“မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ” မုန်ညင်းရွက်

by ဆန်းဆန်းဦး (မြန်မာ့အသံ) for Food Magazine

ချစ်စွာသော စာရှုသူများရှင်-

          ယခုလအတွက် မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာတော့ ဆောင်းရာသီစာ ဟင်းသီးဟင်းရွက်များထဲက “မုန်ညင်းရွက်”ရဲ့ အာဟာရတန်ဖိုးများအကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။  မုန်ညင်းရွက်ကို  အများအားဖြင့် မုန်ညင်းဖြူနဲ့ မုန်ညင်းစိမ်း(၂)မျိုးကိုသာ လူသိများပြီး လူသုံးများလှပေမယ့် တကယ်တော့ မုန်ညင်းမှာ မုန်ညင်းဖြူ၊ မုန်ညင်း နက်နဲ့ မုန်ညင်းနီဆိုပြီး (၃)မျိုး ရှိပါတယ်။

          မုန်ညင်းဖြူကိုတော့ စာရှုသူများ မြင်ဖူး၊ စားဖူးကြမှာပါ။  ရိုးတံဖြူဖြူပွပွကြီးများနဲ့ အရွက်ဖားဖားကြီးများကတော့ စိမ်းစိုလို့နေပါတယ်။ မုန်ညင်းရွက်ကို ကြော်စားလို့ပဲဖြစ်ဖြစ်၊ ဟင်းချိုချက်သောက်လို့ပဲဖြစ်ဖြစ်၊ ချဉ်ရည်ဟင်းချက်စားလို့ပဲဖြစ်ဖြစ် နှစ်သက်သလို အမျိုးမျိုး စီမံသုံးဆောင်နိုင်ပါတယ်။  မုန်ညင်းရွက်သာမက မုန်ညင်းဖူးများကိုလည်း ပြုတ်ပြီး တို့စရာအနေနဲ့ စားသုံးနိုင်သလို ဘဲဥနဲ့ကြော်ပြီး ဟင်းလျာအနေနဲ့လည်း စားသုံးနိုင်ပါတယ်။ မုန်ညင်းဖူး သန်သန် ထွားထွားနုနုကြီးများကို ပြုတ်ပြီး ခရမ်းချဉ်သီးငါးပိချက် စပ်စပ်လေးနဲ့ တွဲဖက်သုံးဆောင်ရင် ထိုင်ရာကမထနိုင်လောက်အောင် ထမင်းမြိန်စေလှပါတယ်။ မုန်ညင်းရွက်ကိုတော့ ကြိုက်ရာအသားတစ်မျိုးမျိုးနဲ့ ကြော်စားနိုင်ပါတယ်။ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ရွှေပဲသီး၊ မုန်လာဥနီ၊ ဂေါ်ရခါးသီးတို့နဲ့ အစိမ်းကြော် ကြော်စားနိုင်သလို ခေါက်ဆွဲကြော်၊ ကြာဆံကြော်နဲ့ ထမင်းပေါင်းတို့မှာလည်း မုန်ညင်းရွက်ကိုထည့်ပြီး အသုံး ပြုနိုင်ပါတယ်။ ဟင်းခတ်တစ်မျိုးမျိုးနဲ့ ဟင်းချိုချက်သောက်ရင်လည်း အရသာရှိလှပါတယ်။ ဝက်နံရိုးနဲ့ မုန့်ညင်းဟင်းချို ချက်သောက်မယ်ဆိုရင်တော့ ပထမဆုံးဝက်နံရိုးကို အနေတော်ခုတ်ပိုင်းပြီး ရေစင်အောင်ဆေးကာ ဆားနယ်ရပါမယ်။ ပြီးရင်တော့ ဝက်နံရိုးကို အသားနူးအောင်ပြုတ်ကာ အသားနူးလာတော့မှ မုန်ညင်းရွက်ကို ခပ်ထူထူလှီးဖြတ်ပြီး ထည့်ရပါမယ်။ “ဝက်နံရိုးနဲ့ မုန်ညင်း”ဟင်းချိုနဲ့ အလိုက်ဖက်ဆုံး ဟင်းအမည်တွဲကတော့ ခရမ်းချဉ်သီးထောင်း(သို့)ခရမ်းချဉ်သီး ပန်ထွေဖျော်ပဲဖြစ်ပါတယ်။ မုန်ညင်းကို ဟင်းချို ချက်သောက်နိုင်ရုံသာမက ချဉ်ရည်ဟင်းလည်း ချက်စားနိုင်ပါတယ်။ မုန်ညင်းချဉ်ရည် ချက်မယ်ဆိုရင်တော့ ဟင်းခတ်ထည့်မယ့် ငါးတစ်မျိုးမျိုးကို ကြက်သွန်အဖြူ/ အနီ၊ ငရုတ် သီးထောင်းပြီးသား အမွှေးအကြိုင်များနဲ့ ဆီသတ်ပြီး ဆီသေလို့ မွှေးနံ့ထွက်ကာ ဆီပြန်လာတဲ့အခါ မုန်ညင်းရွက်ကိုထည့်ရပါမယ်။ အထက်အောက် သမသွားအောင် ခပ်ဖွဖွလေးမွှေပြီး ရေသင့်ရုံထည့်လို့ အိုးအဖုံးကို ပြန်ပိတ်ထားရပါမယ်။ ပွက်ပွက်ဆူလာတဲ့အခါ မန်ကျည်းရည်လေးသင့်ရုံထည့်လို့ အိုးချခါနီးမှာ နံနံပင်လေး အုပ်လိုက်တဲ့အခါမှာတော့ အနံ့အရသာပြည့်စုံကောင်းမွန်လှတဲ့ “မုန်ညင်းချဉ်ရည်”တစ်ပွဲကို ရရှိပြီဖြစ်ပါတယ်။ မုန်ညင်းကို တာရှည်ထား စားသုံးမယ်ဆိုရင်တော့ မုန်ညင်းရွက်တွေကို ရေစင်အောင် ဆေး၊ နွမ်းအောင်နေပြပြီး ထမင်းရည်၊ ဆားသင့်ရုံထည့်လို့ အိုးအဖုံးကို လုံအောင်ပိတ်ထားလိုက်ရင် ၂ ရက်လောက်ကြာတဲ့အခါ မုန်ညင်းချဉ်ကို ရရှိနိုင်ပါပြီ။ မုန်ညင်းချဉ်ကိုတော့ ကြိုက်ရာအသားတစ်မျိုးမျိုးနဲ့ ကြော်စားနိုင်ပါတယ်။ ဒါ့အပြင် ကြိုက်ရာအသား တစ်မျိုးမျိုးကို နူးနေအောင်ပြုတ်ပြီး မုန်ညင်းချဉ်ကို ဟင်းခတ်အဖြစ်အသုံးပြုကာ မုန်ညင်းချဉ်ဟင်းချိုလည်း ချက်သောက်နိုင်ပါတယ်။ ချိုချိုချဉ်ချဉ်လေးနဲ့မို့ စားရတာ အရသာရှိလှပါတယ်။ ဘဲပေါင်း ကြံမဆိုင်လို့လည်းခေါ်တဲ့ ဘဲပေါင်းနဲ့ မုန်ညင်းချဉ်ဟင်း ချိုကိုတော့ စွဲမက်နှစ်သက်သူ များလှပါတယ်ရှင်။

          ဒါ့အပြင် “ရှမ်းမုန်ညင်းချဉ်” ပြုလုပ်ပြီးတော့လည်း တာရှည်ထားစားသုံးနိုင်ပါတယ်။ ရှမ်းမုန်ညင်းချဉ်လုပ်မယ်ဆိုရင်တော့ မုန်ညင်းစိမ်းရွက်ကို အသုံးများကြပါတယ်။ မုန်ညင်းစိမ်း၊ မုန်လာဥအဖြူ၊ မုန်လာဥအနီ၊ ဂျူးမြစ်၊ ပဲပိုးတီနှင့် ချင်းတို့ကို ရေစင်အောင်ဆေးပြီး မုန်ညင်းစိမ်းကို နေလှမ်းရပါမယ်။ တခြားအသီးအရွက်တွေကိုလည်း လက်တစ်ဆစ်စာလောက် လှီးဖြတ်ပြီး နေလှမ်းရပါမယ်။ ချင်းကိုတော့ ချင်းပေါက်လှီးရပါမယ်။ ငရုတ်သီးခြောက် ၁၀ တောင့်လောက်ကိုလည်း လှီးဖြတ်ပြီး နေလှမ်းရပါမယ်။ ကောက်ညှင်း ဆန် နို့ဆီဘူး ၂ လုံးလျော့လျော့ကို ထန်းလျက် ၂ လုံးလောက်ထည့်ပြီး ပျစ်နေအောင် ကျိုရပါမယ်။ မုန်ညင်းတွေ နွမ်းသွားတဲ့အခါ မုန်ညင်းကို ဆားနဲ့နယ်၊ အရည်တွေညှစ်ပြီး လက်တစ်ဆစ်စာ ဖြတ်ရပါမယ်။ ပြီးရင် အသီးအရွက်အားလုံးကို ကောက်ညှင်းနဲ့ အစေးပေါက်အောင်နယ်ပြီး ပုလင်းလွတ်ထဲမှာ သိပ်ထည့်ထားရပါမယ်။ မြန်မြန်စားချင်ရင်တော့ နေထုတ်လှမ်းပေးနိုင်ပါတယ်။ တစ်ရက်၊ နှစ်ရက်လောက်ကြာရင် ချို၊ ချဉ်၊ ငန်၊ စပ်၊ မွှေး အရသာမသေးလှတဲ့ ရှမ်းမုန်ညင်းချဉ်ကို ရရှိနိုင်ပါပြီ။ ရက်ကြာကြာထားချင်ရင်တော့ နေပြင်းပြင်း ၂ နေလောက် အရက်ချိုလေးနည်းနည်းထည့်ကာ နယ်ပြီး အဖုံးကို လုံအောင် ပိတ်ထားဖို့ လိုပါတယ်။

          မုန်ညင်းဖူးနှင့် မုန်ညင်းရွက်တို့ကို ဟင်းလျာအနေနဲ့ အမျိုးမျိုးချက်ပြုတ်စားသုံးနိုင်ရုံသာမက မုန်ညင်းစေ့ကိုလည်း ဆေးဘက်မှာ အသုံးပြုနိုင်ပါတယ်။ အဆစ်များ ယောင်တဲ့အခါ မုန်ညင်းဖြူစေ့ကို ကွမ်းစားဂမုန်းနဲ့သွေးပြီး လူးပေးရင် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အအေးလွန်ပြီး ကိုက်တဲ့ နားအနာကိုတော့ မုန်ညင်းဆီအနည်းငယ် ခတ်ပေးရုံနဲ့ သက်သာပျောက်ကင်းစေပါတယ်။

          မုန်ညင်းစေ့နဲ့ပတ်သက်လို့ ဆေးအဘိဓာန်ကျမ်းမှာ “မုန်ညင်းစေ့သည် သွေးနှင့် သလိပ်ယှဉ်၍ဖြစ်သော အနာကိုလည်းကောင်း၊ လေနှင့် သလိပ်ယှဉ်သော အနာကိုလည်း ကောင်း၊ အပူဝင်သော်လည်းကောင်း၊ ဝမ်းကိုက်သော်လည်းကောင်း၊ ရင်ဘတ်နာသော် လည်းကောင်း၊ အသားကြား၊ အရေကြား၊ အကြောကြားတို့၌ ကိုက်သောအနာကို လည်းကောင်း ချမ်းသာစေတတ်၏”လို့ ဖော်ပြထားပါတယ်။ ဓာတ်သဘောအရ “အပူ၊ တေဇော၊ အသက်”လို့ ဓာတုဩသဓရာသီကျမ်းမှာ ဖွင့်ဆိုထားပါတယ်။ မုန်ညင်းစေ့ကို ကြိတ်လို့ရတဲ့ မုန်ညင်းဆီဟာ ပူတဲ့သတ္တိရှိလို့ အကြောအခြင်များ ကိုက်ခဲညောင်းညာနေရင် မုန်ညင်းဆီနဲ့ ဆုပ်နယ်ပြီး လူးပေးရုံနဲ့ အကိုက်အခဲ အညောင်းအညာများ သက်သာစေပါတယ်။  မုန်ညင်းဆီကို မရိုးရွက်အရည်၊ နနွင်းတက်တို့နဲ့ ရောချက်ပြီး ဆီကို စစ်ယူရပါမယ်။ အဲဒီအဆီနဲ့ ပွေးနာ၊ ယားနာတွေကို လူးပေးရင် ယားနာများ သက်သာ ပျောက်ကင်းစေပါတယ်။ မုန်ညင်းဆီနဲ့ပတ်သက်လို့ ဒဗ္ဗဂုဏပကာသနီကျမ်းမှာ “မုန်ညင်းဖြူသည် စပ်သောအရသာရှိ၏၊ ခြောက်ထပ်၏၊ ပူသောသတ္တိရှိ၏၊ သွေးသည်းခြေကို ပျက်စေတတ်၏၊ အထူးသဖြင့် လျင်စွာ ဝမ်းမီးကို တောက်စေတတ်၏၊ အစာကို ကြေစေတတ်၏၊ နှလုံးနာ၊ ဝမ်းနာ၊ နူနာ၊ နားနာ၊ ဦးခေါင်းနာတို့ကို ပျောက်စေတတ်၏”လို့ အကျယ်တဝင့် ရေးသားထားပါတယ်။

          မုန်ညင်းဖြူအကြောင်း တင်ပြလို့အပြီးမှာ “မုန်ညင်းနက်”အကြောင်းကို ဆက်လက် ဖော်ပြလိုပါတယ်။ မုန်ညင်းနက်ရဲ့ အပင်ဟာ ၂ ပေ၊ ၃ ပေလောက်မြင့်ပြီး အရွက်က ၄ လက်မကနေ ၈ လက်မအထိ ရှည်ပါတယ်။ အပွင့်က အဝါရောင်ပွင့်ပြီး အသီးက လက်မ ဝက်လောက်ရှည်ပါတယ်။ အစေ့က မည်းတဲ့အတွက် “မုန်ညင်းနက်”လို့ ခေါ်ဝေါ် ခြင်း ဖြစ်ပါတယ်။ မုန်ညင်းနက်ရဲ့ အရွက်ကိုလည်း မုန်ညင်းဖြူလိုပဲ ကြော်၊ ချက် စားသုံးနိုင်ကြပါတယ်ရှင်။ မုန်ညင်းနက်နဲ့ပတ်သက်လို့ ဆေးအဘိဓာန်ကျမ်းမှာ “၄င်း၏အရွက်သည် လွန်စွာ ထက်မြက်၏၊ ခန္ဓာကိုယ်၏ အင်အားကို တိုးပွားစေ၏၊ ပိုးကိုနိုင်၏၊ လည်ချောင်း နာများကို နှိမ်နင်းတတ်၏၊ ၄င်းအစေ့သည်လည်းပူ၏၊ ခါး၏၊ ထက်၏၊ လေရောဂါကိုနိုင်၏၊ ခန္ဓာကိုယ်တွင်း အအေးပတ်ခြင်းကို ပူနွေးစေ၏၊ အရေပြားရောဂါ၊ ယားနာများကို ပယ်ဖျောက်တတ်၏”လို့ ရေးသားထားပါတယ်။      ကလေးများချောင်းဆိုးတဲ့အခါ ရင်ဘတ်ကို မုန်ညင်းဆီလိမ်းပေးရင် သက်သာ ပျောက်ကင်းနိုင်ပါ တယ်။ အဆစ်ရောင်တဲ့ရောဂါများ၊ နာကျင်ကိုက်ခဲခြင်းများဖြစ်ခဲ့ရင်တော့ မုန်ညင်းဆီနှင့် ပရုတ်ကိုဖျော်ပြီး လူးပေးရင် သက်သာပျောက်ကင်းစေပါတယ်။ မုန်ညင်းစေ့ကို ရှိန်းခိုကောင်းကောင်းနဲ့ အမှုန့်ကြိတ်ပြီး လျက်ဆားလို လျက်ပေးရင် သားလျှောတတ်တဲ့ အမျိုးသမီးများ သားပျက်တတ်တဲ့ ကိုယ်ဝန် ကောင်းမွန်လာစေပါတယ်။ မြွေဆိပ်သင့်ခဲ့ရင်တော့ မုန်ညင်းဆံကို ကြိတ်ပြီး ခပ်များများကျွေးရင် အန်ပြီး အဆိပ်တွေကျဆင်းလာပါလိမ့်မယ်။ မုန်ညင်းစေ့နဲ့ ခိုရဲ့ မစင်ကို ရောကြိတ်ပြီး ခေါင်းကိုက်တဲ့နေရာကို လူးပေးရင် နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ရောဂါ သက်သာပျောက်ကင်းစေပါတယ်။ မုန်ညင်းနီကိုလည်း မုန်ညင်းဖြူလိုပဲ ယာခင်းများမှာ စိုက်ပျိုးကြပါတယ်။ အပင်၊ အရွက်၊ အပွင့်၊ အသီးအားလုံး မုန်ညင်းဖြူနဲ့ တူပြီး အသီးက ပိုပါးကာ အစကတော့ နီမြန်းပါတယ်ရှင်။ မုန်ညင်းနီရဲ့အရွက်ကိုလည်း မုန်ညင်းဖြူလိုပဲ ကြော်ချက်စားသုံး နိုင်ပါတယ်။ မုန်ညင်းနီရဲ့အစေ့ကို အမှုန့်ကြိတ်ပြီးရှူရင် ဝက်ရူးနာတတ်တဲ့ဝေဒနာ သက်သာပျောက်ကင်းစေပါတယ်။ အအေးမိနှာစေးပြီး နှာရည်တရွှဲရွှဲနဲ့ မွှန်ထူနေတဲ့ ဝေဒနာခံစားနေရရင် မုန်ညင်းနီစေ့အမှုန့်နဲ့ ပျားရည်ကိုရောပြီး ရှူပေးရင် သက်သာ ပျောက်ကင်းစေပါတယ်။ နားနဲ့ပတ်သက်တဲ့ ဝေဒနာများဖြစ်ခဲ့ရင် တော့ မုန်ညင်းနီရဲ့ အဆီကို နားမှာ အနည်းငယ်မျှ ခတ်ပေးရုံနဲ့ သက်သာပျောက်ကင်းစေ ပါတယ်။ မုန်ညင်းနီနဲ့ပတ်သက်လို့ ဒဗ္ဗဂုဏဆေးကျမ်းမှာ “မုန်ညင်းနီဆီသည် ထက်၏၊ ပူ၏၊ စပ်၏၊ အားကိုဖြစ်စေ၏၊ ဝဲနာ၊ နူနာ၊ ကိုယ်ရောင်နာများကို ပျောက်ကင်းစေ၏”လို့ ရေးသားထားပါတယ်။ ဆေးအဘိဓာန်ကျမ်းမှာတော့ “ပူ၏၊ သလိပ်၊ သည်းခြေ ဒေါသကို ပယ်တတ်၏၊ ထက်မြက်၏၊ ဝမ်းမီးကို ပွားစေတတ်၏၊ ယားယံခြင်း၊ ကုဋ္ဌရောဂါရှိသူ၏ ဝမ်း၌တည်သောပိုးတို့ကို ပယ်နိုင်၏”လို့ ဖွင့်ဆိုထားပါတယ်။ မုန်ညင်းရွက်မှာပါဝင်တဲ့ အာဟာရ ဓာတ်များကို လေ့လာတဲ့အခါ “မြန်မာ့အစားအစာ၏ အာဟာရ” စာအုပ်အလို အရ မုန်ညင်းစားသုံးမှု ၁၀ဝ ဂရမ်မှာ အင်အားဓာတ်အနေနဲ့ ၂၄ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၄.၃ ဂရမ်၊ ထုံးဓာတ် ၁၆၀ မီလီဂရမ်အပြင် ဗီတာမင်အေ (၁၀ဝ၄) အင်တာ နေရှင်နယ် ယူနစ်ပါဝင်တာတွေ့ရပါတယ်။

ချစ်စွာသော စာရှုသူများရှင်-

          ယခုလမှာတော့ ရာသီစာ “မုန်ညင်းရွက်”ရဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြရင်း ယခုလရဲ့ မြန်မာ့အစားအစာနဲ့ အာဟာရအခန်းကို  ရေးသားတင်ပြလိုက်ရ ပါတယ်ရှင်။

Vol 6, No 11, November, 2017 Issue လထုတ် Food Magazine

Facebook Comments