ပြုံးပြပျော်ရွှင် ချက်စေချင်

by နန်းစန်းစန်းအေး (အဓိပတိ- ဖြူး) for Food Magazine

          ဖေဖော်ဝါရီလမှာတော့  ဆရာမနန်းစန်းစန်းအေးက “ဝက်သုံးထပ်သားကြက်ဟင်းခါးသီးကြော်” အပါအဝင်  ဟင်းလျာအတွဲအစပ် (၇)မျိုးကို  စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာ အတွဲအစပ်များကတော့ –

၁။       ချောင်းငါးကြင်းရေချို၊ ဝက်သုံးထပ်သား ကြက် ဟင်းခါးသီးကြော်၊ အောင်မဲညိုဟင်းရည်၊ ဂွေးသီး ငါးပိချက်၊ တို့စရာ။

၂။       ဆိတ်ကလီစာမန်ကျည်းမှည့်ချက်၊ ဖရုံသီးနှပ်၊ ဟင်း နုနယ်ဟင်းရည်၊ ငရုတ်သီး အစိမ်းထောင်း။

၃။       ကြက်အသည်းအမြစ်အာလူး၊ ဒန့်သလွန်သီးစုံ အချဉ်ဟင်း၊ မုန်လာဥသုပ်၊ ပုစွန်ခြောက် ငါးပိကြော်။

၎။       ဘဲသားမှိုပေါင်း၊ တရုတ်ကန်စွန်းချဉ်စပ်ကြော်၊ ပြောင်းဖူးပဲပင်ပေါက်ဟင်းရည်၊ ပူဒီနာငါးပိထောင်း။

၅။       အမဲသားအကြောဆီပြန်၊ ငါးချဉ်သုပ်၊ ကြက်ရိုးစပါးလင်ဟင်းရည်၊ ငရုတ်သီးအညာထောင်း။

၆။       ကြက်ဥကြော်ခရမ်းချဉ်သီးချက်၊ အာလူးကြာဆံဟင်းရည်၊ ကျောက်ပွင့်သုပ်၊ ပုစွန်ခြောက်ငါးပိကြော်။

၇။       ငါးခြောက်ခရမ်းသီးချက်၊ ဝက်ခေါက်သုပ်၊ ပဲနီလေးဟင်းချို၊ ကြက်သွန်ဖြူငရုတ်သီးထောင်း။

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ချောင်းငါးကြင်းရေချို၊ ဝက်သုံးထပ်သားကြက်ဟင်းခါးသီး

ကြော်၊ အောင်မဲညိုဟင်းရည်၊ ဂွေးသီးငါးပိချက်၊ တို့စရာတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

ပြုံးပြပျော်ရွှင် ချက်စေချင်

          “ခုနက ထမင်းလာစားသွားတာ လေဆိပ်နားက ဟိုတယ်ပိုင်ရှင်လို့ ပြောနေပါလား”

          “ဟုတ်တယ်လေ၊ သူ့ကတ်တောင်ပေးသွားသေးတယ်”

          “မမကို သူ့ဟိုတယ်မှာ ထမင်းလာရောင်းလို့ ပြောနေပါလား”

          “အေးလေ… ဘာဖြစ်လဲ၊ လာရောင်းချင်တယ်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်လို့တို့ ဘာတို့ ပြောလွှတ်လိုက်တယ်လေ”

          “တကယ်ဆိုရင်ရော မမက ရောင်းမှာလား”

          “သူများပြောစကား ချင့်ယုံပါညီမရယ်။ ဘယ်သူက တကယ်ခေါ်မလဲ။ မိတ်ဖြစ်ဆွေဖြစ် အပြောလေးတွေပေါ့။ တချို့ဆို စင်ကာပူတို့ ဘာတို့ကို လိုက်ရောင်းမလား။ စားသုံးသူအင်အားက ဘယ်လောက်ရှိတယ်။ ဘာညာတွေလည်း ရှိသေးတယ်”

          “အဲဒီလိုတွေကိုရော ဘယ်လိုပြန်ပြောလဲ”

          “လိုက်ချင်တယ်၊ လိုက်ချင်တယ်။ ဒီမှာက လက် လွှတ်လို့မရလို့ပါလို့ ပြောလိုက်တယ်”

          “အလုပ်တွေ စနားတော့ရော မမကို ထမင်းဆိုင်လေး စလုပ်ပေးပါဦးတို့ ဘာတို့ လည်း လာသေးတယ်နော်”

          “အဲဒါကတော့ မမမှာရှိတဲ့ အလုပ်သမားနဲ့ ကျကျနန အလုပ်ဖြစ်အောင်ကို လုပ်ပေးမလို့ဘဲ။ ဒါပေမဲ့ သူတို့က မမတစ်ယောက်တည်းကိုပဲ ခေါ်ချင်တယ်ဆိုတော့ အဆင်မပြေပြန်ဘူး”

          “မလုပ်ရ မနေနိုင်တော့ ကိုယ့်ဆိုင်ကို ဖွင့်ရောင်းလိုက်ရောလား”

          “ဒါပေါ့၊ ကိုယ့်ဆိုင်မှာ ကိုယ်က ဆရာကြီး။ ကိုယ့်ဆီ ဦးတည်ပြီးလာတဲ့သူတွေကို လှိုက်လှိုက်လှဲလှဲ ပြုံးပြရတာ အရသာရှိလိုက်တာမှ ဘာနဲ့မှကို မလဲနိုင်ဘူး”

          “ငယ်ငယ်တုန်းကလို ရယ်ရ၊ ပြုံးရ ပါးညောင်းတယ်လို့ မပြောတော့ဘူးပေါ့”

          “ကြီးတွေနဲ့ငယ်တွေ မတူတော့တာလေ။ ငယ်တုန်းက မကြိုက်တာတွေ အခုကြိုက်လာပြီ။ ဥပမာ- ကြက်ဟင်းခါးသီး”

          “ဒါဆို ဒီနေ့ချက်မယ့်အထဲပါတဲ့အသီးနေမယ်”

          “ဟုတ်တယ်။ ချောင်းငါးကြင်းရေချို၊ ဝက်သုံး ထပ်သား ကြက်ဟင်းခါးသီးကြော်၊ ဂွေးသီးငါးပိချက်၊ အောင်မဲညိုဟင်းရည်၊ ခြံထဲမှာစိုက်ထားတဲ့ အတို့အမြုပ် အစုံနဲ့ဆို အဆင်ပြေပြီ”

          ကဲ… ချက်လိုက်ကြစို့။ ချောင်းငါးကြင်းတစ်ပိုင်း

၂၀ ကျပ်သား၊ ကြေးထိုးသန့်စင်ပြီး အနေတော်တုံးမယ်။ ငါးထဲ အရသာဝင်အောင် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ အရသာ ဇွန်းသုံးပုံတစ်ပုံ၊ ငါးငံပြာရည် စတီးဇွန်းကြီး ၁ ဇွန်း၊ နနွင်းမှုန့် မန်ကျည်းစေ့လောက် ပေါင်းထည့်ပြီး နယ်ထားမယ်။ ချက်မယ့်အိုးထဲ ဆီ ၂ ကျပ်ခွဲသား၊ ကြက်သွန်နီ ၁ ဥ၊ စပါးလင် အရင်းပိုင်းတစ်ထွာ ပါးပါးလှီးပြီး ညက်အောင်ထောင်းထားတာတွေ အားလုံး ထည့်ချက် မယ်။ ကြက်သွန်ကြည်ရောင်ပေါက်လာရင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ၂ လုံး၊ ငရုတ်ပွ ၃ တောင့် ထောင်းထား တာတွေ ပေါင်းထည့်မယ်။ ရေခန်းပြီး ဆီသံဖျစ်ဖျစ်မြည် လာရင် ငါးတုံးတွေ ထည့်မွှေပေးမယ်။ ငါးထဲပါတဲ့ အရည် ခန်းရင် ရေ ၁၀ ကျပ်သား တစ်ခွက်ဖြည့်၊ အဖုံးအုပ်ပြီး ၃ မိနစ် ထပ်ပွက်ဆူစေမယ်။ ပင်စိမ်း၊ နံနံပင်၊ စပါးလင် ၁ တုံးဖြည့်ထည့်ပြီး အရသာမြည်းပြီးရင်တော့ ငါးကြင်းရေချိုဟင်း ရပါပြီ။

          ဝက်သုံးထပ်သား ၁၀ ကျပ်သား ပါးနိုင်သမျှ ပါးပါးလှီးပြီး ဆား၊ အရသာ အနည်းငယ်စီ ထည့်နယ်မယ်။ ကြက်ဟင်းခါးသီးတစ်ထွာလောက် ၁ လုံးကိုလည်း အနေတော်လှီးပြီး ရေဆေးထားမယ်။ ကြော်မယ့်အိုးထဲ ဆီ ၃ ကျပ်သားထည့်ပြီး ကြက်သွန်ဖြူ ၅ မြွှာကို ဓားပြား ရိုက်ထည့်ကြော်မယ်။ ကြက်သွန်ဖြူ အနံ့မွှေးလာရင် ဝက်သုံးထပ်သားတွေ ထည့်မယ်။ ဝက်သားထဲပါတဲ့ အရည်ခန်းပြီး လိပ်လာရင် ရေ ၅ ကျပ်သားတစ်ခွက်ထည့်ပြီး ဝက်သားဖတ်တွေ နူးနပ်သွားအောင် အဖုံးအုပ်တည်မယ်။ မီးအရှိန်မြှင့်ပြီး ဆီပြန်လာရင် ကြက်ဟင်းခါးသီးထည့်မယ်။ ၃ မိနစ် ဆက်ကြော်မယ်။ လိုအပ်တဲ့အရသာ ထပ်ဖြည့်ပြီးရင် အိုးချလို့ ရပါပြီ။ အီဆိမ့်ခါးသက်တဲ့အရသာနဲ့ ကြက်ဟင်းခါးသီးကြော်ပါ။

          အောင်မဲညိုဟင်းရည်အတွက် ကြက်ရိုးပြုတ်ရည် ၁ လီတာဝက်၊ ဆား အရသာ အနည်းငယ်စီ၊ ကြက်သွန် ဖြူ/နီ ၁ ဥစီကို ပွက်ဆူအောင် တည်ပြီး စားခါနီးရင် အောင်မဲညိုအညွန့်အပွင့်လေးတွေ ခတ်ရုံပါပဲ။ ဆေးဖက် ဝင်တဲ့ ခရမ်းရောင် အရည်သောက် ဟင်းတစ်ခွက်ပါ။

          ဂွေးသီးငါးပိချက်အတွက် ဂွေးသီး ၂ လုံးကို ရေစင် အောင်ဆေးပြီး အခွံပါ ကြေညက်သွားအောင် ကြိတ်စက်နဲ့ ကြိတ်ထားမယ်။ ချက်မယ့်အိုးထဲ ဆီ စတီးဇွန်းကြီး ၁ ဇွန်းထည့်၊ ကြက်သွန်နီတစ်ခြမ်း နုပ်နုပ်စဉ်းထည့်ကြော်မယ်။ အနံ့မွှေးလာရင် ထောင်းထားတဲ့ ငရုတ်သီးမှည့် ၁၅ တောင့်၊ ပုစွန်ခြောက်မှုန့် လက်တစ်ဆုပ်ပေါင်းထည့်ပြီး မွှေမယ်။ မီးအရှိန်လျှော့ပြီး ဂွေးသီးထောင်း ကျိုထားတဲ့ ရေကျိုငါးပိ ၁၀ ကျပ်သား ခွက်တစ်ခွက် ထည့်မယ်။ ပွက်ပွက်ဆူလာရင် အရသာအငန်၊ အစပ်အနေတော်ဖြစ်အောင် မြည်းလိုက်ပါ။ ထမင်းမြိန်စေတဲ့ ဂွေးသီးငါးပိချက် ရပါပြီ။

          အထိုက်အလိုက် စကားကြွယ်ရင်း ချက်ဖြစ်တဲ့ ဒီတစ်လအတွက် ဟင်းအတွဲအစပ်ပါ။ စိတ်ဝင်စားရင် ချက်ကြည့်ပါ။

နန်းစန်းစန်းအေး

၁၁၀/၅ ဖာလုံ၊ အမြန်လမ်း၊ ဖြူးမြို့။

 

ချောင်းငါးကြင်းရေချို

ချောင်းငါးကြင်း  –  ၂၀ ကျပ်သား

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

အရသာမှုန့်  –  ၁/၃ ဇွန်း

ငါးငံပြာရည်  –  စတီးဇွန်းကြီး ၁ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ဆီ  –  ၂  ၁/၂ ကျပ်သား

ကြက်သွန်နီ  –  ၁ ဥ

စပါးလင်  –  ၁ ထွာ (အရင်းပိုင်း)

ခရမ်းချဉ်သီး  –  ၂ လုံး

ငရုတ်သီးပွ  –  ၃ တောင့်

ရေ  –  ၁၀ ကျပ်သား

ဝက်သုံးထပ်သားကြက်ဟင်းခါးသီးကြော်

ဝက်သုံးထပ်သား  –  ၁၀ ကျပ်သား

ကြက်ဟင်းခါးသီး  –  ၁ ထွာ

ဆီ  –  ၃ ကျပ်သား

ကြက်သွန်ဖြူ  –  ၅ မြွှာ

ရေ  –  ၅ ကျပ်သား (၁ ခွက်)

ဆား/အရသာမှုန့်  –  အနည်းငယ်စီ

အောင်မဲညိုဟင်းရည်

ကြက်ရိုးပြုတ်ရည်  –  ၁ လီတာ

ဆား  –  အနည်းငယ်

ကြက်သွန်ဖြူ/နီ  –  ၁ ဥစီ

အောင်မဲညိုအပွင့်  –  အနည်းငယ်

Facebook Comments

Menu