‘မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ’ တိုင်းရင်းနွယ်ဘွား ဟင်းလျာများ

‘မြန်မာ့ရိုးရာအစားအစာနှင့်အာဟာရ’

တိုင်းရင်းနွယ်ဘွား ဟင်းလျာများ

ချစ်စွာသောစာရှုသူများရှင် –

            အခုလ မြန်မာ့အစားအစာနဲ့ အာဟာရအခန်းမှာတော့ ကျွန်မတို့ရဲ့ ညီနောင်နွယ်ဘွား မြန်မာတိုင်းရင်း သားထဲက ‘အင်းသား’ ရိုးရာဟင်းလျာများအကြောင်းကို တင်ပြဖို့ စီစဉ်ထားပါတယ်။

            ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသက အင်းသားတို့ရဲ့ ရိုးရာဟင်းတစ်မျိုးဖြစ်တဲ့ ‘အင်းသားပဲလုံး ဆေးခါး’ ဟင်းချက်ပြုတ်နည်းများအကြောင်းကို တင်ပြအစီရင်ခံလိုပါတယ်။

            ဆေးခါးဆိုလို့ ဆေးခါးခါးကြီးများလားလို့ သံသယဝင်စရာ ရှိပါတယ်။ တကယ်တော့ ဆေးခါးလို့ခေါ်တဲ့ ဆေးဖက်ဝင်အပင်ရဲ့ ပဉ္စငါးပါးကို လေသလပ်ခံ အခြောက်လှန်းပြီး မှုန့်နေအောင်ကြိတ်ထားတဲ့ ဆေးခါးမှုန့်လေး ရောစွက်ပြီး ချက်ထားတဲ့ ပဲဟင်းချိုတစ်မျိုး ဖြစ်ပါတယ်။

            အင်းသားရိုးရာ ပဲလုံးဆေးခါးချက်မယ်ဆိုရင်တော့ ပဲထွန်လို့ခေါ်တဲ့ ဒေသထွက်ပဲတစ်မျိုး လိုအပ်ပါတယ်။ အင်းလေးဒေသမှာ ပဲထွန်ကို အသုံးများပေမယ့် ပဲထွန် မရှိတဲ့ဒေသတွမှော ပဲလွန်း၊ ကုလားပဲ၊ အာလူး၊ ရွှေဖရုံသီး စတဲ့အသီးအနှံများနဲ့ ချက်ပြုတ်သုံးဆောင်နိုင်ကြပါတယ်။ ပဲထွန်ဆိုတာကတော့ ပဲလွန်းစေ့အရွယ်ဖြစ်ပြီး ပဲလွန်းစေ့လို အညိုရောင်ပေါ်မှာ အကြားလေးတွေ ပါရှိပါတယ်။

            ပထမဆုံးအသုံးပြုပေမယ့် ပဲတစ်မျိုးမျိုးကို အိုးတစ်လုံးထဲမှာထည့် ရေစင်အောင်ဆေးပြီး ရေများများနဲ့ ပဲနူးပြီး ပွလာတဲ့အထိပြုတ်ရပါမယ်။ ပဲပြုတ်တဲ့အခါ အပြုတ်နာပြီး ပဲနူးလာလေ ဟင်းရဲ့အရသာကောင်းလေမို့ ပဲအပြုတ်နာဖို့ လိုအပ်လှပါတယ်။ ပဲပြုတ်ထားတဲ့အိုးထဲမှာ ပဲနူးပြီးပွနေသလို ပဲပြုတ်ရေဟာလည်း ဟင်းချို တစ်အိုးစာ သင့်သလောက်ရှိနေဖို့ လိုအပ်ပါတယ်။ ပဲနူးနေပြီဆိုတော့မှ ချင်းကိုအခွံနွှာပြီး ခပ်များများလေး ထောင်းထည့်ရပါမယ်။ အင်းလေးဒေသမှာတော့ ငါးပိ သုံးလေ့မရှိတာမို့ ဟင်းအချိုလေးပင်အောင် ဟင်းချိုတစ်အိုးကို ပဲပုပ်တစ်ချပ်လောက် ဟင်းခတ်အနေနဲ့ ထည့်ပေးရပါတယ်။

            တချို့ကတော့ ပဲပုပ်အပြင် ဆီးဖြူသီးတစ်လုံးလောက်ကို အလုံးလိုက်ထည့်ချက်ကြပါတယ်။ ဆီးဖြူသီး ထည့်ချက်တဲ့ဆေးခါးဟင်းက အချိုပိုလေးတယ်လို့ ဆိုကြပါတယ်။ အဆာတွေ စုံအောင်ထည့်ပြီးရင်တော့ ဟင်းတစ်အိုးကို ဆေးခါးမှုန့်လေး မန်ကျည်းစေ့လောက် ထည့်ခပ်ပေးရပါမယ်။ ဒီအခါမှာတော့ ချင်းနံ့လေးသင်းပြီး အရသာချိုဆိမ့်ဆိမ့်၊ သက်တက်တက်လေးနဲ့ ခံတွင်းတွေ့ ထမင်းမြိန်စေတဲ့ အင်းသားပဲလုံးဟင်းခါး တစ်အိုး ပူပူနွေးနွေးကို ရရှိပြီဖြစ်ပါတယ်။ ‘တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း’ ဆိုသလို ဒေသအစားအစာလေးတွေ စားရတာ အထူးအဆန်းလည်းဖြစ်၊ စားလို့လည်းကောင်းတာမို့ အချိန်မရွေး ချက်ပြုတ် သုံးဆောင်နိုင်အောင် အင်းလေးဒေသက ဆေးခါးဟင်းချက်နည်းကို စာရှုသူများ ဗဟုသုတဖြစ်စေဖို့ တင်ပြရခြင်းဖြစ်ပါတယ်။

            ပဲလုံးဆေးခါးအပြင် ဆန်လှော်ဆေးခါးလည်း ချက်စားနိုင်ပါတယ်။ ဆန်လှော်ဆေးခါး ချက်ရင်တော့ ဆန်အစိမ်းကို ရေဆေး နေလှမ်းပြီး လှော်ကာ ဆန်ကွဲအနေဖြစ်အောင် ထောင်းရပါမယ်။ ပဲလုံးဆေးခါးမှာ ရေနဲ့ပဲကို ပြုတ်သလို ဆန်လှော်ဆေးခါးမှာတော့ ငါးရံ့ ခေါင်းနဲ့ ရေကို ပြုတ်ရပါမယ်။ အဲဒီနောက်’ချင်း’ ထောင်း ထည့်ပြီးလို့ ဒန့်သလွန်ရွက်လေးပါ ခပ်နိုင်ပါတယ်။ ဆေးခါးကိုတော့ အခါးဒဏ် ခံနိုင်ရုံသင့်သလောက်ထည့်ပြီး ချိုချိုမွှေးမွှေး ဆန်လှော်ဆေးခါး ဟင်းတစ်ခွက်ကို အရသာရှိရှိ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

            ဆေးခါးဟင်းချိုဟာ ဆီလုံးဝမပါတာမို့ ဆီလျှော့စားရာရောက်တဲ့အပြင် ဆေးခါးမှုန့်ခတ်ထားတာမို့ ဆေးဖက်လည်း ဝင်လှပါတယ်။ ဆေးခါးမှုန့်ပါတာမို့ အခါးဓာတ်က လေကိုနိုင်ပြီး အစာကို ကြေစေပါတယ်။

            ဆေးခါးမှုန့်နဲ့ ပျားရည်ကို ရောပြီးသောက်ရင် ငှက်ဖျားရောဂါ ပျောက်ကင်းစေပါတယ်။

            ပဲထွန်၊ ကုလားပဲ၊ ပဲလွန်းစတဲ့ ပဲများနဲ့ချက်တဲ့ ဆေး ခါးဟင်းထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ပဲလုံးဆေးခါး ဟင်းစားသုံးမှု (၁ဝဝ) ဂရမ်မှာ အင်အားဓာတ် (၃၄ဝ) ကီလိုကယ်လိုရီ၊ ကစီဓာတ် (၆၁) ဂရမ်နဲ့ ပရိုတင်း (၂၄.၆) ဂရမ် ပါဝင်တာတွေ့ရပါတယ်။

စာရှုသူများရှင် –

            အခုတစ်ပတ်မှာတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသား သွေးချင်းများရဲ့ ရိုးရာစားစရာများဖြစ်တဲ့ ကယားတိုင်းရင်းသားများရဲ့ အင်းလေးဒေသက ‘အင်းသားပဲလုံး ဆေးခါးဟင်း’များရဲ့ အာဟာရတန်ဖိုးများ အကြောင်း တင်ပြအစီရင်ခံရင်း မြန်မာ့အစားအစာနဲ့ အာဟာရအခန်းကို ဒီတင်ပဲ ရပ်နားခွင့်ပြုပါရှင်။

ဆန်းဆန်းဦး

(မြန်မာ့အသံ)

Facebook Comments