်းဂေါ်ဖီနဲ့  ဂေါ်ဖီထုပ်” တို့ရဲ့ အာဟာရတန်ဖိုးများအကြောင်း ရေးသားတင်ပြရင်း ယခုလ အစာနဲ့ အာဟာရအခန်းကို ရပ်နားလိုက်ရပါတယ်ရှင်။
Facebook Comments