“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ” မုန့်လုံးကြီးကြော်နှင့် မုန့်လုံးကြီးအုန်းနို့ဆမ်း

“မြန်မာ့ရိုးရာအစားအစာနှင့် အာဟာရ”

မုန့်လုံးကြီးကြော်နှင့် မုန့်လုံးကြီးအုန်းနို့ဆမ်း

☺ ချစ်စွာသောစာရှုသူများရှင် –

            အစာနဲ့အာဟာရအခန်းကနေ ရာသီအလိုက်ပေါ် ထွက်လာတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ ရာသီစာဟင်းလျာများ၊ မြန်မာ့မုန့်ပဲသရေစာများအကြောင်းကို တစ်လနဲ့တစ်လ မအီ မထပ်ရလေအောင် စီစဉ် တင်ဆက်ပေးနေတာ စာရှုသူများ အသိပဲဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ ‘မုန့်လုံးကြီးကြော်နဲ့ မုန့်လုံးကြီး အုန်းနို့ဆမ်း’ ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို တင်ပြဖို့စီစဉ်ထားပါတယ်။

            ပထမဆုံး ‘မုန့်လုံးကြီးကြော်’ ပြုလုပ်စားသုံးပုံများကို တင်ပြမှာဖြစ်ပါတယ်။ မုန့်လုံးကြီးကြော်လုပ်မယ်ဆိုရင်တော့…

♦   ကောက်ညှင်းဆန်   –   တစ်ပြည်

♦   ငစိန်ဆန်   –   နို့ဆီဘူး ၂ လုံး

♦   သကြား   –   ၆ဝ ကျပ်သား၊

♦   အုန်းသီး –   ၂ လုံး

♦   ဆီ   –   ၅ဝ သား လိုအပ်ပါတယ်။

            လိုအပ်တဲ့အဆာတွေစုံပြီဆိုရင်တော့ ပထမဆုံး ကောက်ညှင်းဆန်နဲ့ ဆန်ကြမ်းကို ရေဆေးပြီး တစ်ည ရေစိမ်ကာ ကြိတ်ဆုံနဲ့ကြိတ်ရပါမယ်။ ကြိတ်လို့ရတဲ့ မုန့်နှစ်ရည်တွေကို အဝတ်အိတ်သန့်သန့်ထဲမှာ ထည့်ပြီး အပေါ်ကနေ ကျောက်ပျဉ် ဒါမှမဟုတ် ငရုတ်ဆုံ စတဲ့အလေးအပင်များနဲ့ ဖိထားရပါမယ်။ အဲဒီလိုဖိထား လို့ရလာတဲ့ မုန့်နှစ်တွေကို အစေးပေါက်အောင် နယ်ထားရပါမယ်။

            အုန်းသီးနှစ်လုံးကို အခွံခွာ၊ ထက်ခြမ်းခွဲပြီး အသားတွေကို အရှည်လိုက်လေးတွေရအောင် ခြစ်ယူထား ရပါမယ်။ သကြားတွေကို ညောင်စေးပေါက်အောင် ကျိုပြီး အုန်းသီးဌာပနာအတွက် အုန်းယိုကျိုထားရပါမယ်။

            အုန်းယိုအဆင်သင့်ဖြစ်ပြီဆိုရင်တော့ စောစောက အသင့်နယ်ထားတဲ့မုန့်နှစ်တွေကို ကြိုက်နှစ်သက်တဲ့ အရွယ်လုံးပြီး အထဲမှာ အုန်းယိုကို ဌာပနာကာ ပြန်ပိတ်ထားရပါမယ်။ အဲဒီနောက် ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကျက်တဲ့အခါ မုန့်လုံးတွေကိုထည့်ကာ ကြော်ရပါမယ်။

            မုန့်လုံးတွေ အနီရောင်သမ်းလာပြီး ကြွပ်လာပြီး အရောင်လေးတွေနီလာပြီဆိုရင်တော့ အိုးထဲက ဆယ်ယူကာ ချိုဆိမ့်မွှေးနေတဲ့ မုန့်လုံးကြီးကြော်တစ်ပွဲကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

            မုန့်လုံးကြီးကြော်ကိုတော့ ကလေးကော လူကြီးပါမကျန် စားဖူးသူတိုင်း စွဲမက်နှစ်သက်ကြပါတယ်။ နံနက်အစောစာအဖြစ် လက်ဖက်ရည်၊ ကော်ဖီတို့နဲ့ မြည်းနိုင်သလို နေ့လယ်၊ နေ့ခင်း အဆာပြည် ရေနွေးကြမ်းနဲ့လည်း တွဲဖက်သုံးဆောင်နိုင်တဲ့ မြန်မာ့ရိုးရာ သရေစာမုန့်တစ်မျိုးဖြစ်ပါတယ်။

            မုန့်လုံးကြီးကြော်ကို သကြားနဲ့ အုန်းသီးဌာပနာပြီး ပြုလုပ်နိုင်သလို သကြားအစား ထန်းလျက်ထည့်ပြီး တော့လည်း ပြုလုပ်သုံးဆောင်နိုင်ပါတယ်ရှင်။ ဒူးရင်းသီးနံ့လေးရချင်တယ်ဆိုရင်တော့ အုန်းယိုဌာပနာထဲမှာ ဒူးရင်းယိုလေးကိုပါထည့်ပြီး ပြုလုပ်သုံးဆောင်နိုင်ကြပါတယ်။ ဒီအခါမှာတော့ အနံ့ကော အရသာပါ ပြည့်စုံကောင်းမွန်လှတဲ့ ‘မုန့်လုံးကြီးကြော်’ ကို ရရှိမှာ ဖြစ်ပါတယ်။

            မုန့်လုံးကြီးကြော် ပြုလုပ်စားသုံးပုံများအကြောင်း တင်ပြလို့အပြီးမှာ ‘မုန့်လုံးကြီး အုန်းနို့ဆမ်း’ ပြုလုပ်စား သုံးပုံများအကြောင်းကို တင်ပြမှာဖြစ်ပါတယ်။

            မုန့်လုံးကြီးအုန်းနို့ဆမ်းဆိုတာကတော့ မုန့်လုံးကြီးအုန်းနို့ဆမ်းပြီး စားသုံးကြတာမို့ မုန့်လုံးကြီးအုန်းနို့ဆမ်း လို့ ခေါ်ဆိုကြဟန်တူပါတယ်။

            မုန့်လုံးကြီးအုန်းနို့ဆမ်း လုပ်မယ်ဆိုရင်တော့…

♦   ကောက်ညှင်းဆန်     –           တစ်ပြည်

♦ ငစိန်ဆန်   –   နို့ဆီဘူး ၂ လုံး

♦  အုန်းသီး   –   နှစ်လုံး

♦   သကြား   –   ၄ဝ သား

♦   ဆား   – အနည်းငယ် လိုအပ်ပါတယ်။

            လိုအပ်တဲ့အဆာတွေ စုံပြီဆိုရင်တော့ ပထမဆုံး ကောက်ညှင်းဆန်နဲ့ ငစိန်ဆန်တွေကို ရေစိမ်ပြီး ကြိတ်ဆုံနဲ့ ကြိတ်ရပါမယ်။ ပြီးရင်တော့ ရေစစ်သွားအောင် မုန့်နှစ်ရည်တွေကို အလေးအပင်တစ်ခုခုနဲ့ဖိကာ ရေစစ်ထားရပါမယ်။ ရေစစ်သွားတဲ့မုန့်နှစ်တွေကိုမှ တစ်ခါ ဆားလေး သင့်ရုံထည့်လို့ မုန့်သားတွေ စေးသွားအောင် နယ်ထားရပါမယ်။ အဲဒီလို မုန့်ကိုနယ်တာကို မုန့်နှဲတယ် လို့ခေါ်ပါတယ်။

            အဲဒီလိုစေးနေအောင် နယ်ထားတဲ့ မုန့်နှစ်တွေကို မှ ကြက်ဥလုံးလောက် အရွယ်လေးတွေရအောင်လုံးပြီး ရေနွေးပွက်ပွက်ဆူထဲမှာ ပြုတ်ရပါမယ်။ မုန့်တွေကျက်တဲ့အခါ ရေနွေးထဲက ဆယ်ယူကာ ရေစစ်ထားရပါမယ်။

            အုန်းသီး ၂ လုံးကို အခွံနွှာ၊ ခြစ်နဲ့ခြစ်ပြီး အုန်းနို့ ရည်ညှစ်ထားရပါမယ်။ အဲဒီနောက် အုန်းနို့ရည်နဲ့ သကြား (၄ဝ)သားကို ရောကာကျိုရပါမယ်။ ပြီးရင်တော့ စော စောကပြုတ်ထားတဲ့ မုန့်လုံးကြီးတွေကို အုန်းနို့နဲ့ သကြားရောကျိုထားတဲ့ထဲမှာ ထည့်ပြီး စိမ်ထားရပါမယ်။ စား သုံးလိုတဲ့အခါ မုန့်လုံးကြီးကို ပန်းကန်ထဲထည့်ပြီး ထိပ်ကနေ ကတ်ကြေးလေးနဲ့ ကန့်လန့်ကာ ဖြတ်ညှပ်ပြီး အုန်းနို့ရည်ဆမ်းကာ စိတ်တိုင်းကျ သုံးဆောင်နိုင်ကြ ပြီဖြစ်ပါတယ်။

            အုန်းနို့စိမ်ထားတာမို့ မုန့်လုံးကြီးထဲမှာ အချိုအဆန်တဲ့အခါ မုန့်လုံးကြီးကို ပန်းကန်ထဲထည့်ပြီး ထိပ်ကနေ ကတ်ကြေးလေးနဲ့ ကန့်လန့်ကာဖြတ်ညှပ်ပြီး အုန်းနို့ရည်ဆမ်းကာ စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။

            အုန်းနို့စိမ်ထားတာမို့ မုန့်လုံးကြီးထဲမှာ အချိုအဆိမ့် အရသာလေးတွေ ဝင်နေတဲ့အပြင်၊ အုန်းနို့ကိုပါ အပေါ်က ထပ်ပြီးဆမ်းလိုက်တာမို့ အိအိထွေးထွေး ချိုချိုဆိမ့်ဆိမ့်လေးနဲ့ မုန့်လုံးကြီးအုန်းနို့ဆမ်းကို စားဖူးသူတိုင်း နှစ်သက်ကြပါတယ်။

            မုန့်လုံးကြီးအုန်းနို့ဆမ်းလုပ်တဲ့အခါ တချို့ကတော့ မုန့်လုံးထဲမှာ အုန်းသီး၊ သကြား ဌာပနာကိုထည့်ပြီးမှ ပြုတ်ကြတာလည်းရှိပါတယ်။ အဲဒီလိုဌာပနာထည့်ပြီးမှ ပြုတ်ထားတဲ့ မုန့်လုံးကြီးကို ဆီပြန်နေအောင်ချက်ထားတဲ့ အုန်းနို့ဆမ်းပြီး စားလေ့ရှိကြပါတယ်။

            မုန့်လုံးကြီးကြော် ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းသလို မုန့်လုံးကြီးအုန်းနို့ဆမ်းကတော့ အိအိထွေးထွေး ပျော့ပျော့ပြောင်းပြောင်းလေးနဲ့ စားရတာ အရသာရှိလှပါတယ်။ ကြွပ်ကြွပ်ရွရွ မွမွလေးစားချင်သူတွေက မုန့်လုံးကြီးကြော်ကို နှစ်သက်ကြသလို ပျော့ပျော့ပြောင်းပြောင်း အိအိထွေးထွေးလေးကိုမှ နှစ်သက်သူတွေကတော့ ‘မုန့်လုံးကြီးအုန်းနို့ဆမ်း’ ကို ခုံမင်နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါတယ်။ တချို့ကတော့လည်း မုန့်လုံးကြီးကြော်ကိုကော မုန့်လုံးကြီးအုန်းနို့ဆမ်းကိုပါ မြတ်မြတ်နိုးနိုး စားသုံးကြပါတယ်။

            မုန့်လုံးကြီးကြော်ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ် တွေကို လေ့လာတဲ့အခါ မုန့်လုံးကြီးကြော်စားသုံးမှု (၁ဝဝ) ဂရမ်မှာ အင်အားဓာတ် (၃၅၈) ကီလိုကယ်လိုရီ၊ ကစီဓာတ် (၇ဝ.၁)ဂရမ်၊ အဆီဓာတ် (၆.၉)ဂရမ်နဲ့

ပရိုတင်းဓာတ် (၅.၄)ဂရမ် ပါဝင်တာတွေ့ရပါတယ်။ မုန့်လုံးကြီးအုန်းနို့ဆမ်း စားသုံးမှု (၁ဝဝ)ဂရမ်မှာ အင်အာဓာတ် (၂၅၇)ကီလိုကယ်လိုရီ၊ ကစီဓာတ် (၄၉.၉)ဂရမ်၊ အဆီဓာတ် (၄.၃)ဂရမ်နဲ့ ပရိုတင်းဓာတ် (၄.၈) ဂရမ်ပါ ဝင်တာတွေ့ရပါတယ်။

☺ စာရှုသူများရှင်-

            အခုတစ်ပတ်မှာတော့ ‘မုန့်လုံးကြီးကြော်နဲ့ မုန့်လုံးကြီးအုန်းနို့ဆမ်း’ ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြအစီရင်ခံရင်း အစာနဲ့အာဟာရ အခန်းကို ဒီတင်ပဲ ရပ်နားခွင့်ပြုပါရှင်။

ဆန်းဆန်းဦး

(မြန်မာ့အသံ)

Facebook Comments